ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်နဲ့ ကယန်းဒေသအတွင်းမှာ စစ်အုပ်စုတပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း နေအိမ် ၁၀ လုံးကျော် ပျက်စီးခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) ရဲ့ စာရင်းအရ သိရပါတယ်။
ထိခိုက်ပျက်စီးမှုတွေထဲ လက်နက်ကြီး၊ လက်နက်ငယ် ထိမှန်မှုကြောင့် နဲ့ မီးရှို့ဖျက်ဆီးတာ၊ တိုက်ပွဲအတွင်း မီးလောင်ပျက်စီးမှုအပြင် လေယာဥ်နဲ့ ဒရုန်း ဗုံးကြဲမှုတွေကြောင့် ထိခိုက်ပျက်စီးခဲ့တာပါ။
စစ်တပ်အာဏာသိမ်းကာလ ကြာလာတာနဲ့အမျှ လူထုနေအိမ် ထိခိုက်ပျက်စီးမှုတွေများလာသလို စစ်ရှောင်လူထုတွေအနေနဲ့လည်း ပျက်စီးဆုံးရှုံးမှုတွေအတွက် စိတ်ထိခိုက်နေရတယ်လို့ ကရင်နီပြည်က စစ်ရှောင်အမျိုးသမီးတစ်ဦးက အခုလိုပြောပါတယ်။
“ကျမတို့ အိမ်ကတော့ မရှိတော့ဘူးလေ။ ခြံဝန်းထဲကိုမှာ မောင်နှမတွေဆောက်ထားတာ မိသားစုအိမ်၊ ညီမလေးအိမ် မောင်လေးအိမ် အဲ့တာကို ၃ အိမ်လုံး အခုကမရှိတော့ဘူး။သူတို့(စစ်တပ်) ရှို့ပစ်ကုန်တာ။ အိမ်တစ်လုံးရဖို့ဆို ပင်ပင်ပန်းပန်း အဲ့လောက်လုပ်ခဲ့ ရှာခဲ့ရတာ။တအားရင်နာတယ်။”လို့ ကရင်နီပြည်က စစ်ရှောင်အမျိုးသမီးတစ်ဦးက ဆိုပါတယ်။
အဆိုပါ နေအိမ် ပျက်စီးမှုတွေအပြင် ဘာသာရေးအဆောက်အဦး၊ ဆေးရုံဆေးခန်းတွေလည်း ထိခိုက်ပျက်စီးမှုတွေရှိတယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ကရင်နီပြည်အပါအဝင် မြန်မာနိုင်ငံအတွင်းက ဒေသအများစုမှာ စစ်အုပ်စုတပ်က တိုက်ခိုက်မှုပေါင်းစုံနဲ့ လုပ်ဆောင်လာတာ ၅ နှစ်ကျော်အတွင်း ရောက်ရှိလာပြီး ကရင်နီပြည်နဲ့ ကယန်းဒေသအတွင်းမှာ နေအိမ်ပေါင်း ၃၄၁၃ လုံး ပျက်စီးမှုတွေရှိခဲ့တယ်လို့လည်း ယမန်နေ့ ဩဂုတ်လ ၅ ရက်နေ့မှာ PKPF ကထုတ်ပြန်ထားပါတယ်။
ဒေသအလိုက် ထိခိုက်ပျက်စီးမှုမှာတော့ လွိုင်ကော်မှာ ၉၈၅ လုံးနဲ့ ပျက်စီးမှုအများဆုံးရှိခဲ့ပြီး ဘောလခဲမှာ ၄၃ လုံးနဲ့ ထိခိုက်ပျက်စီးမှု အနည်းဆုံးဒေသဖြစ်တယ်လို့ ဆိုထားပါတယ်။







