spot_img
19.1 C
Loikaw
Tuesday 18, November 2025
spot_img
Homeသတင်းစစ်ကောင်စီလေယာဉ်ဗုံးကြဲမှုကြောင့် ဖားဆောင်းမြို့က နေအိမ်မီးလောင်၊ ပျက်စီးမှု များပြား

စစ်ကောင်စီလေယာဉ်ဗုံးကြဲမှုကြောင့် ဖားဆောင်းမြို့က နေအိမ်မီးလောင်၊ ပျက်စီးမှု များပြား

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဖားဆောင်းမြို့ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၉ရက်နေ့မှာ စစ်ကောင်စီက လေယာဉ်အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မြို့ပေါ်ရပ်ကွက်က နေအိမ်အများအပြား မီးလောင် ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရှိရပါတယ်။

မြို့ပေါ်ရှိ တောင်ပိုင်း၊ မြောက်ပိုင်းရပ်ကွက်အတွင်းက နေအိမ်အပြင် ဘာသာရေးအဆောက်အအုံတွေလည်း မီးလောင်ပျက်စီးသွားတယ်လို့ ဖားဆောင်းမြို့၊ ဒေသခံတစ်ဦးက ပြောပါတယ်။

“စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲတယ်။ မြို့ထဲမှာ လေယာဉ်နဲ့ဗုံးကြဲတယ်။ မီးလောင်တာကတော့ မြို့ထဲ မြောက်ပိုင်းရပ်ကွက်က မနန်းကြည်ဆိုင်ကနေ တောင်ပိုင်းရပ်ကွက် ဘုရားကျောင်းအထိ အဲ့ဒီတောက်လျှောက် မီးလောင်တာတွေ့ရတယ်လို့ ပြောတယ်။ အများကြီးပဲလောင်သွားတာက။ မြို့ထဲ ဘုန်းကြီးကျောင်းတောင်ပါသွားတာ ဆိုတော့။ အိမ်အလုံးရေက တွက်လို့ရမှာ မဟုတ်ဘူး ၃ပုံ ၂ပုံ ထင်တာပဲ။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မြို့ပေါ်မှာနေထိုင်ကြတဲ့ ဒေသခံအားလုံး ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ သိရပါတယ်။

နောက်ထပ်ဒေသခံတစ်ဦးက “ဖေဖော်ဝါရီလ ၂၉ရက်နေ့၊ မနက်ပိုင်းကတည်းက ဖားဆောင်းမြို့ပေါ်မှာ အသံတွေကြားရတယ်။ လေယာဉ်တွေလည်း လာတယ် ဗုံးကြဲတယ်။ ဒေသခံတွေကတော့ အားလုံးတိမ်းရှောင်ရကုန်ပြီ။ အဲ့ဒီတစ်ရက်အတွင်း လေယာဉ်နဲ့ဗုံးကြဲလို့ မီးလောင်တာများတယ်။”လို့ ပြောပါတယ်။

ဖားဆောင်းမြို့နယ်အတွင်းမှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး စစ်ကောင်စီက မြို့ပေါ်ကို လေယာဉ်၊ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

စစ်ကောင်စီရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် နေအိမ်အများအပြား မီးလောင်ပျက်စီးခဲ့ရပြီး စာရင်းအတိအကျကိုတော့ မသိရှိရသေးပါဘူး။ လတ်တလောမှာလည်း ဖားဆောင်းမြို့ပေါ် နဲ့ အနီးအနားကျေးရွာက ဒေသခံအများအပြားဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ