spot_img
18.9 C
Loikaw
Wednesday 19, November 2025
spot_img
Homeသတင်းဒေါနိုးကူး စစ်ရှောင်စခန်းမှာ ၅ နှစ်အောက် ကလေးတွေ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေအဖြစ်များ

ဒေါနိုးကူး စစ်ရှောင်စခန်းမှာ ၅ နှစ်အောက် ကလေးတွေ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေအဖြစ်များ

-

ကန္တာရဝတီတိုင်း(မ်)

ထိုင်းနိုင်ငံက ယာယီလက်ခံထားတဲ့ ဒေါနိုးကူး စစ်ရှောင်စခန်းက ၅ နှစ်အောက် ကလေးငယ်တွေဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေဖြစ်ပြီး လည်ချောင်းနာတာတွေနဲ့ ဖျားနာမှုတွေ ဖြစ်နေကြတယ်လို့ စစ်ရှောင်ဆေးပေးခန်းမှာ တာဝန်ကျနေတဲ့ ဆရာမ နော်ဘွေဖော က ပြောပါတယ် ။

“ဒီဖျားနာမှုနဲ့ ပတ်သက်တာ အဖြစ်များတာကတော့ ၅ နှစ်အောက် ကလေးတွေ ဖြစ်တယ်။ မွေးကင်းစ တစ်လမပြည့်သေးလဲ ဖြစ်တာတွေလဲ ရှိတာပေါ့နော်။ အဖြစ်များတာက ၅ နှစ်အောက်။ လူကြီးတွေတော့ တချို့ဖြစ်တယ်။ ဒါပေမယ့် သူတို့မှာ ခုခံအားစနစ်က ပိုရှိတော့ ပိုပြီး ကလေးလောက် မဖြစ်ဘူးပေါ့နော်” လို့ သူက ပြောပါတယ်။

အဆိုပါ စစ်ရှောင်ဆေးခန်းကို အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလာရောက်ပြသသူ နေ့စဉ် ၁၅ ဦးနဲ့ အထက်ရှိနေပြီး ဆေးခန်းရဲ့ စာရင်းအရ စခန်းမှာ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားသူ ၃၀၀ ကျော်ရှိနေတယ်လို့ သိရပါတယ်။

“ဖြစ်ပြီဆိုလို့ရှိရင် ချောင်းဆိုးတယ်၊ ခေါင်းကိုက်တယ် ၊ လည်ချောင်းနာ၊ တချို့တွေမှာ ရင်ဘတ်နာ ၊ တချို့တွေကတော့ အေးပြီး ချမ်းတုန်တာတို့ ခန္ဓာကိုယ် ကိုက်ခဲတာတွေ အဲ့လို အဖြစ်များတာပေါ့နော်။ အဲ့လို လက္ခဏာတွေ ပြတာများတာပေါ့နော် “လို့ နော်ဘွေဖောက ပြောပါတယ်။

ဒေါနိုးကူး စစ်ဘေးရှောင်တွေဟာ တောတောင်တွေထဲမှာ တဲထိုးနေထိုင်ကြရတာဖြစ်ပြီး ရာသီဥတု အပြောင်းအလဲတွေကြောင့် ဖျားနာမှုတွေ အဖြစ်များနေကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်၁၂ ရက်နေ့က စစ်ကောင်စီရဲ့ လေယာဉ်ဗုံးကြဲမှုကြောင့် ဒေါနိုးကူးစစ်ဘေးရှောင်စခန်းက ပြည်သူတွေဟာ ထိုင်းနိုင်ငံအတွင်းကို ထွက်ပြေးခိုလှုံခဲ့ရပါတယ်။ လက်ရှိမှာ လူဦးရေ ၄၀၀၀ ဝန်းကျင်ရှိနေပြီး ထိုင်းအာဏာပိုင်တွေက ယာယီနေထိုင်ခွင့် ပေးထားတာဖြစ်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ