spot_img
Homeသတင်းနိုင်ငံအတွင်း ကြက်ဥဖူလုံမှုမရှိဘူးလို့ စစ်အစိုးရ ဦးမင်းအောင်လှိုင် မိန့်ခွန်းမှာ ထည့်သွင်းပြောဆို

နိုင်ငံအတွင်း ကြက်ဥဖူလုံမှုမရှိဘူးလို့ စစ်အစိုးရ ဦးမင်းအောင်လှိုင် မိန့်ခွန်းမှာ ထည့်သွင်းပြောဆို

-

ကန္တာရဝတီတိုင်း (မ်)

မြန်မာနိုင်ငံအတွင်း ဒေသအများစုမှာ ကြက်ဥ အပါအဝင် ကြက်သား၊ ဝက်သားနဲ့ ဘဲဥ ဖူလုံမှုမရှိဘူးလို့ အာဏာသိမ်းခေါင်းဆောင်၊ စစ်အစိုးရ ဦးမင်းအောင်လှိုင်က ဒီနေ့ (ဇူလိုင် ၃၁ ရက်) မှာ ပြုလုပ်တဲ့ ရက် ၁၀၀ ပြည့် နိုင်ငံတော် အခြေပြမိန့်ခွန်းမှာ ထည့်သွင်းပြောကြားသွားပါတယ်။

မြန်မာ့လူဦးရေ ၅၂ ဒဿမ ၄ သန်းနဲ့ နှိုင်းယှဥ်ကြည့်ရင် ဥစားကြက်၊ ဥစားဘဲ ထုတ်လုပ်မှုက ‌စျေးကွက်လိုအပ်ချက် ပြည့်မှီဖို့ များစွာလိုအပ်နေတယ်လို့လည်း ပြောပါတယ်။ ဒီလိုစားသုံးမှုနဲ့ ထုတ်လုပ်မှု ကွာဟကြီးမားတာတွေကြောင့် ကုန်စျေးနှုန်းကြီးမြင့်နေရခြင်းဖြစ်တယ်လို့ ပြောပါတယ်။

ကရင်နီပြည်တွင်းမှာလည်း အာဏာမသိမ်းခင်က ကြက်မွေးမြူရေးလုပ်ငန်းလုပ်ခဲ့တဲ့ လုပ်ငန်းရှင်အများစုက ပဋိပက္ခကြောင့် နေရပ်စွန့်ခွာကြတာ၊ ကုန်စျေးမြင့်တက်မှုကြောင့် လိုအပ်တဲ့ အစာမဝယ်နိုင်တာ၊ ရေ၊ မီး ရယူမှုအဆင်မပြေတာ၊ နေရာအတည်တကျ မနေနိုင်တာကြောင့် ကြက်မွေးမြူရေး မလုပ်ဆောင်ကြတော့ဘူးလို့ ကြက်မွေးမြူရေး လုပ်ကိုင်ခဲ့တဲ့သူတွေက ပြောပါတယ်။

တဖက်မှာလည်း မွေးမြူရေးအတွက် လိုအပ်တဲ့အစာ၊ ကာကွယ်‌ဆေး တွေကို CP ကဲ့သို့ မွေးမြူရေးထုတ်ကုပ္မဏီကြီးတွေမှာလည်း အလုံအလောက် ဝယ်ယူလို့မရတော့တာကြောင့် ရန်ကုန်လိုမြို့ကြီးပြကြီးမှာလည်း ထုတ်လုပ်စရိတ်ထက် အရောင်းစျေးကျဆင်းမှုတွေ ကြုံလာရပါတယ်။

ဒါ့အပြင် နိုင်ငံတွင်း တိုက်ပွဲတွေနဲ့ လမ်းပန်း ဆက်သွယ်ရေး အခက်အခဲတွေကြောင့် ကြက်ဥတွေကို နယ်ဒေသတွေဆီ ဆက်လက်မဖြန့်ဖြူးနိုင်ဘဲ ဒိုင်တွေမှာ ပုံနေခဲ့တယ်လို့ ကြက်မွေးမြူရေးလုပ်ငန်းရှင်တွေနဲ့ ကြက်ဥဒိုင်တချို့က ပြောခဲ့ကြောင်း ဘီဘီစီသတင်းဌာနမှာ ပြောပါတယ်။

တခြား အသား၊ ငါး မွေးမြူထုတ်လုပ်မှုကလည်း တနေ့တာစားသုံးမှုနဲ့ ယှဥ်ရင် ထုတ်လုပ်မှုမလုံလောက်တာကြောင့် မွေးမြူရေးဆိုင်ရာအစာအာဟာရတွေအတွက် ပြည်ပပို့ကုန်တင်သွင်းမှုကိုလျှော့ချပြီး ကိုယ်တိုင်စိုက်ပျိုးလို့ရတဲ့ ပြောင်း၊ဆန်ကွဲ တို့ကို ပိုထုတ်လုပ်ဖို့ ပြောသွားပါတယ်။

ဒါပေမယ့် ဦးမင်းအောင်လှိုင်ဦးဆောင်ခဲ့တဲ့ အာဏာသိမ်းတပ်နဲ့ တော်လှန်ရေးတပ်တို့ကြား ထိတွေ့တိုက်ပွဲအခြေအနေ နဲ့ တောင်ယာလုပ်ငန်းလုပ်ကိုင်သူတွေကို အာဏာသိမ်းတပ်မှ ဒရုန်းဗုံးကြဲတာ၊ ဖမ်းဆီး ရိုက်နှက်တဲ့ ဖြစ်စဥ်တွေကြာင့် စိုက်ပျိုးမြေနေရာ အတည်တကျရဖို့ ခက်ခဲတယ်လို့လည်း ကရင်နီပြည်တွင်းမှာရှိတဲ့ တောင်သူတွေက ပြောပါတယ်။

အာဏာမသိမ်းခင်ကာလတုန်းက ကြက်ဥ တစ်ထောင်ဖိုးကို ၁၀ လုံးကနေ အရွယ်အစားအလိုက် ၁၃ လုံးထိ ရခဲ့ပေမယ့် လက်ရှိမှာတော့ တစ်နိုင်ငံလုံးအတိုင်းအတာအရ ကြက်ဥ ၁ လုံး ၇၀၀ ကျပ် ရောက်နေတာဖြစ်ပြီး မြန်မာ့သမိုင်းတစ်လျှောက် စံချိန်တင် မြင့်တက်လာခဲ့တာပါ။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ