spot_img
17.4 C
Loikaw
Sunday 7, December 2025
spot_img
Homeရွေးကောက်ပွဲကယားပြည်နယ်မဲရုံများအတွက် အထူးရဲ ၂၀၀ ကျော်ခန့်အပ်

ကယားပြည်နယ်မဲရုံများအတွက် အထူးရဲ ၂၀၀ ကျော်ခန့်အပ်

-

နော်ဒွေးအယ်ခူ


၂၀၂၀ အထွေထွေရွေးကောက်ပွဲကာလအတွင်း ကယားပြည်နယ်မဲရုံတွေအတွက် အထူးရဲတပ်ဖွဲ့အင်အား ၂၂၀ ဦးကို ခန့်အပ်ထားတယ်လို့ ကယားပြည်နယ်ရဲတပ်ဖွဲ့ (ပြည်နယ်ဦးစီးပထမတန်း) မှ ဒု-ရဲမှူးကြီးအောင်ကျော်မြင့်ကပြောပါတယ်။

“မဲရုံ ၂၂၀ ရှိတဲ့အတွက် အထူးရဲတပ်ဖွဲ့ကလည်း ၂၂၀ စုဆောင်းထားတာရှိတယ်။ မဲရုံတစ်ရုံကို အထူးရဲတပ်ဖွဲ့တစ်ယောက်စီ တာဝန်ပေးမယ်” လို့ ဒု-ရဲမှူးကြီးအောင်ကျော်မြင့်က ပြောပါတယ်။

၂၀၂၀ ထွေထွေရွေးကောက်ပွဲအတွက် ပြည်နယ်တွင်းရှိ ရဲတပ်ဖွဲ့အင်အားမလုံလောက်တဲ့အတွက် သြဂုတ်လအတွင်းက အထူးရဲတပ်သားတွေကို ရွေးချယ်ခဲ့ပြီး အထူးရဲတပ်ဖွဲ့အင်အား ၂၂၀ ဦးနှင့် အရံအင်အား ငါးဦး စုစုပေါင်း ၂၂၅ ဦးကို ထားဖို့လျာထားခြင်းဖြစ်တယ်လို့ဆိုပါတယ်။

ပြီးခဲ့တဲ့၂၀၁၅ ရွေးကောက်ပွဲမှာ လုံခြုံရေးတာဝန်ထမ်းဆောင်ခဲ့တဲ့ အထူးရဲတပ်ဖွဲ့တွေကိုမြင်တွေ့ခဲ့ရစဉ်။ ဓါတ်ပုံ- ကန္တာရဝတီတိုင်း(မ်)

အဆိုပါ အထူးရဲတွေအနေနဲ့ ကယားပြည်နယ် မြို့နယ် ခုနစ်မြို့နယ်အလိုက် အောက်တိုဘာလ ၁ ရက်နေ့ကနေ နိုဝင်ဘာလ ၁၄ ရက်နေ့အထိ တာဝန်ထမ်းဆောင်ရမည်ဖြစ်ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ ရွေးကောက်ပွဲကျင်းပတဲ့ရက် စတင်ကြေညာတဲ့ရက်ကစပြီး ဌာနချုပ်ရဲ့ ညွှန်ကြားချက်အရ အထူးရဲတပ်သားကို စတင်ခေါ်ယူခဲ့ပြီး သက်ဆိုင်တဲ့ လုပ်ငန်းတာဝန်တွေပေးအပ်ဖို့ ဆက်လက်ဆောင်ရွက်လျက်ရှိတယ်လို့ဆိုပါတယ်။

အထူးရဲတပ်သားတွေကို လက်ရှိ ရဲတပ်ဖွဲ့တစ်ဦးခံစားခွင့်ရှိတဲ့အတိုင်း လစာ (၁၄၄၀၀၀) နှင့် ရိက္ခာအတွက် တစ်ရက်လျှင် တစ်ထောင့်ရှစ်ရာနှုန်းဖြင့် တစ်လလျှင် (၅၄၀၀၀) ကျပ် ခံစားခွင့်ရမည်ဖြစ်ပါတယ်။

အထူးရဲတပ်သားတွေအနေနဲ့ အသက် ၁၈ နှစ်ကနေ ၆၀ အတွင်းရှိသူတွေ၊ ကျန်းမာရေးကောင်းမွန်သူတွေ၊ပညာအရည်အချင်းမှာ အလယ်တန်းအောင်အဆင့်ရှိသူတွေ၊ အရပ်မရှည်/မပုလွန်းသူတွေ၊ ရပ်ကွက်အတွင်းနေထိုင်သူ၊ အဂတိလိုက်စားမှုကင်းရှင်းပြီး ပါတီနိုင်ငံရေးကင်းရှင်းသူတွေ စတဲ့သတ်မှတ်ချက်တွေနဲ့ရွေးချယ်ခန့်အပ်ထားခြင်းဖြစ်တယ်လို့သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ