ကန္တာရဝတီတိုင်း ( မ် )
စစ်အုပ်စုကိုတော်လှန်တိုက်ခိုက်ပြီး မျှော်မှန်းထားတဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ရရှိရေးအတွက် အားလုံး ပူးပေါင်းပါဝင်ကြဖို့ ဇွန်လ ၂၁ ရက်နေ့မှာ ကျရောက်တဲ့ (၁၅၁) နှစ်မြောက် ကရင်နီအမျိုးသားနေ့မှာ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းကြပါတယ်။
စစ်အာဏာရှင်စနစ်နဲ့အပေါင်းပါတွေ လုံးဝချုပ်ငြိမ်းဖို့ တော်လှန်လုပ်ဆောင်နေဆဲဖြစ်ပြီး စစ်အုပ်စု ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုကိုလည်း နိုင်ငံတကာမှာ အရေးယူဖို့ ဆောင်ရွက်နေတာက တော်လှန်ရေးအတွက် အားတခုဖြစ်တယ်လို့ ကရင်နီပြည်အစိုးရ ၊ ယဉ်ကျေးမှုနှင့် မော်ကွန်းထိန်းဌာန ၊ ဒု-ဝန်ကြီး ခူးညေးရယ်က ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။
“ တော်လှန်ရေးကို မအောင်မချင်း ဆက်သွားမယ်။ ကျနော်တို့ မျှော်မှန်းတဲ့ ပန်းတိုင်ကို ဖက်ဒရယ်ဒီမိုကရေစီ ရောက်အောင် ကျနော်တို့ တက်လှမ်းဖို့ သိပ်မဝေးတော့ဘူးဆိုတဲ့ မျှော်လင့်ချက်နဲ့ လုပ်ကြတာလေ။ အားလုံးဖြစ်စေ ၊ လူထုတွေကိုဖြစ်စေ ၊ လူငယ်တွေပဲဖြစ်ဖြစ် ကျနော်တို့ ချီတက်တဲ့ လမ်းအတိုင်း ကျနော်တို့နဲ့ ပါဝင်ပူးပေါင်းပြီးတော့မှ လက်ရှိအခြေအနေ ၊ အခက်အခဲတွေ အများကြီးရှိပေမယ့် ကြိုးစားပြီးတော့မှ သည်းခံပြီးတော့မှ ဆက်သွားစေချင်တဲ့အကြောင်း မက်ဆေ့ ( သတင်းစကား) ပေးလိုပါတယ်။” လို့ ဒု-ဝန်ကြီး ခူးညေးရယ်က ပြောပါတယ်။
၂၀၂၁ခုနှစ် နွေဦးတော်လှန်ရေးဟာ လူထု၊ ကျောင်းသားလူငယ် အပြင် အလွှာအသီးသီးက ပါဝင်လာတဲ့ အခြေအနေဖြစ်တာကြောင့် ထူးခြားတဲ့တော်လှန်ရေးဖြစ်ပြီး ရှေ့ဆက်အောင်မြင်ဖို့ နီးစပ်လာပြီလို့ ဒု-ဝန်ကြီး ခူးညေးရယ်က ဆက်ပြောပါတယ်။
ကရင်နီပြည်ဟာ သမိုင်းကြောင်းအရ သီးခြားလွတ်လပ်တဲ့ ပြည်နယ်ဖြစ်ပြီး လက်ရှိမှာလည်း တခြားတိုင်းရင်းသားတွေနဲ့အတူ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် လက်တွဲဆောင်ရွက်လျက်ရှိတယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ( IEC) က အခမ်းအနားကို ပေးပို့လာတဲ့သဝဏ်လွှာမှာ ပြောပါတယ်။
လက်ရှိ ကြားကာလအခြေအနေမှာလည်း ကရင်နီပြည်ရဲ့ အုပ်ချုပ်ရေးယန္တရားကို အတိုင်းအတာတခုထိ တည်ဆောက်နိုင်ခဲ့ပြီး ပိုမိုစနစ်ကျတဲ့ အုပ်ချုပ်ရေးစနစ် ဖြစ်လာစေဖို့ အကောင်အထည်ဖော်နေတယ်လို့ ဆိုပါတယ်။
အနာဂတ် ကရင်နီပြည်တည်ဆောက်ရာမှာ ပြည်သူလူထု၊ နိုင်ငံရေးအင်အားစု ၊ တော်လှန်ရေးတပ်ပေါင်းစုတွေနဲ့ အစုအဖွဲ့အားလုံးက စည်းလုံးညီညွတ်မှု၊ အပြန်အလှန်ယုံကြည်လေးစားမှုတို့ကို အခြေခံပြီး ဘုံရည်မှန်းချက် အောင်မြင်တဲ့အထိ ဆက်လက်ပူးပေါင်းကြိုးပမ်းသွားဖို့လည်း IEC က တိုက်တွန်းထားပါတယ်။
ကရင်နီအမျိုးသားတွေဟာ ခေတ်စနစ်ဆိုးနဲ့ စစ်အာဏာရှင်အဆက်ဆက်က အုပ်ချုပ်လွှမ်းမိုးရန် ကြိုးပမ်းမှုကြားကနေ အခက်အခဲပေါင်းများစွာကို ဖြတ်ကျော်လာခဲ့ရပြီး ယနေ့တိုင် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တို့အတွက် အသက်နှင့်ကိုယ်လက်အင်္ဂါ ပေးဆပ်ခဲ့ရတဲ့ အာဇာနည်သူရဲကောင်းများအားလုံးကို ကရင်နီအမျိုးသားများကာကွယ်ရေး ( KNDF) က မှတ်တမ်းတင် အသိမှတ်ပြုကြောင်း ပြောဆိုပါတယ်။
တရားမျှတရေး ၊ တန်းတူရေးနှင့်ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် ကျရာကဏ္ဍကနေ ရင်ဆိုင်တိုက်ပွဲဝင်သွားမယ်လို့ KNDF က ဆိုပါတယ်။
၂၀၂၁ စစ်တပ် အာဏာသိမ်းခဲ့ရာကနေ တော်လှန်ရေးကာလ ၅နှစ်ကျော်လာတာနဲ့အမျှ ကရင်နီလူထုတွေဟာ အသက်၊ အိုးအိမ် ၊ စည်းစိမ်များစွာကို စွန့်လွှတ်ခဲ့ရပြီး ဒုက္ခများစွာကို ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။
နှစ်စဉ် ဇွန်လ ၂၁ ရက်နေ့မှာ ကျရောက်တဲ့ ကရင်နီအမျိုးသားနေ့ကို ကရင်နီပြည်တွင်း ၊ ပြည်ပမှာပါ အခမ်းအနား ကျင်းပပြုလုပ်လာကြတာ ဒီကနေ့ထိတိုင် ဖြစ်ပါတယ်။






