spot_img
Homeသတင်းလွိုင်ကော်မြို့မှာ လူငယ်များကို စစ်တပ်က မကြာခဏ ဖမ်းဆီး၊ ကျပ်သိန်း ၃၀ - ၅၀ အထိ ပေးဆောင်မှသာ ပြန်လွှတ်

လွိုင်ကော်မြို့မှာ လူငယ်များကို စစ်တပ်က မကြာခဏ ဖမ်းဆီး၊ ကျပ်သိန်း ၃၀ – ၅၀ အထိ ပေးဆောင်မှသာ ပြန်လွှတ်

-

CJ / ကန္တာရဝတီတိုင်း ( မ် )

စစ်ကော်မရှင်ထိန်းချုပ်ထားတဲ့ ကရင်နီပြည် ၊ လွိုင်ကော်မြို့တွင်းမှာ စစ်တပ်က လူငယ်တွေကို မကြာခဏ ဖမ်းဆီးနေပြီး အုပ်ထိန်းသူတွေက ကျပ်သိန်း ၃၀ မှ ၅၀ အထိ ပေးဆောင်မှသာ ပြန်လွှတ်ပေးတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

“သင်္ကြန်မတိုင်ခင်က ၃ယောက် ဖမ်းတယ်။ တယောက်ကိုတော့ ချက်ချင်း ပြန်လွှတ်ပြီး ကျန် ၂ယောက်ကိုတော့ သိန်း၅၀ နဲ့ ပြန်ခေါ်ရတယ်။” လို့ ကြည်သာယာရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသမီးတဦးက ဆိုပါတယ်။

ဖမ်းဆီးခံရသူ လူငယ် ၃ ဦးမှာ အနက်ရောင် နှာခေါင်းစည်း (Mask) တပ်ဆင်ကာ လမ်းမပေါ်မှာ သွားလာနေခြင်းကြောင့် မသင်္ကာသဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူတွေက ပြောဆိုကြပါတယ်။ အဆိုပါ လူငယ်တွေကို တဦးလျှင် ကျပ်သိန်း ၅၀ နဲ့ ရွေးယူခဲ့ရပြီး ဆန်တအိတ် ၊ ဆီ တပုံးလည်း ပေးဆောင်ခဲ့ရတယ်လို့ သိရပါတယ်။

အလားတူ သင်္ကြန်အတက်နေ့ (ဧပြီ ၁၆ ရက်) မှာ သင်္ကြန်လည်ပတ်ချိန်အတွင်း ခိုက်ရန်ဖြစ်ပွားခဲ့တဲ့ လူငယ်တွေကို နောက်တနေ့ ဧပြီ ၁၇ ရက်မှာ အင်အား ၁၅ ဦးပါဝင်တဲ့ ပြည်သူ့စစ်အဖွဲ့က အိမ်တိုင်ရာရောက် လိုက်လံဖမ်းဆီးခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

“တွေ့ခဲ့တာတော့ ထိုးပြီးတော့မှ လက်ထိပ်ခတ်သွားတာပဲ ။ ဘေးလူနားမေးတော့ ဆဲလို့တဲ့ ဘာဆဲလဲတော့မသိ ခုလိုဖမ်းတာက အဆင်မပြေပါဘူး။”လို့ မျက်မြင်တွေ့ရှိတဲ့ လွိုင်ကော်မြို့ခံတဦးက ပြောပါတယ်။

ရဲ၊ စစ်တပ်မပါဝင်ဘဲ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ အပြာရောင်ဝတ် ပြည်သူ့စစ်အဖွဲ့တို့က ခိုက်ရန်ဖြစ်ပွားသူတွေကို ဖမ်းဆီးခဲ့တာဖြစ်ပြီး ဖမ်းဆီးခံရသူတွေကို မည်သို့ အရေးယူလဲဆိုတာကိုတော့ အတည်ပြုနိုင်ခြင်း မရှိပါဘူး။

ပြီးခဲ့တဲ့ ဧပြီ ၁၉ ရက်၊ ည ၈ နာရီကျော်အချိန်မှာလည်း နမ့်ဘော်ဝမ် ရပ်ကွက်က လူငယ် ၂ ဦးကို အရပ်ဝတ်စစ်သားတွေက အိမ်စီးကားဖြင့် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။

” ကောင်လေးနှစ်ယောက် ဂိမ်းဆော့နေတာကို သူတို့ ( စစ်သား ) ခေါ်သွားတာ ကျနော်က တွေ့လို့ မိသားစုတွေကို တဆင့်ခံ အကြောင်းကြားပေးလိုက်တယ်။ သူတို့ပြောတာတော့ ကလေးတွေကို အဲ့ညက ဖုန်းလိုက်ဆက်တော့လည်း စက်ပိတ်သွားပြီ” လို့ အဖြစ်ပျက်ကို မြင်ခဲ့ရတဲ့ နမ့်ဘော်ဝမ်ရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသားတဦးက ဆိုပါတယ်။

အဆိုပါ လူငယ်နှစ်ဦးကို မိသားစုဝင်တွေက လွိုင်ကော်မြို့မရဲစခန်းမှာ သွားရောက် ရှာဖွေခဲ့ပေမယ့် ဖမ်းဆီးထားခြင်းမရှိကြောင်းသာ သိရှိခဲ့ရပါတယ်။ အဲ့ဒီနောက် တပ်ရင်းတွေမှာ ဆက်လက်ရှာဖွေရာ တပ်ရင်းတရင်းမှာ တွေ့ရှိခဲ့ပြီး ကျပ်ငွေ သိန်း ၃၀ ဖြင့် ပြန်လည်ရွေးယူခဲ့ရကြောင်း သတင်းရင်းမြစ်တဦးက ပြောပါတယ်။

ယခုမတ်လအတွင်း လွိုင်ကော်မြို့တွင်းမှာ အခုလို လူငယ်တွေ အကြောင်းမဲ့ ဖမ်းဆီးခံရတာ များလာတာကြောင့် စိုးရိမ်ပူပန်နေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ