spot_img
14.8 C
Loikaw
Monday 15, December 2025
spot_img
Homeသတင်းပထမဆုကို ကျပ်သိန်း (၅၀) အပြင် တစ်ကိုယ်တော်တေးအယ်လ်ဘမ် ထုတ်ပေးမယ့် ကရင်နီအိုင်ဒေါ အဆိုပြိုင်ပွဲ

ပထမဆုကို ကျပ်သိန်း (၅၀) အပြင် တစ်ကိုယ်တော်တေးအယ်လ်ဘမ် ထုတ်ပေးမယ့် ကရင်နီအိုင်ဒေါ အဆိုပြိုင်ပွဲ

-

ကန္တရ၀တီတိုင်း(မ်)

ကရင်နီပြည်မှာ The voice of freedom လို့ခေါ်တဲ့ ကရင်နီအိုင်ဒေါ သီချင်းဆိုပြိုင်ပွဲကို ကရင်နီဒေသခံအနုပညာရှင်တွေနဲ့ အတူ နိုင်ငံကျော်အနုပညာရှင်တွေ ပူးပေါင်းပြီး လာမယ့် စက်တင်ဘာလအတွင်းမှာ ပြုလုပ်သွားမယ်လို့သိရပါတယ်။

ကရင်နီပြည်တွင်းက အဆို၀ါသနာပါသူတွေအတွက် ကျင်းပပေးမှာဖြစ်ပြီး အဆိုပါပြိုင်ပွဲကနေ ပထမဆုရသူကို ကျပ်ငွေသိန်း ၅၀ နဲ့ တစ်ကိုယ်တော် အယ်ဘမ်တစ်ချပ်ထုတ်ပေးမယ်လို့ The voice of freedom ပရိုဂရမ် ဒါရိုက်တာမျိုးသန့်က ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

” ဟုတ်ကဲ့ ကျနော်တို့ နောက်ဆုံး winner(အနိုင်ရရှိသူ) ကို ကျပ်သိန်း ၅၀ ဆုချီးမြှင့်ပါမယ်။ နောက်ပြီးရင် သူ့ရဲ့ဒီတစ်ကိုယ်တော် တေးအယ်လ်ဘမ် တစ်ခုထွက်ရှိဖို့အတွက် ကျနော်တို့ ကူညီပေးသွားမှာဖြစ်ပါတယ်” လို့ ပရိုဂရမ် ဒါရိုက်တာမျိုးသန့်က ပြောပါတယ်။

ပြိုင်ပွဲကို ရွေးချယ်မှု အဆင့်ဆင့်ပြုလုပ်သွားမှာဖြစ်ပြီး ပြည်သူကပေးတဲ့ online voting ( အင်တာနက်မှ အမှတ်ပေးခြင်း) စနစ်နဲ့ ရွေးချယ်သွားမှာ ဖြစ်တယ်လို့ဆိုပါတယ်။ နောက်ဆုံးကျန်ရစ်မယ့် အနိုင်ရရှိသူတွေကိုတော့ နိုင်ငံကျော် အနုပညာရှင် ဒိုင်တွေနဲ့ ရွေးချယ်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

သီချင်းဆိုပြိုင်ပွဲကနေ ရရှိလာမယ့်တခြား ၀င်ငွေတွေကိုလည်း ကရင်နီပြည်တွင်းရှိ ပညာရေး၊ကျန်းမာရေး၊ စစ်ရှောင်တွေ အတွက် ကူညီလှူဒါန်းပေးသွားမယ်လို့ ဆိုပါတယ်။

ကရင်နီမှာပြင်းထန်နေတဲ့ ပဋိပက္ခတွေကြောင့် စိတ်ရောလူပါ ပင်းပန်းနေကြတဲ့ ပြည်သူတွေအတွက် ဖျော်ဖြေမှုတစ်ခုအဖြစ် အဆိုပါ ပြိုင်ပွဲ ကျင်းပပေးတာဖြစ်သလို ကရင်နီပြည်နယ်က နေရာဒေသတိုင်းမှာ အဆို စွမ်းရည်ရှိသူတွေက ကိုယ်ပိုင်တူရိယာတွေနဲ့ တီးမှုတ်သီဆိုနေကြတာကို မျက်မြင်တွေ့ခဲ့ရပြီးနောက် ဒီလိုပြိုင်ပွဲလုပ်ဖို့ စီစဥ်ဖြစ်သွားတာလို့ ဒါရိုက်တာ မျိုးသန့် က ဆက်ပြောပါတယ်။

” ကျနော်တို့ ဒီဒေသအတွင်းမှာရှိတဲ့ စစ်ရှောင်စခန်းတွေ ကျောင်းတွေ ကျနော်တို့ ဆေးရုံတွေ အစရှိတဲ့ နေရာဒေသမျိုးစုံကို ရောက်တဲ့အခါမှာ နေရာတိုင်းမှာ ကျနော်တို့ တူရိယာတွေ တွေ့ရတယ်။ တူရိယာတစ်ခု မဟုတ်တစ်ခုတွေ့တယ်။ နောက်ပြီးသွားရင်တော့ ကျနော်တို့တီးခတ် သီဆိုနေတဲ့ဟာတွေ တွေ့တယ်။ ပြီးရင် talent(စွမ်းရည်) ရှိတဲ့ ကျနော်တို့ ရွက်ပုန်းသီး အနုပညာရှင်တွေကို ကျနော်တို့မျက်မြင်တွေ့ရတယ်ပေါ့နော။ အဲဒီကနေပြီး ကျနော်တို့ဒါမျိုး အစီအစဥ်လုပ်မယ်ဆိုရင် ကျနော်တို့ဖျော်ဖြေရာလည်းရောက်မယ်။ ပြီးသွားလို့ရှိရင် ကျနော်တို့က ကျနော်တို့ရဲ့ ၀ါသနာရှင်ကို ဒီကာလမှာ တစ်နည်းတစ်လမ်းနဲ့ ပံ့ပိုးရာလည်း ရောက်မယ်ဆိုတဲ့ စိတ်ကူးနဲ့ ကျနော်တို့ ဒီအစီအစဥ်ကို လုပ်ဆောင်ဖြစ်သွားတာဖြစ်တယ်” လို့ ပရိုဂရမ် ဒါရိုက်တာမျိုးသန့်က ပြောပါတယ်။

ပြိုင်ပွဲကို အဆင့် နှစ်ဆင့်နဲ့ ပြုလုပ်သွားမှာဖြစ်ပြီး ပထမအဆင့်မှာတော့ အွန်လိုင်းကနေ တစ်ဆင့်ပေးပို့ ပြီးယှဥ်ပြိုင်ရပါမယ်။ ဒုတိယအဆင့်မှာတော့ နောက်ဆုံးရွေးချယ်ခံရသူတွေကို ကရင်နီဒေသတွင်းရှိ လုံခြုံတဲ့ နေရာတစ်ခုမှာ စခန်းသွင်း လေ့ကျင့်ပေးပြီး ယှဥ်ပြိုင်သွားရမယ်လို့ ဆိုပါတယ်။

ပထမအဆင့် ယှဉ်ပြိုင်မယ့် ပြိုင်ပွဲ၀င်တွေကို ယခု သြဂုတ်လကုန်မှာ online (အင်တာနက်) ကနေတဆင့် စတင်ခေါ်ယူတော့မှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

The voice of freedom ကရင်နီအိုင်ဒေါ သီချင်းဆိုပြိုင်ပွဲကို ကရင်နီ ပြည်တွင်းရှိ အဆို၀ါသနာရှင် အားလုံး ၀င်ရောက်ယှဥ်ပြိုင်ဖို့ကိုလည်း ဒါရိုက်တာမျိုးသန့်က ဖိတ်ခေါ်ထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ