ကန္တာရဝတီတိုင်း(မ်)
ယမန်နေ့ သြဂုတ်လ ၆ ရက်နေ့၊ ညနေ ၆ နာရီ ဝန်းကျင်အချိန်မှာ ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်း တနေရာကို စစ်အုပ်စုတပ်က လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အသက် ၅၀ ကျော် စစ်ဘေးရှောင် အမျိုးသားတဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“သေဆုံးသွားသူ အမျိုးသားတဦးက ကလေးငယ်သုံးယောက်ရဲ့ ဖခင်တဦးဖြစ်ပြီး နေရာမှာတင် လေယာဉ်ပေါ်က ပစ်တဲ့ လက်နက်ကြီး ထိမှန်ပြီး သေဆုံးသွားခဲ့တာ ဖြစ်တယ်”လို့ မျက်မြင်တွေ့ရှိတဲ့ စစ်ဘေးရှောင်အမျိုးသားတဦးက ပြောပါတယ်။
စစ်အုပ်စုရဲ့ ဂျက်ဖိုက်တာက စစ်ရှောင်စခန်းတနေရာကို သုံးကြိမ်တိုင် လာရောက်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီပစ်ခတ်မှုကြောင့် စစ်ဘေးရှောင်အမျိုးသားတဦးကို ဗုံးစထိမှန်ခဲ့တာဖြစ်ပြီး နေရာမှာတင် ပွဲချင်းပြီးသေဆုံးခဲ့တာလို့ ပြောပါတယ်။
ဒါ့အပြင် အသက် ၇၀ ဝန်းကျင် အမျိုးသမီးတဦးလည်း ထိမှန်ဒဏ်ရာရရှိခဲ့ပြီး လက်ရှိမှာ ဆေးကုသမှုခံယူနေရပါတယ်။ စစ်အုပ်စုတပ်က လေယာဉ်ပေါ်ကနေ သုံးကြိမ်မြောက် ပစ်ခတ်တဲ့ဗုံးစက စစ်ဘေးရှောင်ကလေးတွေ ပညာသင်ယူနေတဲ့ အလယ်တန်းကျောင်းဆောင်ကို ထိမှန်ခဲ့ပြီး ကျောင်းဆောင်တခုလုံး ပျက်စီးခဲ့ပါသေးတယ်။
စစ်အုပ်စုတပ် လေယာဉ်ဗုံးကြဲမှု ပြုလုပ်တဲ့နေရာရဲ့ အနီးအနားက ဒေါငံခါးကျေးရွာမှာ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတဲ့ စစ်အုပ်စုတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ နေ့စဉ်နီးပါး တိုက်ပွဲဖြစ်ပွားမှုတွေ ရှိနေပြီး လေယာဉ်၊ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ အသုံးပြုတိုက်ခိုက်နေတယ်လို့ သိရပါတယ်။







