ကန္တာရဝတီတိုင်း(မ်)
စစ်အုပ်စုရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်လက်ဖြစ်ပွားနေတဲ့အတွက် အာဆီယံနိုင်ငံတွေအနေနဲ့ စစ်အစိုးရကို ကော်ဇောနီခင်းကြိုဆိုတာမျိုး မလုပ်ဘဲ အပြည်ပြည်ဆိုင်ရာဥပဒေတွေကို လိုက်နာဖို့နဲ့ အာဏာစွန့်လွှတ်ဖို့ ဖိအားပေးသင့်တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က ဩဂုတ် ၁၀ ရက်မှာ ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၆ ရက်က ထိုင်းဝန်ကြီးချုပ်နဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့တာကိုလည်း KnHRG က ပြင်းထန်စွာ ရှုတ်ချထားပါတယ်။
အခုလို အာဆီယံနိုင်ငံတွေက မင်းအောင်လှိုင်ကို လက်ခံတွေ့ဆုံဆွေးနွေးတာဟာ စစ်အုပ်စုရဲ့ မတရားလုပ်ရပ်တွေ တရားဝင်ဖြစ်မှုကို သက်ရောက်စေတယ်လို့ KnHRG က ဆိုပါတယ်။ စစ်ခေါင်းဆောင် ထိုင်းနိုင်ငံကိုရောက်ရှိချိန် ရက်ပိုင်းအတွင်း ကရင်နီပြည်၊ ဖရူဆိုမြို့နယ်မှာ လသားကလေးငယ်အပါဝင် အရပ်သား ၅ ဦး ဒရုန်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရပါတယ်။ အဲ့ဒီတိုက်ခိုက်မှုကို စစ်အစိုးရခေါင်းဆောင် အမိန့်ပေးတဲ့ စစ်တပ်က လုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အာဆီယံအနေနဲ့ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို ထိရောက်စွာ ဆက်လက်အကောင်အထည်ဖော်ဖို့လည်း လိုအပ်တယ်လို့ ပြောပါတယ်။
“အဓိကကတော့ ကျန်တဲ့နိုင်ငံရေးခေါင်းဆောင်တွေကို ပြန်ပြီးတော့မှ လွှတ်ငြိမ်းချမ်းသာခွင့်ပေးတာတွေ၊ လူ့အခွင့်အရေးတစ်ရပ်ဖြစ်တဲ့ လူသားချင်းစာနာ ထောက်ထားမှု အကူအညီတွေ လွတ်လပ်စွာ ပြုလုပ်တာတွေ၊ ပစ်ခတ်တိုက်ခိုက်မှုတွေ၊ သတ်ဖြတ်မှုတွေ ရပ်တာတွေ အားလုံးပါဝင်တဲ့ ကျနော်တို့ နိုင်ငံရေး ဆွေးနွေးပွဲတွေ သွားဖူးချင်တာ။ ဒါမှသာလျှင် ကျနော်တို့ လိုချင်တဲ့ တကယ်စစ်မှန်တဲ့ ငြိမ်းချမ်းရေး အပစ်အခတ် ရပ်ဆဲရေး တဆင့် ကျနော်တို့ ငြိမ်းချမ်းရေးဆီ သွားနိုင်မှာဖြစ်တယ်”လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ( KnHRG) တည်ထောင်သူ ဦးဗညားက ဆိုပါတယ်။
နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ စစ်အုပ်စုရဲ့ ရာဇဝတ်ကျူးလွန်မှုတွေကို နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) ထံ တင်သွင်းဖို့နဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် တာဝန်ယူ၊ တာဝန်ခံမှုရှိလာစေဖို့ ဒေသခံအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့လည်း KnHRG က တိုက်တွန်းထားပါတယ်။
ကရင်နီပြည်မှာ ပြီးခဲ့တဲ့ ဇွန်လအတွင်း စစ်အုပ်စုရဲ့ လေကြောင်းနဲ့ ဒရုန်းတိုက်ခိုက်မှုတွေကြောင့် ပြည်သူ ၁၁ ဦး ဒဏ်ရာရရှိခဲ့ပြီး ၂ ဦး သေဆုံးခဲ့သလို ဩဂုတ်လအတွင်းမှာလည်း အရပ်သား ၆ ဦး သေဆုံးခဲ့ပါတယ်။






