ကန္တာရဝတီတိိုင်း(မ်)
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်း၊ လွိုင်နန်းဖမြို့နယ်၊ ဒေါတငူးကျေးရွာအုပ်စုအတွင်းမှာ လမ်းမီးတိုင်က မီးကြိုးတွေကိုဖြုတ်ပြီး ခိုးယူတဲ့ဖြစ်စဉ်တွေ မကြာခဏရှိလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ယခင်က အခြားဒေသတွေမှာ မီးကြိုးခိုးယူခံရတဲ့ သတင်းတွေကို ကြားသိခဲ့ရပေမယ့် ဒေါတငူးကျေးရွာအုပ်စုမှာတော့ ပြီးခဲ့တဲ့ ဇူလိုင်လကစပြီး အခုလို မီးကြိုးခိုးယူခံရမှုတွေ ရှိလာတယ်လို့ ဆိုပါတယ်။
ခိုးယူသူတွေက လူတွေအိပ်မောကျတဲ့ ညသန်းခေါင်ယံအချိန်တွေမှာ လမ်းမကြီးတစ်လျှောက်က မီးကြိုးတွေကို ဖြုတ်ယူသွားတာဖြစ်ပါတယ်။ တချို့နေရာတွေမှာတော့ ဖြုတ်ယူထားတဲ့ မီးကြိုးတွေ လမ်းမပေါ်မှာ တန်းလန်းကျန်ခဲ့တာကြောင့် သွားလာနေတဲ့ ယာဉ်တွေအတွက် အန္တရာယ်ဖြစ်စေတယ်လို့ ဒေါတငူးကျေးရွာအုပ်စုရဲ့ တာဝန်ရှိသူက ပြောပါတယ်။
“ဒီမနေ့က(ဩဂုတ် ၄ ရက်) ညကပဲ လာခိုးသွားတာဖြစ်မယ်။ အများပြည်သူ သွားလာတဲ့လမ်းမှာ မီးကြိုးအကြီးကြီး တန်းလန်းကျန်ခဲ့တယ်။ ယာဉ်သွားလာနေတဲ့သူတွေအတွက် အရမ်းအန္တရာယ်ရှိလို့ အခု ယာဉ်တွေ လွတ်အောင် ပြန်ရှင်းနေရတယ်” လို့ အဆိုပါ တာဝန်ရှိသူက ပြောပါတယ်။
ဒေသခံတွေရဲ့ ပြောဆိုချက်အရ ခိုးယူသူတွေဟာ မီးကြိုးတစ်ခွေလုံးကို ဖြုတ်ယူသွားတာမဟုတ်ဘဲ မီးကြိုးအပြင်ဘက်က အလွှာတွေကို ခွာယူပြီး သံတိုသံစအဖြစ် ပြန်ရောင်းဖို့ ယူသွားတာဖြစ်နိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အခုလို ခိုးယူမှုတွေဟာ လူတဦးတည်းလုပ်တာထက် အုပ်စုဖွဲ့ပြီး လုပ်ဆောင်တာဖြစ်နိုင်တယ်လို့လည်း ဒေသခံတွေက သုံးသပ်ပါတယ်။
“ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတနေရာမှာ ပြန်လည်ရောင်းချကြတာဖြစ်ပြီး ထိုမှတဆင့် လိပ်သို၊ တောင်ငူ ဘက်ကို ပြန်လည် ပို့ဆောင်ကြတာ ဖြစ်တယ်” လို့ အသက် ၃၀ ကျော် အမျိုးသားတဦးက ပြောပါတယ်။
ကျေးရွာအတွင်းမှာ မီးကြိုးဖြုတ်ပြီး ခိုးယူတဲ့ဖြစ်စဉ်တွေ ဆက်တိုက်ရှိနေတဲ့အတွက် သက်ဆိုင်ရာ မြို့နယ်တာဝန်ရှိသူတွေအနေနဲ့ ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးပြီး ကျူးလွန်သူတွေကို ထိရောက်စွာ အရေးယူဆောင်ရွက်ပေးဖို့ ဒေသခံတွေက တောင်းဆိုထားတယ်လို့ သိရပါတယ်။







