spot_img
Homeသတင်းဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်း၊ ကျေးရွာတရွာကို စစ်အုပ်စုတပ်က ဗုံးကြဲခဲ့ပြီး ၅လသား ကလေးအပါဝင် အရပ်သား ၅ ဦး ထိမှန်သေဆုံး

ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်း၊ ကျေးရွာတရွာကို စစ်အုပ်စုတပ်က ဗုံးကြဲခဲ့ပြီး ၅လသား ကလေးအပါဝင် အရပ်သား ၅ ဦး ထိမှန်သေဆုံး

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းက ကျေးရွာတရွာကို စစ်အုပ်စုတပ်ကနေ ဩဂုတ်လ ၄ရက်နေ့၊ ညနေ ၆ နာရီကျော်အချိန်မှာ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ၅လသား ကလေးငယ်အပါဝင် အရပ်သား ၅ ဦး ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

” ဒရုန်းနဲ့ လာကြဲတာ၊ နှစ်လုံးကြီးကျတော့ ရွာသားတချို့ထိသွားတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

ဓါတ်ပုံ – ထွန်းမြန်မာဒိုနေးရှင်း

စစ်အုပ်စုတပ်က ဒရုန်းဗုံး ၂ လုံးနဲ့ တိုက်ခိုက်မှုကြောင့် အမျိုးသား ၃ ဦး ပွဲချင်းပြီး သေဆုံးခဲ့သလို ဆေးကုသမှုခံယူရင်း ၂ ဦးထပ်မံ သေဆုံးခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ သေဆုံးသူတွေထဲ ၅လသားအရွယ် မိန်းကလေးငယ်တဦး ၊ အသက် ၄၈ နှစ်အရွယ် အမျိုးသမီးတဦး၊ အသက် ၆၅ နှစ် အရွယ် အမျိုးသားတဦး နဲ့ အသက်အရွယ် အတည်မပြုနိုင်သေးတဲ့ အမျိုးသားနှစ်ဦး ပါဝင်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် တခြားထိခိုက်ဒဏ်ရာရသူလည်း ရှိပြီး ဆေးကုသမှုခံယူနေရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၃ ရက်နေ့ နေ့လည်ပိုင်းအချိန်မှာလည်း စစ်အုပ်စုတပ်က ဖရူဆိုမြို့နယ်အရှေ့ဘက်ခြမ်းတနေရာကို ဒရုန်းနဲ့ ဗုံးကြဲခဲ့ပြီး အသက် ၄၀ အရွယ် အမျိုးသမီး တဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။ ဖရူဆိုမြို့နယ်မှာ ယခုရက်ပိုင်းအတွင်း စစ်အုပ်စုတပ်က ဒရုန်းနဲ့ဗုံးကြဲလို့ သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူ များပြားနေတာကြောင့် စိုးရိမ်ထိတ်လန့်နေရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

လက်ရှိမှာတော့ ဒီးမော့ဆို – ဖရူဆို-ဘောလခဲ လမ်းမကြီးကို စစ်အုပ်စုတပ်က ထိန်းချုပ်ထားဆဲဖြစ်ပြီး ဒေသခံနဲ့ စစ်ဘေးရှောင်တွေရှိရာဖက်ကို ဒရုန်း၊ လက်နက်ကြီးတွေနဲ့ မကြာခဏ ပစ်ခတ်မှုတွေ လုပ်ဆောင်နေတာကြောင့် ထိခိုက်သေဆုံးမှုတွေလည်း ရှိနေပါတယ်။

 

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ