spot_img
31.5 C
Loikaw
Saturday 14, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းဖရူဆိုမှာ ကျောင်းစာသင်ဆောင် မလုံလောက်တာကြောင့် ကျောင်းသားတွေ အချိန်ပြည့် အတန်းတက်ခွင့်မရ

ဖရူဆိုမှာ ကျောင်းစာသင်ဆောင် မလုံလောက်တာကြောင့် ကျောင်းသားတွေ အချိန်ပြည့် အတန်းတက်ခွင့်မရ

-

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်း၊ ထီးဖရူနူစစ်ရှောင်စခန်းမှာရှိတဲ့ အထက်တန်းကျောင်းမှာ စာသင်ဆောင်မလုံလောက်တာကြောင့် ကျောင်းသူ၊ ကျောင်းသားတွေဟာ ကျောင်းကို တစ်ပတ်မှာ ၃ရက်သာ တက်ခွင့်ရတယ်လို့ ကျောင်းဆရာတစ်ဦး က ပြောပါတယ်။

“အခု ကျောင်းဆောင်လိုအပ်ချက်အနေနဲ့ ကျနော်တို့ ဘာတွေရှိမလဲဆိုတော့ ကျောင်းဆောင် အသစ်တိုးချဲ့တာ ဖြစ်တဲ့အတွက် ကြောင့်မလို့ ကျနော်တို့ကျောင်းတက်နေတဲ့ အချိန်ကာလမှာဆိုရင် နှစ်ပိုင်းခွဲတက်ရတယ်။ ဒီမှာဆိုရင် မူလတန်းမှာဆိုရင် ၃ရက်တက်တယ်၊ အထက်တန်းနဲ့ အလယ်တန်းကို ၃ရက်တက်တယ် အဲ့လိုခွဲပြီး တက်ရတဲ့ အနေအထားမှာဆိုရင် လိုအပ်ချက်တွေ အများကြီးရှိတယ်ပေါ့” လို့ အဆိုပါ ကျောင်းဆရာတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ စာသင်နှစ်အထိ စာသင်ကျောင်းကို အလယ်တန်းအဆင့်အထိသာ ဖွင့်လှစ်ခဲ့ပေမယ့် ကျောင်းသားဦးရေ များပြားလာတဲ့အတွက် အထက်တန်းအဆင့် တိုးချဲ့ဖွင့်လှစ်ထားတယ်လို့ ဆိုပါတယ်။ ကျောင်းသားဦးရေ များပြားပြီး စာသင်ဆောင်မလုံလောက်တာကြောင့် မူလတန်း၊ အလယ်တန်း ၊ အထက်တန်း အဆင့်ကို ရက်ပိုင်းခြားပြီး သင်ကြားပေးနေရတာပါ။

“ကျနော်တို့က ဒီအလယ်တန်းအထိဘဲ ဖွင့်တယ်ပေါ့နော။ အခုနောက်ပိုင်းမှာဆိုရင် ကျနော်တို့အထက်တန်း ဖြစ်တဲ့ Grade 10 နဲ့ Grade 11 ကို ထပ်တိုးချဲ့ဖွင့်လှစ်တာ ဖြစ်တဲ့အတွက်ကြောင့်မလို့ ကျောင်းဆောင်အသစ်တွေလိုတယ်။ ဟောင်းနေတဲ့ဟာကို ထပ်မံမွမ်းမံတယ်။ အခန်းတွေ လိုအပ်နေတာ ဖြစ်တာကြောင့်မလို့ ကျနော်တို့ထပ်ပြီး တိုးချဲ့ဆောက်လုပ်ထားတာပေါ့နော်။” လို့ အဆိုပါ ကျောင်းဆရာတစ်ဦးက ဆက်ပြောပါတယ်။

စာသင်ဆောင်အပြင် ကျောင်းဖတ်စာအုပ်လည်း လုံလောက်မှုမရှိဘဲ ကျောင်းသားနှစ်ဦးလျှင် ဖတ်စာအုပ်တစ်အုပ်နှုန်းနဲ့သာ စုပေါင်း ကြည့်နေရပါတယ်။ အထက်တန်းအဆင့်ထိ တိုးချဲ့ဖွင့်လှစ်ထားပေမယ့် သင်ကြားမယ့် ဆရာ၊ ဆရာမ ဦးရေ လိုအပ်နေတာကြောင့် ပညာရေးနှောင့်နှေးမှုတွေလည်း ကြုံတွေ့ရတယ်လို့ ဆိုပါတယ်။

အဆိုပါ စာသင်ကျောင်းကို ပြီးခဲ့တဲ့ ဇွန်လ ပထမပတ်ကစပြီး အနီးအနားရှိ ကျေးရွာဒေသခံတွေနဲ့ စစ်ရှောင်စခန်းမှ ကျောင်းသားတွေ စုပေါင်းတက်ရောက်နေကြပါတယ်။ ကျောင်းသားဦးရေ ၂၀၀ ကို ဆရာ၊ ဆရာမ (၁၅)ဦးနဲ့ သင်ကြားပေးလျက်ရှိပါတယ်။ လက်ရှိမှာတော့ စာသင်ဆောင် ၊ ဆရာ၊ ဆရာမ ၊ အမိုးအကာ၊ အခင်း ၊ ကျောင်းသုံးဖတ်စာအုပ်တွေ လိုအပ်နေဆဲဖြစ်ပါတယ်။

၂၀၂၄-၂၀၂၅ စာသင်နှစ်ကို ကရင်နီပြည်တွင်းက ကျေးရွာ၊ စစ်ရှောင်စခန်းတွေမှာ ဇွန်လ ကစပြီး စတင်ဖွင့်လှစ်သင်ကြားနေပေမယ့် ကိုယ်ထူကိုယ်ထကျောင်းအများစုမှာ လိုအပ်ချက်များပြားနေတယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ