spot_img
Homeသတင်းစပါးဖျက်ပိုးကျရောက်မှုကြောင့် စပါးအထွက်နှုန်း လျော့ကျမှာကို စိုက်ပျိုးတောင်သူတွေ စိုးရိမ်

စပါးဖျက်ပိုးကျရောက်မှုကြောင့် စပါးအထွက်နှုန်း လျော့ကျမှာကို စိုက်ပျိုးတောင်သူတွေ စိုးရိမ်

-

ကန္တရဝတီတိုင်း(မ်)

စားဝတ်နေရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်နေကြတဲ့ တောင်သူတွေရဲ့ စပါးခင်းတွေမှာ နှစ်စဉ် စပါးဖျက်ပိုးကျရောက်မှုကို ကြုံတွေ့နေရတယ်လို့ ဒီးမော့ဆိုမြို့နယ်ရှိ စိုက်ပျိုးတောင်သူတွေက ပြောပါတယ်။

ယခုစိုက်ပျိုးရာသီမှာလည်း စပါးခင်းတွေမှာ စပါးဖျက်ပိုး ကျရောက်လာပြီးနောက် တောင်သူတွေဟာ ပိုးမပြန့်ပွားစေဖို့ ပိုးသတ်ဆေးအမျိုးမျိုးကို အသုံးပြုပြီး ကာကွယ်နေကြတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ပိုးသတ်ဆေးဖျန်းတာဟာ ယာယီသာ ထိန်းချုပ်နိုင်ပြီး နောက်ပိုင်းမှာ စပါးဖျက်ပိုး ထပ်မံကျရောက်မှုတွေ ရှိနေတယ်လို့လည်း ပြောပါတယ်။

“သက်သာသွားတယ်ပေါ့။ ဒါပေမယ့်အခု လောလောဆယ်တော့ ကျနော်တို့ ပေါင်းရှင်းပေးမယ် မြေဩဇာထပ်ကျွေးမယ်။ ပိုးကျတဲ့လက္ခဏာ ထပ်ဖြစ်လို့ရှိရင်တော့ အဲ့ဒီဆေးကိုပဲ ထပ်သုံးဖို့တော့ စဉ်းစားထားတယ်” လို့ နန်းမယ်ခုံမြို့နယ်ရှိတောင်သူတဦးက ဆိုပါတယ်။

နန်းမယ်ခုံမြို့နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ဒုတိယပတ်ကစလို့ စပါးဖျက်ပိုးတွေ ကျရောက်လာတာဖြစ်ပြီး တောင်သူတွေကတော့ ပိုးမပြန့်ပွားစေဖို့ ဓာတုပိုးသတ်ဆေးတွေ ဖျန်းကာ ကာကွယ်နှိမ်နင်းနေတယ်လို့ ဆိုပါတယ်။ ဓာတုပိုးသတ်ဆေးတွေနဲ့ ကာကွယ်နှိမ်နင်းထားပေမယ့် အချို့စပါးခင်းတွေမှာ စပါးဖျက်ပိုး ထပ်မံကျရောက်နေတယ်လို့လည်း တောင်သူတွေက ပြောပါတယ်။

စပါးဖျက်ပိုး ထပ်မံမပြန့်ပွားစေဖို့ ပိုးသတ်ဆေးသုံးစွဲတာတစ်ခုတည်းနဲ့ မလုံလောက်ဘဲ လယ်ကွင်းချင်း နီးစပ်တဲ့ တောင်သူတွေအနေနဲ့ ဆေးဖျန်းချိန်ကို ညှိနှိုင်းပြီး တစ်ပြိုင်နက်တည်း ကာကွယ်နှိမ်နင်းဖို့ လိုအပ်တယ်လို့ IEC ရဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဌာနမှ ဒုဌာနမှူး -၁ ကိုတင့်ဆွေက အခုလို တိုက်တွန်း ပြောဆိုထားပါတယ်။

“တကွင်းတစက်ထဲမှာရှိတဲ့‌တောင်သူတွေ အချင်းချင်း ညီဖို့တော့လိုမယ်ပေါ့နော။ ဥပမာ ကျနော့်အခင်းမှာ ဆေးဖြန်းမယ်ဆိုလို့ရှိရင် ဘေးအခင်းတွေက ဆေးမဖြန်းဘူး။ ကျနော့်အခင်းမှာက သဘာဝနည်းတွေနဲ့ ကာကွယ်မယ်။ ဘေးအဖွဲ့တွေက မကာကွယ်ဘူး။ မနှိမ်နင်းဘူးဆိုလို့ရှိရင်တော့ ကျနော်တို့ကာကွယ်နှိမ်နင်းသလောက် ထိရောက်မှုကတော့ အရမ်းနည်းတယ်။ အဲ့တော့ တောင်သူတွေအချင်းချင်း ဒီပိုးကျရောက်ပြီဆိုရင်တော့ တကွင်းတစက်ထဲ ကျနော်တို့ အားလုံးအတူတူ ဝိုင်းဝန်းကာကွယ်ကြမယ်ဆိုရင်တော့ ထိရောက်တဲ့ကာကွယ်နှိမ်နင်းနည်း တခုဖြစ်မှာပါ”လို့ ကိုတင့်ဆွေက ပြောပါတယ်။

တောင်သူတွေအနေနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို လျှော့ချနိုင်ဖို့ ပထမဦးစွာ သဘာဝနည်းလမ်းတွေနဲ့ ကာကွယ်နှိမ်နင်းသင့်တယ်လို့လည်း ကိုတင့်ဆွေက အကြံပြုပါတယ်။

ရေသွင်းစိုက်ပျိုးရတဲ့ လယ်ယာစပါးခင်းတွေတင်မဟုတ်ဘဲ တောင်ယာစပါးခင်းတွေမှာလည်း စပါးဖျက်ပိုး ကျရောက်မှုတွေရှိနေတယ်လို့ ဒီးမော့ဆိုမြို့နယ်အနောက်ဖက်ခြမ်းရှိ ဒေသခံတဦးက ပြောပါတယ်။

လယ်ယာနဲ့ တောင်ယာစပါးခင်းတွေမှာ အများအားဖြင့် စပါးဆစ်ပိုးနဲ့ ဒေသအခေါ် ဖြုတ်ပိုးတွေ ကျရောက်နေပြီး၊ ထိခိုက်တဲ့ စိုက်ဧကအရေအတွက်ကိုတော့ အတိအကျ မသိရဘူးလို့ ဆိုပါတယ်။ စပါးဖျက်ပိုးက လယ်တခင်းလုံးအနှံ့ ကျရောက်တာမျိုးမဟုတ်ဘဲ နေရာကွက်ပြီး အနည်းငယ်စီ ကျရောက်နေတယ်လို့လည်း ပြောပါတယ်။

အခုလို စပါးဖျက်ပိုး ကျရောက်မှုတွေကြောင့် စပါးအထွက်နှုန်း လျော့ကျသွားမှာကို တောင်သူတွေက စိုးရိမ်နေကြတာပါ။ ယခုနှစ် စိုက်ပျိုးရာသီအတွင်း စပါးခင်းတွေမှာ စပါးဖျက်ပိုးကျရောက်မှုအပြင် ခရုနဲ့ ကြွက်ဖျက်ဆီးမှုတွေကိုလည်း ကြုံတွေ့နေရတယ်လို့ တောင်သူတွေက ပြောပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ