ကန္တာရဝတီတိုင်း ( မ် )
မိုးရွာသွန်းမှုနည်းတာကြောင့် ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်တချို့ရဲ့ တပိုင်တနိုင် စိုက်ပျိုးထားတဲ့ တောင်ယာစပါးခင်းတွေမှာ ပိုးကျရောက်မှုတွေ ဖြစ်ပေါ်နေတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။
“ကိုယ်ငတ်မှာစိုးလို့ဆိုပြီးတော့ ကိုယ်လည်း ကြိုးစားပမ်းစားပြီးတော့ တောင်ယာလေးဘာလေး နည်းနည်းပါးပါး သူများဟာငှားလုပ်တယ်ပေါ့နော်။ ဒါပေမဲ့ မိုးအခြေနေက အဲ့လိုပဲဆက်ဖြစ်မယ်ဆို ကိုယ်စားရမလား၊ မစားရဘူးလာဆိုတဲ့ဟာမျိုးလည်း စိုးရိမ်စိတ်တွေဖြစ်တယ်”လို့ တောင်ယာငှားရမ်းပြီး စိုက်ပျိုးထားတဲ့ စစ်ရှောင်အမျိုးသမီးတဦးက ပြောပါတယ်။
အိုးအိမ်စွန့်ခွာပြီး တိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်အများစုဟာ ကျေးရွာခံတွေရဲ့ တောင်ယာမြေတွေကို ငှားရမ်းပြီး စားဝတ်နေရေးအတွက် စပါးစိုက်ပျိုးကြတာပါ။ မြေငှားခကိုတော့ တစ်ဧကကို ကျပ်နှစ်သိန်းဝန်းကျင် ပေးရတယ်လို့ ဆိုပါတယ်။
မိုးရေကို အဓိကအားထား စိုက်ပျိုးရတဲ့ တောင်ယာစပါးတွေမှာ မိုးနည်းတာကြောင့် စပါးပင်တွေ အထွက်နှုန်းကျတာ၊ အပင်မသန်တာနဲ့ ပိုးကျရောက်တာတွေ ဖြစ်နေတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။ မိုးရေမလုံလောက်တာကြောင့် ပိုးကျတာတွေက တောင်ယာစပါးတင်မကဘဲ လယ်စပါးတွေမှာလည်း ဖြစ်နေတယ်လို့ ဆိုပါတယ်။
“တောင်ယာစပါးက မိုးကြီးရင်တော့ပိုကောင်းတာပေါ့နော။ မိုးရွာပေးရင်တော့ပိုကောင်းတယ်။အခုက မိုးကမကြီးဘဲနဲ့ ဖွဲဘဲဖွဲတော့ ညဖက်လည်းပိုပြီးတော့ဖွဲတော့ ပိုးတွေပဲကျလာတယ်၊ စပါးဝါတယ်။” လို့ စစ်ရှောင်အမျိုးသမီးတဦးက ပြောပါတယ်။
လက်ရှိ တောင်ယာစပါးခင်းတွေမှာ စပါးဖျက်ပိုးအမျိုးအစားဖြစ်တဲ့ ဒေသအခေါ် ဖြုတ်ပိုး ကျရောက်မှုများနေတယ်လို့ ဆိုပါတယ်။ စပါးပင်တွေ သန်မာပြီး ပိုးမွှားဒဏ်ကို ခံနိုင်ရည်ရှိစေဖို့အတွက် ပိုးသတ်ဆေးဖျန်းပြီးနောက် မြေသြဇာကို သီးသန့်ထပ်မံ ကျွေးပေးရတယ်လို့ ပြောပါတယ်။
တောင်ယာစပါးကို မေလမှာ စတင်စိုက်ပျိုးကြပြီး နှစ်လလောက်အကြာ ဇူလိုင်နဲ့ ဩဂုတ်လအစပိုင်း အပင်ကြီးထွားချိန်ရောက်ရင် ပိုးမွှားတွေ စတင်ကျရောက်လေ့ရှိတယ်လို့ သိရပါတယ်။ စစ်ဘေးရှောင်တွေ စိုက်ပျိုးထားတဲ့ တောင်ယာခင်းတစ်ဧကအတွက် ကုန်ကျစရိတ်က ကျပ် ၁၀ သိန်းဝန်းကျင် ရှိတယ်လို့ ပြောပါတယ်။






