ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းက စစ်ရှောင်စာသင်ကျောင်းတစ်ခုမှာ စာရေးကိရိယာတွေအပြင် စာသင်ခုံတွေလည်း လိုအပ်နေဆဲဖြစ်တယ်လို့ ကျောင်းတာဝန်ခံတစ်ဦးထံက သိရပါတယ်။
၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းမဖွင့်လှစ်ခင် စာရေးခုံနဲ့ ထိုင်ခုံတွေ ပြုလုပ်ထားပေမယ့် ကျောင်းသားဦးရေနဲ့ မလုံလောက်ဘူးလို့ ဆိုပါတယ်။
“အဲ့ဒီထိုင်ခုံတွေက သံပါးပါးလေးတွေပါ။ ပြန်ပြင်ဖို့လည်းမလွယ်ဘူး။ ခုလောလောဆယ်တော့ အဲ့လိုပဲ ထိုင်ရတယ်။ ကျောင်းမဖွင့်ခင် နွေတုန်းက ကျနော်တို့ စာရေးခုံ၊ ထိုင်ခုံ အသစ် အစုံ ၂၀ လုပ်ထားတယ်။ ရပ်ရွာက သစ်၊ပျဉ် တွေ ကူပေးတယ်။ ဒါပေမဲ့ ကျောင်းသားဦးရေနဲ့ မလောက်ဘူး ဖြစ်နေတယ်။အခြား စာရေးကိရိယာတွေကောပါပဲ လိုအပ်တာက။”လို့ ကျောင်းတာဝန်ခံတစ်ဦး ကဆိုပါတယ်။
အဆိုပါ ထိုင်ခုံတွေဟာ ကျောင်းစတင်ဖွင့်လှစ်ခဲ့တဲ့ ၂၀၂၄ ခုနှစ်ကတည်းက အသုံးပြုလာတာဖြစ်ပြီး အသုံးပြုတာကြာလာတာကြောင့် ပျက်စီးမှုတွေရှိလာသလို ထိုင်ခုံတစ်ခုံကို ကျောင်းသားဦးရေ မလုံလောက်စွာ ထိုင်နေရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ရှောင်စာသင်ကျောင်းအများစုမှာ ကျောင်းသားတွေအတွက် စာရေးကိရိယာ မလုံလောက်တာတွေနဲ့ ကျောင်းဆရာ၊ ဆရာမတွေအတွက် ထောက်ပံ့ကြေး လိုအပ်ချက်တွေရှိနေတယ်လို့ အဆိုပါကျောင်းတာဝန်ခံက ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၈ ရက်နေ့မှာလည်း လမ်းပန်းဆက်သွယ်ရေး အခက်ခဲကြားကနေ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းက စာသင်ကျောင်းပေါင်း (၃၀) အတွက် ဆယ်သဲဖောင်ဒေးရှင်းကနေ ကျောင်းသုံး စာရေးကိရိယာများကို ယခုနှစ်အတွက် ပထမဆုံးအကြိမ် ဖြန့်ဝေခဲ့တာရှိပါတယ်။
လိုအပ်ချက်ရှိတဲ့ စစ်ရှောင်စာသင်ကျောင်းတွေ များပြားနေတာကြောင့် လိုအပ်ချက်တွေကို အပြည့်အဝ ဖြည့်ဆည်းပေးနိုင်သေးဘဲ ဆက်လက်လိုအပ်နေဆဲဖြစ်တယ်လို့ စစ်ရှောင်စာသင်ကျောင်းတစ်ခုက ကျောင်းတာဝန်ခံတစ်ဦးထံက သိရပါတယ်။







