spot_img
17.8 C
Loikaw
Sunday 7, December 2025
spot_img
Homeသတင်းစာသင်ဆောင် နဲ့ သင်ကြားရေးဆရာ မလုံလောက်မှုကြောင့် အထက်တန်းကျောင်း ဖွင့်နိုင်ဖို့ခက်ခဲနေ

စာသင်ဆောင် နဲ့ သင်ကြားရေးဆရာ မလုံလောက်မှုကြောင့် အထက်တန်းကျောင်း ဖွင့်နိုင်ဖို့ခက်ခဲနေ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဖရူဆိုမြို့နယ်အရှေ့ဘက်ခြမ်း ကျေးရွာတစ်ရွာမှာ စာသင်ကျောင်းနေရာ ထိုင်ခင်းအဆင်မပြေမှု နဲ့ သင်ကြားရေးဆရာ၊ ဆရာမ မလုံလောက်မှု တွေကြောင့် လာမယ့် စာသင်နှစ်အတွက် အထက်တန်းကျောင်းဖွင့် နိုင်ဖို့ ခက်ခဲနေကြတယ်လို့ သိရပါတယ်။

ယခင်နှစ်တွေမှာ အထက်တန်းအဆင့်ထိ ဖွင့်လှစ်နိုင်ခဲ့ပေမဲ့ ယခုစာသင်နှစ်မှာတော့ အထက်တန်းအထိ ဖွင့်လှစ်ဖို့မသေချာသေးဘူးလို့ ကျောင်းဆရာတစ်ဦးကဆိုပါတယ်။ ဒါ့အပြင် လုံခြုံရေးအရလည်း စိုးရိမ်ပူပန်မှုတွေရှိနေတယ်လို့ ပြောပါတယ်။

“အဓိက ကျောင်းဖွင့်ဖို့ လုံခြုံတဲ့နေရာတွေမရှိဘူးလေ လက်နက်ကြီး ခဏခန ကြားနေရတာရယ် ကိုယ်ထူကိုယ်ထဖွင့်တော့ ဆရာ/ဆရာမတွေ မခေါ်နိုင်တော့ဘူး။” လို့ ကျောင်းဆရာတစ်ဦး က ဆိုပါတယ်။

ပြီးခဲ့တဲ့လအတွင်းက မိုးကြီး၊ လေပြင်းတိုက်ခိုက်မှုကြောင့် အဆိုပါကျေးရွာရဲ့ စာသင်ကျောင်းဆောင် ပျက်စီးသွားခဲ့ပြီး ပြန်လည်ပြင်ဆင်ဖို့ အတွက် ငွေကြေးအခက်အခဲရှိနေတယ်လို့ပြောပါတယ်။

အဆိုပါ အထက်တန်းကျောင်းကို ယခင်စာသင်နှစ်က စစ်ဘေးရှောင်နဲ့ ကျေးရွာခံ ကျောင်းသားကျောင်းသူ စုစုပေါင်း ၃၀၀ခန့်တက်ရောက်ခဲ့ကြပြီး ကျောင်းဆရာ၊ ဆရာမ ၂၀ဦးကနေ သင်ကြားပေးခဲ့တယ်လို့ သိရပါတယ်။ သို့ပေမယ့် ယခုနှစ်မှာတော့ ဆရာ၊ ဆရာမ ဦးရေ နည်းပါးသွားသလို အလယ်တန်းအဆင့်ထိတောင် ဖွင့်လှစ်ဖို့ ပြင်ဆင်နေကြဆဲဖြစ်တယ်လို့ ဆိုပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ