ကန္တာရဝတီတိုင်း( မ် )
ကယန်းလက်ဝှေ့မယ် ဘရော်နီကာ ဟာ ထိုင်းဘုရင့်ဖလားချန်ပီယံ ( Thai Fight Royal Cup Champion ) ဗိုလ်လုပွဲမှာ ပြိုင်ဘက်ကို တတိယအချီမှာ အလဲထိုး အနိုင်ယူခဲ့ပြီး ထိုင်းဘုရင့်ဖလားကို ရရှိသွားပါတယ်။
ဘရော်နီကာဟာ ကရင်နီအလံနဲ့ ကယန်းအလံကို ခြုံပြီး အောင်ပွဲခံခဲ့ပါတယ်။ ဒီကနေ့ ( ဒီဇင်ဘာလ ၂၄ ရက် ) ည ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ အမျိုးသားအားကစားရုံ မှာ ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ ဘရော်နီကာရဲ့ ပြိုင်ဘက်မှာ ဂရိနိုင်ငံသူ Fani Peloumpi ဖြစ်ပြီး ကမ္ဘာ့ချန်ပီယံ ၉ ကြိမ်ရရှိထားသူ ဖြစ်ပါတယ်။
ဘရော်နီကာဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၀ ရက်နေ့ Thai Fight ပွဲမှာ အာဂျင်တီးနားသူကို အနိုင်ယူခဲ့ပြီး ၇ပွဲဆက်တိုက် အနိုင်ရရှိလာခဲ့သူဖြစ်ပါတယ်။ အဲဒီလို ဆက်တိုက်နိုင်ပွဲတွေကြောင့် ဒီဇင်ဘာလမှာ ကျင်းပတဲ့ Thai Fight ဗိုလ်လုပွဲစဉ်ကို ယှဉ်ပြိုင်ရခြင်းဖြစ်ပါတယ်။
အသက် ၂၆နှစ်အရွယ် ဘရော်နီကာဟာ လက်ရှိပွဲစဉ်အပါအဝင်ဆိုရင် ပွဲပေါင်း ၃၇ပွဲ ကစားခဲ့ပြီး ကစားခဲ့တဲ့ပွဲတွေမှာ နိုင်ပွဲ ၁၈ပွဲ၊ ရှုံးပွဲ ၂ပွဲနဲ့ သရေ ၁၇ပွဲ ရှိခဲ့ပါတယ်။
ပွဲကို လာရောက်ကြည့်ရှုကြတဲ့သူတွေအနေနဲ့ ဘရော်နီကာ ပုံရိုက်နှိပ်ထားတဲ့ အင်္ကျီတွေကို ဝယ်ယူအားပေးနိုင်ပြီး ရရှိတဲ့ ငွေတွေကို စစ်ဘေးရှောင်တွေကို လှူဒါန်းသွားမယ်လို့ ဘရော်နီကာက အသိပေးထားပါတယ်။








