ကန္တာရဝတီတိုင်း ( မ် )
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းက ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဩဂုတ်လ ၁၈ ရက်နေ့ တစ်ရက်တည်းမှာ ၆ကြိမ်ထက်မနည်း ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖရူဆိုမြို့နယ် အရှေ့ဘက်နဲ့ အနောက်ဘက်ခြမ်းက ကျေးရွာ၃ရွာကို ဒရုန်းနဲ့ဗုံးကြဲခဲ့တာဖြစ်ပြီး လူနေအိမ်တချို့ ပျက်စီးခဲ့သလို အရပ်သားတွေလည်း စိုးရိမ်ထိတ်လန့်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“နေ့လည် ၁ နာရီကျော်မှာ နှစ်လုံး နှစ်ကြိမ်ပေါ့၊ နေအိမ်ပျက်စီးသွားတယ်။ မိုးချုပ်ခါနီးလည်း ထပ်ကြားသေးတယ်။” လို့ ဖရူဆိုမြို့နယ်အရှေ့ဘက်ခြမ်းရှိ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။
အလားတူ ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းက ကျေးရွာရှိရာဖက်ကိုလည်း ဒရုန်းနဲ့ ၄ ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လူထိခိုက်မှု မရှိခဲ့ဘူးလို့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။
“ ၁ နာရီကျော်မှာ ၂လုံးလာကြဲတယ်။ ၃ နာရီကျော်မှာ ၄ လုံး ပြန်လာချတယ်။ အထိအခိုက်တော့ မရှိဘူး” လို့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ဖရူဆိုမြို့နယ်မှာ ဩဂုတ်လအတွင်း နေ့စဉ်ရက်ဆက် ဒရုန်းနဲ့ ကင်းထောက်တာ၊ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်နေပြီး အရပ်သားထိခိုက်သေဆုံးတာ၊ ဒဏ်ရာရတာနဲ့ နေအိမ်ပျက်စီးတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၁၅ ရက်နေ့မှာလည်း ဖရူဆိုမြို့နယ်အရှေ့ဘက်ခြမ်းက ကျေးရွာတရွာကို အာဏာသိမ်းစစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲခဲ့ပြီး နွားကျောင်းနေတဲ့ အမျိုးသားတဦးရဲ့ ခြေထောက်မှာ ထိမှန်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။







