ကန္တရဝတီတိုင်း(မ်)
ကရင်နီပြည်တွင်းက နေရာဒေသအသီးသီးမှာ ရက်သတ္တပတ်အတွင်း စက်သုံးဆီဈေးနှုန်း ကျပ် ၂,၀၀၀ ဝန်းကျင်အထိ ထပ်မံမြင့်တက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၈ ရက်နေ့က ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းမှာ ဓာတ်ဆီ ၁လီတာဈေးနှုန်းဟာ ကျပ် ၉,၀၀၀ မှ ၁၀,၀၀၀ ဝန်းကျင် ရှိခဲ့ရာက လက်ရှိမှာတော့ ၁ လီတာ ကျပ် ၁၁,၀၀၀ မှ ၁၂,၀၀၀ အထိ မြင့်တက်သွားတယ်လို့ သိရပါတယ်။
အခုလို ဆီဈေးနှုန်း မြင့်တက်လာတာကြောင့် နေ့စဉ် လုပ်ငန်းခွင်ကို သွားလာနေကြတဲ့ ဝန်ထမ်းတွေနဲ့ ပြည်သူတွေအတွက် သွားလာစရိတ် ပိုမိုမြင့်တက်လာပြီး စားဝတ်နေရေးအပေါ်အခက်အခဲတွေ ပိုများလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“တခါတလေဆို အဝေးကြီးသွားရတဲ့ဟာမျိုးကတော့ ရက်တိုင်းသွားရတဲ့ဟာမျိုးလည်း ရှိတယ်။ တချို့က ရက်ခြားပြီးသွားတဲ့ဟာမျိုးရှိတယ်။ ကျနော်တို့က တခါသွားရင် အနည်းဆုံးက ၁ လီတာ ထည့်နေရတယ်။ တစ်ပတ်ကို ကျနော်တို့ ၃ ရက်လောက်သွားမယ်ဆိုလို့ရှိရင် သေချာတာကတော့ ၃လီတာလောက်ဖြစ်သွားမယ်” လို့ ဒီးမော့ဆိုမြို့နယ်က၂၆ နှစ်အရွယ် အမျိုးသားဝန်ထမ်းတဦးက ပြောပါတယ်။
လက်ရှိ မိုးကာလမှာ ဆီတင်သွင်းရတဲ့ လမ်းကြောင်းနဲ့ သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်ပေါ် မူတည်ပြီး ဈေးနှုန်းမြှင့်တင် ရောင်းချနေရတာဖြစ်တယ်လို့ စက်သုံးဆီအရောင်းဆိုင် ပိုင်ရှင်တွေက ပြောပါတယ်။ ဒါ့အပြင် နေရာဒေသအလိုက် စက်သုံးဆီဈေးနှုန်း ကွာခြားမှုရှိနေတယ်လို့လည်း ဆိုပါတယ်။
ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းဒေသတွေမှာတော့ သယ်ယူပို့ဆောင်ရတဲ့ အကွာအဝေးနဲ့ လမ်းကြောင်းအခြေအနေပေါ် မူတည်ကာ ဓာတ်ဆီ ၁လီတာကို ကျပ် ၁၂,၀၀၀ ကနေ ၁၈,၀၀၀ အထိ ရောင်းချနေတယ်လို့ သိရပါတယ်။ အချို့ဒေသတွေမှာ ဓာတ်ဆီ ၁လီတာဈေးက တစ်ရက်လုပ်အားခနဲ့ ညီမျှနေတာကြောင့် စားဝတ်နေရေးအပေါ် ပိုမိုဖိအားဖြစ်စေတယ်လို့ ဖရူဆိုမြို့နယ်က စက်သုံးဆီရောင်းချသူ အမျိုးသားတဦးက ပြောပါတယ်။
“ကျနော်တို့ရောင်းနေတဲ့သူတွေထက်စာရင်တော့ သုံးစွဲနေတဲ့ မိဘပြည်သူတွေက ပိုပြီးတော့မှအခက်ခဲဖြစ်မှာပေါ့နော။ ပြောရမယ်ဆိုလို့ရှိရင် ပုံမှန်တနေ့လုပ်ရတဲ့ဝင်ငွေပေါ့နော၊ ရတဲ့အခါမှာ သွားလာရေးအတွက် ဓာတ်ဆီပြန်ပြီးတော့ သုံးရတယ်ဆိုလို့ရှိရင် ရတဲ့လုပ်အားခအများကြီးပြန်ပြီးတော့ သုံးလိုက်ရတဲ့သဘောမျိုးဆိုတော့လေး အခက်ခဲတော့ တော်တော်လေးဖြစ်နိုင်တယ်ဗျ”လို့ သူက ဆိုပါတယ်။
စက်သုံးဆီဈေးနှုန်း မြင့်တက်လာတာဟာ ကုန်စည်သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်ကိုလည်း မြင့်တက်စေပြီး ပြည်သူတွေ နေ့စဉ်ဝယ်ယူစားသုံးနေရတဲ့ ကုန်ပစ္စည်းဈေးနှုန်းအပေါ်မှာသက်ရောက်မှုရှိလာတယ်လို့ ကုန်သည်တွေက ပြောပါတယ်။
စက်သုံးဆီဈေးနှုန်း မတည်ငြိမ်မှုကြောင့် ပြည်သူတွေနဲ့ ကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို လျှော့ချနိုင်ဖို့ သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ စက်သုံးဆီဈေးနှုန်းကို စနစ်တကျ ထိန်းညှိပေးစေလိုတယ်လို့ စက်သုံးဆီအရောင်းဆိုင် ပိုင်ရှင်တဦးက တောင်းဆိုထားပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီက ဒေသအများအပြားမှာ စက်သုံးဆီသယ်ယူပို့ဆောင်ရေး လမ်းကြောင်းအခြေအနေပေါ် မူတည်ပြီး ဈေးနှုန်းမြင့်တက်မှုနဲ့ ဆီပြတ်လပ်မှုတွေကို မကြာခဏ ကြုံတွေ့နေရတာပါ။ လက်ရှိ စစ်အစိုးရ ထိန်းချုပ်ထားတဲ့ လွိုင်ကော်မြို့တွင်းမှာတော့ ပြည်မကနေ တိုက်ရိုက်တင်သွင်းလာတဲ့ ဓာတ်ဆီ ၁ လီတာကို ကျပ် ၄,၅၀၀ နဲ့ ရောင်းချနေတယ်လို့ သိရပါတယ်။







