CJ / ကန္တာရဝတီတိုင်း ( မ် )
စစ်အစိုးရ ထိန်းချုပ်ထားတဲ့ လွိုင်ကော်မြို့တွင်းမှာ သွားလာနေတဲ့ ပြည်သူတွေရဲ့ အိတ်၊ ဖုန်း ၊ ဆိုင်ကယ် tool box တွေမှာ စစ်ဆေးတင်းကြပ်တာကို စစ်တပ်က ဇူလိုင်လ ၂၆ ရက်နေ့ကစပြီး ပြန်လည် လုပ်ဆောင်လာတယ်လို့ မြို့ခံတွေက ပြောပါတယ်။
စစ်ဆေးမှုတွေကိုတော့ ဒေါနိုးကူးတံတားရှိရာဖက် နဲ့ သီရိမင်္ဂလာ (တောင်ဈေး) အနီးတဝိုက်မှာ အများဆုံး လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
“၃ရက်လောက်ရှိပြီ စစ်နေတာတော့ ကျွဲဂိမ်း( လောင်းကစား ဂိမ်း) တွေကို တွေ့လည်း ဖမ်းတယ်။ ဒဏ်ငွေဆောင်ခိုင်းတယ်။ PDF နဲ့ ဆက်သွယ်ထားရင်လည်းမရဘူး”လို့ မြို့ခံအမျိုးသားတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လအစောပိုင်းကလည်း မြို့တွင်းမှာ စစ်တပ်နဲ့ ရဲ ပူးပေါင်းအဖွဲ့က အခုလို စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပြီး မသင်္ကာသူတချို့ကို ဖမ်းဆီးစစ်ဆေးတာတွေ၊ ဒဏ်ငွေဆောင်ခိုင်းတာတွေ ရှိခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဒီတစ်ခေါက်မှာတော့ ရဲတွေ မပါဝင်တော့ဘဲ စစ်တပ်ကသာ သွားလာနေတဲ့ ပြည်သူတွေကို စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
“စစ်တာသိတော့ အပြင်သွားရင်ဖုန်းကို မယူသွားချင်ဘူး။ ဟိုထဲလျှောက်ကြည့် ဒီထဲလျှောက်ကြည့်နဲ့ စိတ်ညစ်လို့ ” လို့ လွိုင်ကော်မြို့ခံ အမျိုးသမီးတဦးက ပြောပါတယ်။
မြို့တွင်းကို သွားလာရင် ဖုန်းတွေကို မကြာခဏယူစစ်တာတွေ လုပ်ဆောင်နေတာကြောင့် လုံခြုံမှုမရှိသလို အမြဲစိုးရိမ်ပြီး သွားလာနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
လွိုင်ကော်မြို့တွင်းမှာတော့ စစ်အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားတွေ လည်ပတ်နေတာဖြစ်ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုလည်း ဆောင်ရွက်နေပါတယ်။ ဒါ့အပြင် နေရပ်ကနေ တိမ်းရှောင်သွားတဲ့ စစ်ဘေးရှောင်တွေကို ပြန်လာဖို့ တိုက်တွန်းနေသလို ပြန်လာကြသူတွေကိုလည်း အိမ်ထောင်စုစာရင်းနဲ့ မှတ်ပုံတင် စစ်ဆေးပြီး စာရင်းပေးသွင်းပြီးမှသာ ပြန်လည်နေထိုင်ခွင့် ပြုတယ်လို့ သိရပါတယ်။






