spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

NCA လမ်းကြောင်းက တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးကို အကောင်အထည် မဖော်နိုင်ဘူးလို့ KNPP ဆို

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ စစ်ကောင်စီ ဖိတ်ခေါ်နေပေမဲ့ စစ်ကောင်စီက အကောင်ထည်ဖော်နေတဲ့ NCA လမ်းကြောင်းက တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးကို အကောင်အထည် မဖော်နိုင်ဘူးလို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) အတွင်းရေးမှူး – ၁ ဦးအောင်ဆန်းမြင့်က ပြောဆိုပါတယ်။

“၈ ကြိမ်မြောက် NCA အခမ်းအနားကလည်း ကြည့်လိုက်ပါ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း တော်တော်များများကလည်း မတက်ရောက်ကြတော့ဘူး။ NCA ထိုးထားတဲ့ ၁၀ ဖွဲ့မှာတောင်မှ ပြောမယ်ဆိုရင် ၅ ဖွဲ့လောက်ပါပဲ၊ ၂ ဖွဲ့လောက်ကလည်း ပါလာလိုက် လုပ်လိုက် ပြန်နားလိုက် အဲ့လိုမျိုးရှိတယ်။ ဒါတွေကလည်း NCA ရဲ့ အကောင်အထည်ဖော်မှုအပေါ် သူတို့ထိုးထားတဲ့သူကိုယ်၌က သိပါတယ်။ သွားတက်လို့ရှိရင်လည်း နိုင်ငံတကာကိုပဲ တိုင်းပြည်ရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးကို အကြမ်းဖက်စစ်ကောင်စီကနေပြီးမှ အကောင်အထည်ဖော်နေပါပြီဆိုပြီးတော့မှ နိုင်ငံတကာကို လှည့်ဖြားဖို့ပါပဲ။ နိုင်ငံတကာရဲ့ဖိအားတွေကို လျော့ကျအောင်လုပ်တဲ့သဘောပါပဲ။ဒီအခမ်းအနားကနေ ဘာမှ နိုင်ငံရေးသဘောတူညီချက်လည်း ရလာမှာမဟုတ်ဘူးပေါ့နော။”လို့ ဦးအောင်ဆန်းမြင့် က ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၆ ရက်နေ့က ကျင်းပပြုလုပ်သွားတဲ့ ၈ ကြိမ်မြောက် NCA နှစ်ပတ်လည်နေ့ အခမ်းအနားမှာ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိန့်ခွန်းမှာ NCA လက်မှတ်မရေးထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို တွေ့ဆုံညှိနှိုင်းရေး၊ ဆွေးနွေးပွဲတွေမှာ အရောက်လှမ်းခဲ့ဖို့ ဖိတ်ခေါ် ထားတာပါ။

“NCA မှာ လက်မှတ်မရေးထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကလည်း နိုင်ငံရေးဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူလူထုရဲ့ လူမှု၊ စီးပွား၊ ဘဝ တိုးတက်မြင့်မားစေရေးအတွက် ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကြီးတည်ဆောက်ရာမှာ ထဲထဲဝင်ဝင် ပါဝင်နိုင်ဖို့အတွက် တွေ့ဆုံညှိနှိုင်းရေး၊ ဆွေးနွေးပွဲများဆီကို အရောက်လှမ်းခဲ့ကြပါလို့ ဖိတ်ခေါ်ပြောကြားပါတယ်။”လို့ မိန့်ခွန်းမှာ ပြောထားပါတယ်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP အနေနဲ့ NCA အခမ်းအနားကို တက်ရောက်ဖို့ စစ်ကောင်စီရဲ့ ဖိတ်ကြားမှုကို အီးမေးလ်က တဆင့် လက်ခံရရှိခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံတကာကို လိမ်လည်လှည့်ဖြားပြီး ဖိအားပေးမှုတွေကနေ လျော့ကျသွားစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ကျင်းပတဲ့ အခမ်းအနားကို မတက်ရောက်နိုင်ဘူးလို့ KNPP က ပြောဆိုထားပါတယ်။ ဒါ့အပြင် ဟန်ပြ ဆွေးနွေးပွဲတွေကိုလည်း လက်ခံယုံကြည်ခြင်း မရှိဘူးလို့ KNPP ကတုန့်ပြန်ပါတယ်။

NCA သဘောတူညီစာချုပ်ကို လက်မှတ်ရေးထိုးတာ ၈ နှစ်ကြာရှိသွားပြီဖြစ်ပေမဲ့ တိုင်းရင်းသားတွေ လိုချင်တဲ့ အမျိုးသားတန်းတူရေး၊ တရားမျှတရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးကို အာမခံတဲ့ အကောင်အထည်ဖော်မှုမရှိသေးပါဘူး။

NCA မှာပါရှိတဲ့ ပစ်ခတ်တိုက်ခိုက်မှုကို စောင့်ကြည့်လေ့လာရေး၊ ပြည်သူလူထုတွေရဲ့ လုံခြုံရေးနဲ့ ကာကွယ်စောင့်ရှောက်ရေး၊ ဒေသဖွံ့ဖြိုးရေး တွေကို လိုက်နာအကောင်အထည်ဖော်မှုနဲ့ ကျင့်သုံးမှုတွေကို စောင့်ကြည့်ပေမယ့် စစ်ကောင်စီနေ လိုက်နာမှုရှိဘဲ ဖောက်ဖျက်တာတွေပဲ ရှိနေတယ်လို့ ဦးအောင်ဆန်းမြင့် က ပြောပါတယ်။

စစ်ကောင်စီဟာ NCA လက်မှတ်ရေးထိုးထားတဲ့ ဒေသအပါအဝင်၊ မထိုးထားတဲ့ဒေသတွေမှာ လူထုကို ဦးတည်ပြီး လေကြောင်းတိုက်ခိုက်မှု၊ မြေပြင်စစ်ဆင်ရေးတွေကို အကြီးအကျယ် ပြုလုပ်နေတာဟာ NCA ပါ အချက်အလက်တွေကို ဆန့်ကျင်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

ထာဝရငြိမ်းချမ်းရေးတည်ဆောက်နိုင်ဖို့အတွက် NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့အစည်းတွေကို NCA ပါ ကတိကဝတ်တွေကိုစောင့်ထိန်းကြဖို့၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု တာဝန်ခံမှုတွေကို အကောင်အထည်ဖော်ဖို့ စစ်ကောင်စီကတော့ ပြောဆိုထားပါတယ်။

စစ်ကောင်စီက NCA ကို အလေးထားဆောင်ရွက်ပေးသွားမယ်လို့ ပြောဆိုထားပေမဲ့ ၂၀၂၁ခုနှစ် အာဏာသိမ်းခြင်းဟာ NCA ကို ချိုးဖောက်လိုက်ခြင်းဖြစ်ပြီး၊ NCA ပါ ကတိကဝတ် ပျက်ပြယ်သွားပြီလို့ NCA လက်မှတ်ရေးထိုးထားတဲ့ ABSDF၊ CNF၊ KNU တို့က အောက်တိုဘာလ ၁၂ ရက်နေ့မှာ NCA နဲ့ပတ်သက်ပြီး ပူးတွဲသဘောထား ထုတ်ပြန်ထားပါတယ်။

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA ကို မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ကရင်အမျိုးသားအစည်းအရုံး KNU၊ ရှမ်းပြည်ပြန်လည်တည်ထောင်ရေးကောင်စီ RCSS/SSA၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP၊ ချင်းအမျိုးသားတပ်ဦး CNF၊ ကရင်အမျိုးသားအစည်းအရုံး ကရင်အမျိုးသားတပ်မတော် KNU/KNLA၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA၊ ပအိုဝ်း အမျိူးသားလွတ်မြောက်ရေးအဖွဲ့ PNLO၊ မွန်ပြည်သစ်ပါတီ NMSP နဲ့ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး LDU တို့က လက်မှတ်ရေးထိုးထားတာပါ။

၈ ကြိမ်မြောက် နှစ်ပတ်လည် NCA အခမ်းအနားကိုတော့ လက်မှတ်ရေးထိုးထားတဲ့အဖွဲ့ထဲက ၇ ဖွဲ့ တက်ရောက်ခဲ့ပြီး ABSDF ၊ KNU၊ CNF တို့ကတော့ တက်ရောက်ခြင်းမရှိပါဘူး။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)ဟာ NCA လက်မှတ်ရေးထိုးထားခြင်းမရှိပေမဲ့ ပြည်နယ်အဆင့်နဲ့ ပြည်ထောင်စုအဆင့်တွေမှာ နှစ်ဦးနှစ်ဖက်အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်ပါတယ်။

spot_img
spot_img

Recent posts