Homeသတင်းနန်းမယ်ခုံမြို့နယ်အတွင်းကို စစ်အုပ်စု လေယာဥ်ဗုံးကြဲ

နန်းမယ်ခုံမြို့နယ်အတွင်းကို စစ်အုပ်စု လေယာဥ်ဗုံးကြဲ

-

ကန္တာရဝတီတိုင်း(မ်)

ဒီကနေ့ ဇွန်လ ၂၉ ရက်နေ့၊ နေ့လည် ၁ နာရီကျော်အချိန်မှာ ကရင်နီပြည်၊ နန်းမယ်ခုံမြို့နယ်အတွင်းတစ်နေရာကို စစ်အုပ်စုက လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လူထိခိုက်မှု မရှိဘူးလို့ ဒေသခံဆီကနေ သိရပါတယ်။

စစ်အုပ်စုက လေယာဥ်နှစ်စီးနဲ့ ဗုံးကြဲခဲ့တယ်လို့ ဒေသခံတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“တစ်ခါတည်းကို နှစ်စီးလာပြီးကြဲသွားတာ ရွာအပြင်ဖက်ကျတော့ ထိခိုက်မှုမရှိခဲ့ဘူး။”လို့ ဒေသခံ တစ်ဦးက ဆိုပါတယ်။

စစ်အုပ်စုက နန်းမယ်ခုံမြို့အပါအဝင် အနီးအနားက အနည်းဆုံး ၂ နေရာကို ဗုံးကြဲခဲ့တာဖြစ်ပြီး တောင်ကုန်းပေါ်နဲ့ ရွာပြင်အနီးမှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီတိုက်ခိုက်မှုအတွင်း နေအိမ်ပျက်စီးမှုရှိခဲ့ပြီး အခြေအနေအသေးစိတ်ကို မေးမြန်းနေဆဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက်နေ့ နေ့လည် ၁ နာရီဝန်းကျင်အချိန်မှာလည်း နန်းမယ်ခုံမြို့အတွင်းက ကျေးရွာတရွာကို စစ်အုပ်စုက ဒရုန်းနဲ့ ဗုံးကြဲခဲ့လို့ ၆ နှစ်အရွယ်နဲ့ ၁၀ နှစ်အရွယ် ကလေးငယ်နှစ်ဦး ဗုံးစထိမှန်ပြီး သေဆုံးခဲ့ပါသေးတယ်။

ဒရုန်းနဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း လူထုတွေအနေနဲ့ လုံခြုံရေးအန္တရာယ်ကြားက ဝမ်းရေးဖြေရှင်းနေရတယ်လို့ မြေပြင် စစ်ရှောင်ကူညီသူတစ်ဦးက ပြောပါတယ်။

”အခုက စိုက်ပျိုးရာသီမို့ လူထုတွေက အတတ်နိုင်ဆုံး ကိုယ့်ရွာကိုယ့်အိမ်ပြန်နေချင်ကြတာ။ အဓိက ဝမ်းရေးအတွက်ဆိုပြီးတော့။ဒါပေမဲ့ အခုလို ခနခဏ လာကြဲတာ လုပ်တော့ ဝမ်းရေးနဲ့ ကိုယ့်အသက်က တစ်ထပ်တည်းကျသွားသလိုဖြစ်တာပေါ့။”လို့ မြေပြင် စစ်ရှောင်ကူညီသူတစ်ဦးက ဆိုပါတယ်။

လက်ရှိ နန်းမယ်ခုံမြို့နယ်အတွင်းမှာ တိုက်ပွဲ ဖြစ်ပွားခြင်းတစုံတရာမရှိဘဲ လူထုတွေ နေထိုင်ကြတာဖြစ်ပါတယ်။ နေ့စဥ် စစ်အုပ်စုက ဒရုန်းနဲ့ ကင်းထောက်တာရှိပြီး ဒီရက်မှာတော့ လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

နန်းမယ်ခုံမြို့အနီးက ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့အတွင်းမှာတော့ ယခုရက်ပိုင်းအတွင်း စစ်ကော်မရှင်တပ်ကို တော်လှန်ရေးတပ်ပေါင်းစုတွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကော်မရှင်တပ်သား သေဆုံးမှုအပြင် လက်နက်ခဲယမ်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ