ကန္တာရဝတီတိုင်း ( မ် )
ဂျဲဒါန်အခြေပြု အကြမ်းဖက်မှုတွေ လျှော့ချနိုင်ဖို့ အမျိုးသမီးတွေအတွက် လိုအပ်တဲ့အကူအညီတွေ ပံ့ပိုးပေးတာနဲ့ အကြမ်းဖက်မှုမဖြစ်အောင် ပညာပေးလုပ်ငန်းတွေ ပိုမိုလုပ်ဆောင်တာက လက်တွေ့ကျပြီး ထိရောက်နိုင်တဲ့ နည်းလမ်းတခုဖြစ်တယ်လို့ ကရင်နီအမျိုးသမီးအစည်းအရုံး ( KNWO) ဥက္ကဌ မော်ဖရေမြာက ပြောပါတယ်။
“အမျိုးသမီး လိုအပ်တဲ့ အကူအညီတွေကို သေချာလေး ပံ့ပိုးပြီးတော့ ဒီလို အကြမ်းဖက်မှုမဖြစ်ဖို့ များများပညာပေး လုပ်တာမျိုးတွေပေါ့နော်။ ပညာပေးလုပ်တဲ့အခါမှာ အမျိုးသားတွေ လူငယ်တွေ များများပါဝင်ဖို့ အရေးကြီးတယ်။”လို့ မော်ဖရေမြာက ဆိုပါတယ်။
ကရင်နီအမျိုးသမီးအစည်းအရုံး (KNWO) ကနေ ၂၀၂၆ ခုနှစ် ဇန်နဝါရီလကနေ ဇွန်လအထိ (၆) လအတွင်း စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ၁၁ မှု၊ ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ၁၅ မှု၊ မုဒိမ်းမှု ၃ မှုနဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ၈ မှု၊ စုစုပေါင်း ၃၇ မှုကို ဖြေရှင်းဆောင်ရွက်ပေးခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီ ၃၇ မှုထဲမှာ ထိုင်း-ကရင်နီနယ်စပ်မှာ အမှု ၁၃ မှုပါဝင်ပြီး ကျန်အမှုတွေကတော့ ကရင်နီပြည်တွင်းက ဖြစ်တယ်လို့ ပြောပါတယ်။
ဂျဲဒါန်အခြေပြု အကြမ်းဖက်မှုတွေကို နှစ်စဉ်ကြုံတွေ့နေရတာဖြစ်ပြီး မြေပြင်အခြေအနေအရ ထိထိရောက်ရောက် ဆောင်ရွက်ဖို့ ခက်ခဲနေသေးသလို အဓိကအားဖြင့် မြေပြင်ပဋိပက္ခတွေနဲ့ လူမှုစီးပွားရေး မတည်ငြိမ်မှုတွေကြောင့် ဖြစ်တယ်လို့ မော်ဖရေမြာက ဆက်ပြောပါတယ်။
“ဂျဲဒါန်အခြေပြု အကြမ်းဖက်မှုက တဦးချင်းရဲ့ အပြုအမူပြဿနာပဲ မဟုတ်ဘူးပေါ့နော်။ ဖြစ်နေတဲ့ ပြဿနာက ပဋိပက္ခနဲ့ လူမှု စီးပွားရေးအခြေအနေနဲ့ ဆက်စပ်တယ်ပေါ့နော်။ဒီ ပဋိပက္ခနဲ့ လူမှု စီးပွားရေးအဆင်မပြေမှုကြောင့် အကြမ်းဖက်မှုနဲ့ တိုက်ရိုက်ဆက်နွယ်နေတာတော့ တွေ့ရတာပေါ့” လို့ မော်ဖရေမြာက ဆိုပါတယ်။
ဒါ့အပြင် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ ( IEC ) ရဲ့ ပြည်ထဲရေးဌာနအောက်က ရဲဌာနခွဲ (KSP)ကနေ ၆လအတွင်း အရေးယူဆောင်ရွက်ခဲ့တဲ့အမှုတွေထဲ မုဒိမ်းမှုနှင့် အမျိုးသမီးများအပေါ် ကျူးလွန်တဲ့အမှုက ၇မှုရှိပါတယ်။
ဂျဲန်ဒါအခြေပြုလျှော့ချနိုင်ဖို့ အမျိုးသမီးနှင့်ကလေးသူငယ်ရေးရာဌာနကနေ မြို့နယ်အသီးသီးမှာ သင်တန်းတွေ ပြုလုပ်ပေးနေတယ်လို့လည်း ပြောပါတယ်။ ပြီးခဲ့တဲ့ ၆လအတွင်း အမျိုးသမီးနားခိုရာလုံခြုံအိမ်မှာ လာရောက်ခိုလှုံသူ(၅)ဦး နဲ့ ကလေး သူငယ် ပြုပြင်ထိန်းသိမ်းရေးစင်တာမှာ (၅)ဦး ဝန်ဆောင်မှုဆောင်ရွက်ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။
နည်းလမ်းမျိုးစုံနဲ့ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေနဲ့ လုံခြုံအိမ်တွေမှာ လာရောက်ခိုလှုံတဲ့ အမျိုးသမီးတွေကို စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးပေးပြီး လိုအပ်ချက်တွေအပေါ် သက်ဆိုင်ရာ တရားရေးဌာန၊ကရင်နီပြည်ရဲတပ်ဖွဲ့(KSP)၊ ကျန်းမာရေးဌာန ၊ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ် ရေးတွေနဲ့ ချိတ်ဆက်ကာ ဝန်ဆောင်မှုလုပ်ငန်းတွေကို အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့လည်း IEC ကပြောပါတယ်။







