spot_img
20.6 C
Loikaw
Tuesday 9, December 2025
spot_img
Homeမာလ်တီမီဒီယာနယ်စပ်ဒေသမှာ ဖွင့်လှစ်တဲ့ Pre-GED program ကို အဆင့်မြင့်တိုးချဲ့သွားဖို့ရှိ

နယ်စပ်ဒေသမှာ ဖွင့်လှစ်တဲ့ Pre-GED program ကို အဆင့်မြင့်တိုးချဲ့သွားဖို့ရှိ

-

ဓာတ်ပုံ – ကန္တာရဝတီတိုင်း( မ် )

ကန္တာရဝတီတိုင်း(မ်)

ထိုင်း-ကရင်နီနယ်စပ်တစ်နေရာမှာဖွင့်လှစ်ထားတဲ့ Pre-GED program အပတ်စဉ် (၁) ဆင်းပွဲကို ဒီကနေ့ မတ်လ ၂၁ ရက်နေ့မှာပြုလုပ်ခဲ့ပြီး လာမယ့် စာသင်နှစ်တွေမှာ အဲဒီ programကို အဆင့်မြင့် တိုးချဲ့သွားဖို့ရှိတယ်လို့ ဆယ်သဲဖောင်ဒေးရှင်းဒါရိုက်တာ ဆရာမမော်မိမာက ပြောပါတယ်။

“ ကျမတို့ လက်ရှိမှာက ထိုင်း ပညာရေးဌာနတွေနဲ့ ချိတ်ဆက်ထားတာ ရှိပါတယ်။ ဆိုတော့ ပထမသုတ်ကတည်းက ထိုင်းရဲ့ non-formal education program ကနေပြီးတော့မှ ကျမတို့ တွဲပြီးတော့မှ သွားနေတာရှိတယ်။ တစ်ဖက်မှာ နိုင်ငံတကာ တက္ကသိုလ် ဝင်ရောက်ဖြေဆိုနိုင်ဖို့အတွက် စီစဉ်ပေးတာဖြစ်သလို တစ်ဖက်မှာလည်း ထိုင်း ပညာရေးအောက်မှာ တရားဝင် သွားနိုင်ဖို့အတွက်လည်း ကျမတို့ ဒီထိုင်းပညာရေးဌာနကနေ ချိတ်ဆက် ဆောင်ရွက်နေတာ ရှိပါတယ်ပေါ့နော။ လာမယ့်နှစ်တွေမှာလည်း ချိတ်ဆက်ပြီးတော့မှ ဆောင်ရွက်ဖို့ ဒီထက် level တွေ တိုးချဲ့ဖို့တော့ ရှိတယ်ပေါ့နော။” လို့ ဆရာမမော်မိမာက ပြောပါတယ်။

ဆယ်သဲဖောင်ဒေးရှင်း ( STF) လက်အောက်ရှိ ဒီးကူပညာရေးစင်တာ (Deeku Education Center) ရဲ့ Pre -GED Program အပတ်စဉ် (၁) ကို ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် ဇူလိုင်လအတွင်းမှာ ဖွင့်လှစ်ခဲ့ပါတယ်။ ကျောင်းသား/သူ ၂၆ယောက်ကို ၉လတာ သင်ကြားပြီးနောက် ဒီကနေ့မှာ သင်တန်းဆင်းပွဲကို ပြုလုပ်သွားခဲ့တာဖြစ်ပါတယ်။

Pre-GED program ကို နယ်စပ်ဒေသမှာရောက်ရှိပြီး နိုင်ငံတကာတက္ကသိုလ်တွေကို ဆက်လက်တက်ရောက်နိုင်ဖို့အတွက် အခွင့်အရေး လာရောက်ရှာဖွေတဲ့ ကျောင်းသားလူငယ်တွေအတွက် ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ အပတ်စဉ် ( ၂ ) ပညာသင်နှစ်အတွက် ၂၀၂၃ ခုနှစ်အတွင်း ထပ်မံဖွင့်လှစ်ဖို့ရှိသလို ကျောင်းသားတွေကိုလည်း ပိုမိုခေါ်ယူသင်ကြားပေးနိုင်ဖို့ ကြိုးစားသွားမယ်လို့ ဆိုပါတယ်။

GEDဆိုတာ အမေရိကန်အထက်တန်းပညာရေးတစ်ခုဖြစ်ပြီး ပုံမှန်ကျောင်းအချိန်ပြည့်မတက်နိုင်သူတွေ၊ စစ်ပွဲကြောင့် လူမှုအခက်အခဲကြောင့် ပုံမှန်ဖွင့်နေတဲ့ကျောင်းတွေမှာ မတက်နိုင်တဲ့လူငယ်တွေအတွက် ဖွင့်လှစ်ထားတဲ့အစီအစဉ်ဖြစ်ပြီး နိုင်ငံတကာပညာရေးကို ဆက်လက်တက်လှမ်းနိုင်မယ့် အခွင့်အလမ်းကို ရရှိစေမယ့် အစီအစဉ်တစ်ခုဖြစ်ပါတယ်။

Pre -GED Program အပတ်စဉ် (၁) ကို တက်ရောက်ပြီးစီးခဲ့ပြီး လက်ရှိမှာ တက္ကသိုလ်တစ်ခုမှာ ဝင်ခွင့်ရထားတဲ့ မော်ရှားမြာကတော့ အခုလို ပြောပြပါတယ်။

“ပြည်တွင်းမှာက first year ပြီးထားတယ်ဆိုတော့။ ဒီဘက်မှာ ဆက် join ရတယ်။ ဒီ pre-GED ပြီးသွားပြီဆိုတော့ ပညာရေးအခွင့်အလမ်းတွေ အများကြီးလျှောက်လို့ရတယ်။ ဒီလက်မှတ်နဲ့ပေါ့။ တချို့ဆိုရင် GED ဆက်ဖြေတာမျိုးတွေလည်းရှိတယ်။ တချို့ခါကျတော့ တခြားကျောင်းတွေဆက် join တာမျိုး university တွေ တိုက်ရိုက် join တာမျိုးတွေလည်းရှိတယ်။ ဒီကျောင်းကနေတော့ အဓိကအားဖြင့် ကိုယ့်ရဲ့ English skill တွေ အများကြီးတိုးတက်လာတယ်။ GED Subject တွေနဲ့လည်း ရင်းနှီးလာတယ်။ “ လို့ မော်ရှားမြာက ပြောပါတယ်။

GED ဘာသာရပ်တွေဖြစ်ကြတဲ့ အင်္ဂလိပ်၊ သင်္ချာ၊ Social Study၊ Science ကို အဓိကသင်ကြားခဲ့ပြီး နေ့စဉ်လူမှုဘဝအတွက် လူမှုဆက်ဆံရေး၊ ၂၁ရာစုပညာရေးမှာ အသုံးပြုလာကြတဲ့ စဉ်းစားတွေးခေါ်မှုအပိုင်း၊ ကရင်နီသမိုင်းကြောင်း၊ စာပေ၊ ယဉ်ကျေးမှုအပြင် ထိုင်းဘာသာစကားကိုလည်း ထည့်သွင်းသင်ကြားသွားခဲ့တယ်လို့ သိရပါတယ်။

Pre -GED Program အပတ်စဉ် (၁) တက်ရောက်ခဲ့တဲ့ ကျောင်းသား မောင်လှသန်းဦး ကတော့ ပညာရေးအခွင့်အလမ်းတွေနဲ့ ပတ်သက်ပြီး ပိုမိုသိရှိလာရတယ်လို့ ဆိုပါတယ်။

“ ကိုယ်မသိတဲ့ဟာတွေ သိလာရတယ်။ ကိုယ်ဘယ်လို အခွင့်အလမ်းတွေ ရှိလဲ ဘယ်လို တက္ကသိုလ်မျိုးတွေ ဆက်တက်သင့်လဲဆိုတာကိုယ် သိလာရတယ်။ မြန်မာနိုင်ငံမှာဆိုလို့ရှိရင် ဒီလိုမျိုး ပညာသင်ဆုတွေရှိတယ်ဆိုတာကို ကြားဖူးနားဝ အဲလိုမျိုးလောက်ပဲရှိတာပေါ့။ ဒီဖက်ရောက်မှာ ပညာသင်ဆုတွေ အများကြီးရှိတယ်ဆိုတာသိရတယ်။ ဒီပညာရေးပိုင်းမှာလည်း ဘယ်လိုအခွင့်လမ်းတွေရှိလဲဆိုတာကို သိလာရတယ်။ “

လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခင်းအကျင်းတွေကြောင့် ကရင်နီပြည်နဲ့ နယ်စပ်က လူငယ်တွေအတွက် ပညာရေးအခွင့်အလမ်းတွေ ဆုံးရှုံးမှုမဖြစ်ရအောင် သင်တန်းကျောင်းတွေကို ထပ်မံဖွင့်လှစ်ပေးသွားဖို့ရှိနေပြီး စစ်တမ်းကောက်ယူတာတွေ၊ အချက်အလက် စုဆောင်းတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ – ကန္တာရဝတီတိုင်း( မ် )

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ