Homeသတင်းလုပ်ထုံးလုပ်နည်းအရ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ကြောင်း ICRC ထုတ်ပြန်

လုပ်ထုံးလုပ်နည်းအရ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ကြောင်း ICRC ထုတ်ပြန်

-

ကန္တာရဝတီတိုင်း (မ်)

လွတ်လပ်ခွင့်ဆုံးရှုံးနေသူများထံသို့ သွားရောက်တွေ့ဆုံလည်ပတ်ခြင်းဆိုင်ရာ ICRC စံနှုန်းများ၊ လုပ်ထုံးလုပ်နည်းများနဲ့အညီ အကျဥ်းကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဒီကနေ့ သြဂုတ်လ ၃ ရက်နေ့မှာ သွားရောက်တွေ့ဆုံခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ ICRC က ထုတ်ပြန်လိုက်ပါတယ်။

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ မြန်မာနိုင်ငံဆိုင်ရာ ဌာ‌နေကိုယ်စားလှယ်ဖြစ်သူ Mr. Arnaude de Baqque က
ဒေါ်အောင်ဆန်းစုကြည်ကို လာရောက် တွေ့ဆုံခဲ့တဲ့ ဓါတ်ပုံမှတ်တမ်းနဲ့အတူ စစ်အစိုးရက ဒီကနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ပြီးနောက် ICRC ကလည်း အခုလို ထုတ်ပြန်လာတာပါ။

ICRC ရဲ့ အကျဉ်းထောင်ဆိုင်ရာ လုပ်ထုံးလုပ်နည်းနဲ့ မူဝါဒများမှာ အကျဉ်းစခန်းအားလုံးသို့ အတားအဆီးမရှိ ဝင်ရောက်ခွင့်ရရှိရေး၊ သက်ဆိုင်ရာ အကျဉ်းသားတွေနဲ့ သီးသန့်တွေ့ဆုံမေးမြန်းခွင့်၊ တွေ့ဆုံစစ်ဆေးတွေ့ရှိချက်တွေကို လျှို့ဝှက်ဆွေးနွေးအကြံပြုခြင်း တို့ ပါဝင်ပါတယ်။

အခုတွေ့ဆုံမှုကလည်း လုပ်ထုံးလုပ်နည်းအတိုင်းပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောခွင့်ရခဲ့ပြီး သွားရောက်လေ့လာမှုအတွင်း တွေ့ရှိခဲ့တဲ့ တွေ့ရှိချက်၊ အကြံပြုချက်တွေကို အကျဥ်းထောင် တာဝန်ရှိသူတွေနဲ့ပဲ အတွင်းရေးကိစ္စအဖြစ် မျှဝေသွားမယ်လို့လည်း ထုတ်ပြန်ပါတယ်။

ဒီတွေ့ဆုံခြင်းအပေါ် နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ကတော့ ၂၀၂၆ ခုနှစ်၊ သြဂုတ်လ ၃ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီနဲ့ တွေ့ဆုံခွင့်ပေးတာက ပြည်တွင်းပြည်ပနဲ့ အာဆီယံ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတို့ရဲ့ စုပေါင်းဖိအားပေးမှုကြောင့် ရရှိလာတဲ့ အောင်မြင်မှု တစိတ်တပိုင်းဖြစ်တယ်လို့ သဘောထားထုတ်ပြန်ပါတယ်။

သို့ပေမယ့် စစ်အုပ်စုက ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူတွေက တရားဝင်ရွေးချယ်တင်မြှောက်ထားတဲ့ နိုင်ငံ့ခေါင်းဆောင်တဦး အနေနဲ့ အသိအမှတ်ပြုတာမဟုတ်ဘူးလို့လည်း ဆိုပါတယ်။

အခုလို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီကိုပဲရွေးချယ်ပြီး တွေ့ဆုံခွင့်ပေးတာက ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းသားအဖြစ်သာ သဘောထားနေကြောင်း သိသာထင်ရှားစေတယ်လို့လည်း AAPP ကဆိုပါတယ်။

တဆက်တည်းမှာပဲ မြန်မာနိုင်ငံရဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ လွှတ်ပေးရမယ့်အပြင် နိုင်ငံတော်ကို ပြန်လည် ဦးဆောင်ဖို့ သူမရဲ့အခန်းကဏ္ဍကို တရားဝင်အသိမှတ်ပြုရမှာဖြစ်တယ်လို့ AAPP က ထုတ်ပြန်ထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ