ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်ရဲ့ ဒေသတချို့မှာ တနိုင်တပိုင်မွေးမြူထားတဲ့ ဝက်တွေ ရုတ်တရက်သေဆုံးမှု အများအပြား ဖြစ်ပွားနေတယ်လို့ မွေးမြူသူတွေက ပြောပါတယ်။
သေဆုံးရခြင်းရဲ့ အကြောင်းရင်းကို သိရှိနိုင်ဖို့ ဝက်ကို ဓာတ်ခွဲခန်းတွေမှာ စစ်ဆေးအတည်ပြုထားတာ မရှိတဲ့အတွက် ဘာရောဂါကြောင့်ဖြစ်တယ်ဆိုတာကိုတော့ တိတိကျကျမသိနိုင်သေးပါဘူး။ ဝက်မွေးမြူရေးခြံတွေမှာ ကာကွယ်ဆေးထိုးတာနဲ့ ဇီဝလုံခြုံရေး (Biosecurity) အစီအမံတွေ အားနည်းမယ်ဆိုရင် ရောဂါကူးစက်ပျံ့နှံ့တာနဲ့ သေဆုံးတာတွေ ပိုမိုများပြားနိုင်တယ်လို့ တိရစ္ဆာန် ကုသရေးကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။
ဒါ့ကြောင့် ဝက်တွေရုတ်တရက်သေဆုံးခြင်းရဲ့ ဖြစ်နိုင်ချေတွေအပြင် မွေးမြူသူတွေအနေနဲ့ ဘယ်လို ကြိုတင်ကာကွယ်သင့်သလဲ၊ ဘယ်လိုထိန်းချုပ်ဆောင်ရွက်သင့်သလဲ စတာတွေကို သိရှိလေ့လာနိုင်ဖို့ မွေးမြူရေးနဲ့ကုသရေးလုပ်ငန်းတွေကို ဆောင်ရွက်လုပ်ကိုင်နေတဲ့ တိရစ္ဆာန်ကုသရေး CDM ဆရာဝန် တဦးကို ကန္တာရဝတီတိုင်း(မ်) က ဆက်သွယ်မေးမြန်းထားပါတယ်။
မေး ။ ။ လက်တလောမှာ ဝက်တွေအများအပြား ရုတ်တရက်သေဆုံးနေတဲ့ အခြေအနေကို တွေ့ရတယ်။ ဘာကြောင့်ဖြစ်ရတာလဲဆိုတာ ဒေါက်တာ အနေနဲ့ပြောပြပေးပါ။
ဖြေ ။ ။ ပုံမှန်ဆိုရင် ဝက်မွေးမြူတဲ့သူတွေက တနိုင်တပိုင် မွေးကြတယ်။ စီးပွားဖြစ်မွေးမြူတဲ့ ခြံတွေလည်း ရှိတော့ရှိမယ် နည်းတယ်ပေါ့နော်။ တနိုင်တပိုင် မွေးတဲ့နေရာမှာ ဘာအားနည်းချက်ရှိလဲဆိုရင် ကြိုတင်ကာကွယ်ခြင်း လုပ်ငန်းပေါ့နော်။ ကြိုတင်ကာကွယ်ခြင်းလို့ ဆိုတဲ့နေရာမှာ နှစ်မျိုး ရှိမယ်။ ကာကွယ်ဆေးနဲ့ ကာကွယ်တာရယ်၊ နောက်တခုက ဇီဝလုံခြုံမှုလို့ခေါ်တဲ့ ကြိုတင်ပြီးတော့မှ ရောဂါတွေမဝင်ရောက်အောင် တားဆီးဟန့်တားတဲ့ဟာပေါ့နော်။ အဲဒီစနစ်တွေ လိုအပ်တယ်။ အဲ့ဒါတွေကို မလုပ်နိုင်ကြဘူး။ မလုပ်နိုင်တဲ့အခါမှာ ခုနကပြောတဲ့ ဝက်တွေ ရောဂါ ဝင်ရောက်လာတဲ့အခါမှာဆိုလို့ရှိရင် သေဆုံးမှုတွေက ပိုပြီးတော့မှ ရာခိုင်နှုန်း ပိုများတာမျိုးတို့၊ ကူးစက်နှုန်းပိုပြီးတော့များတာတို့၊ မြင့်တာတို့အဲ့လိုမျိုးက ကြုံရတယ်ပေါ့နော်။
အဓိကတော့ ကာကွယ်ဆေး မလုပ်ပေးနိုင်ခဲ့တာရယ်၊ နောက်တခုက ဇီဝလုံခြုံမှုကို တိုးမြင့်ပြီး မဆောင်ရွက်နိုင်ခဲ့တာရယ်ကြောင့် အဖြစ်များတာပေါ့နော်။
မေး ။ ။ အခုဖြစ်နေတာကလည်း တနိုင်တပိုင် စစ်ရှောင်စခန်းမှာ မွေးမြူတဲ့ဝက်တွေလို့ ပြောလို့ရတာပေါ့နော်။ ဆိုတော့ဒီလိုမျိုးရောဂါကို ဘယ်လိုအတည်ပြုလို့ရသလဲ။ ပြီးတော့ ဒီရောဂါက တခြားကူးစက်တာမျိုးရော ဖြစ်နိုင်ပါသလား။
ဖြေ ။ ။ ပုံမှန်ဆိုရင် ရောဂါတခုကို နာမည်တပ်ပြီး ပြောချင်တယ်ဆိုရင်တော့ ပထမအဆင့်အနေနဲ့ဆိုရင် တိရစ္ဆာန်ရဲ့ ရောဂါလက္ခဏာတွေ သေချာသိဖို့လိုတယ်။ ရောဂါလက္ခဏာ သိတဲ့အခါမှာ စောနကပြောတဲ့ ရောဂါတွေဆိုတာ လက္ခဏာချင်းတော့ ဆင်တူတယ်ပေါ့နော်။ အဲ့လိုဆင်တူတဲ့အခါမှာ ဘယ်ရောဂါ ကာကွယ်ဆေးထိုးထားလဲ၊ မထိုးထားလဲ အဲ့လိုအပေါ်မူတည်ပြီးတော့မှ အဲ့လိုမျိုး ကုသရေးလုပ်ငန်းတွေ အဲ့လိုသွားတယ်။ အဲ့လိုလုပ်နေရင်းနဲ့မှ တခါသေဆုံးသွားတယ်ဆိုရင်တော့ အဲဒီသေဆုံးတဲ့အကောင်ကို ခွဲစိတ်ပြီးတော့မှ သူ့ရဲ့ လက္ခဏာ ထပ်ရှာရတာပေါ့။ ဥပမာ- ကိုယ်တွင်းအင်္ဂါတွေမှာ ဘယ်နေရာမှာ ပျက်စီးနေလဲ၊ ဒါမှမဟုတ်ရင် တခြားသိသာထင်ရှားတဲ့ လက္ခဏာတွေရှိလား၊ အဲ့လို သွေးခဲနေတာမျိုး ရှိလားပေါ့။ အဲ့လို အနာတွေရှိလား၊ အဲ့လိုမျိုးတွေကို ကြည့်ပြီးတော့မှ ယာယီခန့်မှန်းတယ်။ နောက်တခါ လုံးဝတိတိကျကျ ပြောဖို့ဆိုရင်တော့ ခွဲစိတ်ထားတဲ့အသားစတို့ ဒါမှမဟုတ်ရင် ကိုယ်တွင်းကလီစာတို့ အဲ့ဒါတွေကို လက်တွေ့ ဓာတ်ခွဲခန်းတွေ ပို့ပြီးတော့မှ သံသယရောဂါတွေကို ရှာဖွေခံရမှာပေါ့။ အဲ့လိုရှာဖွေလို့ သူတို့ဘက်ကနေပြီးတော့ ဘာရောဂါပါဆိုပြီးတော့ အတည်ပြုစာရွက် ထုတ်ပေးပြီးမှ သာလျှင် ကျွန်မတို့က ဘာရောဂါ ဖြစ်ပွားတယ်ဆိုတာမျိုးကို ပြောလို့ရတာပေါ့နော်။ ဒီတိုင်းဆိုရင် ခန့်မှန်းပြီး ပြောကြတာပဲရှိပေမဲ့ ရောဂါနာမည် တိတိကျကျတပ်ဖို့ဆိုရင်တော့ ဓာတ်ခွဲခန်းကိုပို့ပြီး ထွက်လာတဲ့ အဖြေနဲ့မှသာလျှင် ဘာရောဂါပါဆိုတာ တိတိကျကျ ပြောပြပေးလို့ရတာ ဖြစ်ပါတယ်နော်။
မေး ။ ။ ဒေါက်တာ ပြောသွားတာကတော့ ဒီရောဂါကို တိတိကျကျသိဖို့က ဓာတ်ခွဲခန်းတွေ လိုတယ်ပေါ့နော်။ အခု ကျမတို့ပြည်နယ်အခြေအနေကို ပြန်ကြည့်မယ်ဆိုရင် သူတို့အနေနဲ့ အဲ့လိုမျိုး အထိလုပ်ဖို့က အဆင်မပြေတဲ့အနေအထားမှာ ရှိတယ်လို့ပြောလို့ရတယ်။ စစ်ရှောင်တချို့ရဲ့ ပြောဆိုချက်အရဆိုရင် သေဆုံးသွားတဲ့ဝက်တွေကလည်း ရောဂါလက္ခဏာ မပြတာမျိုးတွေ့ရတယ်လို့ သိရတယ်။ ဝက်က အစာမစားဘူး တရက်-နှစ်ရက်နဲ့ သေသွားတယ်။ ဒီဟာကိုဘယ်လိုမျိုး ကြိုတင်ကာကွယ်လို့ ရမလဲပေါ့နော်။ သူတို့ရဲ့ အနေအထားနဲ့ဆိုရင် ဘယ်လိုကာကွယ်လို့ရနိုင်မလဲ။
ဖြေ ။ ။ သူတို့နဲ့ အဓိက ကတော့ ဘာလုပ်လို့ရမလဲဆိုလို့ရှိရင် ပထမတချက်က ဇီဝလုံခြုံမှုပေါ့။ ဇီဝလုံခြုံမှု ဆိုတဲ့နေရာမှာ အဓိက ကတော့ ဝက်ခြံပတ်လည်ကို တခြံနဲ့တခြံ ဝေးတာမျိုးနဲ့ ဝက်ခြံထဲကို လူတိုင်းမဝင်ခိုင်းဘူးပေါ့နော်။ နောက်ပြီးတော့ ဝက်မွေးမြူတဲ့သူတွေက အဲ့လိုမျိုးရောဂါအနာကျနေတဲ့ အသားတွေဝယ်ပြီး ချက်ပြုတ်စားသောက်တာမျိုးတို့မလုပ်ဘူး။ နောက်တခါ ဒီခြံကို အမြဲတမ်း ပိုးသတ်ဆေးဖြန်းတာ ခြင်၊ ယင် မရှိအောင် ကြွက်တွေ မဝင်နိုင်အောင် ငှက်တွေ မလာအောင်ပေါ့။ အဲ့လိုမျိုးပေါ့။ အဲ့လို ဇီဝလုံခြုံမှုအပိုင်းကို မြှင့်တင်ပေးနိုင်ခဲ့တယ်ဆိုလို့ရှိရင်တော့ ဒါအဟန့်အတားတခု ဖြစ်တယ်ပေါ့နော်။
ဥပမာ- ရွာထဲမှာ တခြားခြံက ရောဂါကျရောက်နေတယ်။ ဒါပေမဲ့ အဲ့ဒီခြံကလူက ကိုယ့်ဆီကို လာတယ်။ ဒါမှမဟုတ်လို့ရှိရင် အဲ့ဒီခြံက ဝက်ကသေဆုံးသွားခဲ့ပြီးနောက်မှာ အဲ့အသားကို ချက်ပြုတ် စားသောက်ဖို့အတွက် ကိုယ့်ခြံကို ယူဆောင်လာတယ်။ ဒါမှမဟုတ်လည်း အဲ့ဒီ အသားကို ချက်ပြုတ် စားသောက်ပြီးတော့ ပိုလျှံလို့ စွန့်ပစ်ထားတဲ့ စွန့်ပစ်ပေါ့၊ အဲ့လိုမျိုးတွေကို ကိုယ့်ခြံကို ယူလာတယ်။ အဲလိုအနေအထားမျိုးတွေဆိုရင်လည်း ကူးစက်နိုင်တယ်ပေါ့။ အဓိက ကတော့ ဒီဝက်မွေးတဲ့သူက ဇီဝလုံခြုံမှုအဆင့်ကို မြှင့်တင်ဖို့တော့လိုတယ်။ ပိုးသတ်ဆေး ဖြန်းမယ် ခြံကိုပေါ့နော်။ ပိုးသတ်ဆေး ခက်ခဲတယ်ဆိုရင်တော့ အများအားဖြင့်တော့ ထုံးဖြူးတာမျိုးပေါ့နော်။ ခြံပတ်လည်ကို
ထုံးပုံမှန်ဖြူးပေးတာမျိုးတွေ၊ ဝက်ခြံထဲကို လူတိုင်းပေးမဝင်တာ၊ တဦးတယောက်ကနေပဲ ဝက်ခြံကို ကြည့်ရှုတာ၊ ကြုံတဲ့လူအစာကျွေးတာနဲ့ ကြည့်ရှုတာမျိုး မဟုတ်ဘဲနဲ့ ဒီတယောက်ကပဲ ကြည့်ရှုမယ်။ ကြည့်ရှုတဲ့လူ တယောက်ကလည်း ဒီခြံကို သွားမယ်ဆိုလို့ရှိရင် အပြင်မှာသွားလာထားတဲ့ အဝတ်အစားမျိုးတွေ ဖိနပ်မျိုးတွေနဲ့ သွားတာထက်စာရင် ခြံမှာသုံးတဲ့ ဖိနပ်သီးသန့် ၊ ခြံအတွက် အဝတ်အစားသီးသန့်ပေါ့။ အဲ့ဒါဆိုရင် ဇီဝလုံခြုံမှု ပိုပြီးတော့ကောင်းတယ်။
တချို့ရောဂါတွေကတော့ ကာကွယ်ဆေးရှိတယ်။ ဥပမာ- ဝက်ဝမ်းကျတို့၊ ဝက်ပလိပ်တို့ ဆိုရင် ကာကွယ်ဆေးရှိတယ်။ ရရှိနိုင်တယ် ဆိုလို့ရှိရင်တော့ အသုံးပြုနိုင်ရင်တော့ ပိုပြီးတော့ကောင်းတယ်။ ဝက်ပလိပ်လို ကာကွယ်ဆေးမျိုးဆိုရင်တော့ ရေခဲဆေးမလိုတဲ့အတွက်ကြောင့်မို့လို့ ကာကွယ်ဆေး ထိုးမယ်ဆိုလို့ရှိရင် ရာခိုင်နှုန်း ပိုပြီးတော့မှ များများထိုးနိုင်တယ်ပေါ့နော်။
ရေခဲနဲ့ထည့်သယ်ရတဲ့ ဝက်ဝမ်းကျလို ကာကွယ်ဆေးမျိုးကျရင်တော့ နည်းနည်းခက်ခဲတာပေါ့။ အဲ့လို ရောဂါမျိုးကို ကာကွယ်ပေးထားမယ်ဆိုရင် အဲ့ဒီရောဂါနဲ့ ပတ်သက်တာ ဝင်လာမယ်ဆိုရင်တော့ မဖြစ်နိုင်တော့ဘူးပေါ့။ ဒါပေမယ့် ရောဂါကာကွယ်ဆေး တမျိုးက ရောဂါတမျိုးကိုပဲ ကာကွယ်တာ ဖြစ်တယ်။ ဒါကြောင့် ဒီတမျိုးထိုးရင်နဲ့ ရောဂါအကုန်လုံးကို ကာကွယ်မှာတော့မဟုတ်ဘူး။
ရောဂါကာကွယ်ဆေးထိုးတဲ့အခါမှာ အောင်မြင်ဖြစ်ဖို့ဆိုလို့ရှိရင်လည်း ဝက်ရဲ့ ပင်ကိုယ်ကျန်းမာရေး ကောင်းဖို့လိုတယ်။ ပုံမှန်ကျန်းမာနေတဲ့အကောင်ကို ကာကွယ်ဆေးပေးမှသာလျှင် ကာကွယ်ဆေးက အပြည့်အဝ ကာကွယ်ပေးနိုင်တာပေါ့။ နေမကောင်း ဖြစ်ချင်နေတဲ့အကောင်ကို ကာကွယ်ဆေး သွားပေးရင်လည်း ကာကွယ်ဆေးအောင်မြင်မှုမရှိဘူး။ နေမကောင်းဖြစ်ချင်တဲ့အချိန်ကျမှ
ကာကွယ်ဆေးထိုးပြီးမှ ရောဂါဝင်သွားတာမျိုးတို့ အဲ့လိုလည်း ဖြစ်နိုင်တယ်။
ဘာဖြစ်လို့လဲဆိုတော့ ကာကွယ်ဆေးဆိုတာက ရောဂါပိုးကို အားလျော့ပြီးတော့မှပေးတာဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ပင်ကိုယ်မကျန်းမာတဲ့အကောင်တွေမှာဆိုလို့ရှိရင် ဆေးထိုးပြီးမှ ရောဂါဖြစ်သွားတာမျိုးပေါ့။
ဝက်ကို အစာအာဟာရ လုံလုံလောက်လောက်ကျွေးမယ်။ နောက်တခါ သန်ချစရာရှိတာ သန်ချမယ်။ ခုခံအားကျစေနိုင်တဲ့ ခြင်၊ ယင်တွေပေါ့နော်။ လက်လှမ်းမီသလောက် ထိုးလို့ရတဲ့ကာကွယ်ဆေး အမျိုးအစားလေးတွေ ထိုးပေးမယ်ဆိုရင် အထိုက်အလျောက်တော့ကာကွယ်နိုင်မှာပေါ့။ အပြည့်အဝ ကာကွယ်နိုင်ဖို့ကတော့ စစ်ရှောင်စခန်းတွေ အနေအထားနဲ့ကတော့ လွယ်တော့မလွယ်ဘူး။ နည်းနည်းတော့ အလှမ်းဝေးတယ်ပေါ့နော်။
မေး ။ ။ ဝက်တွေကို ကာကွယ်ဆေးထိုးတော့မယ်ဆိုရင် ဘယ်အချိန်မှာထိုးတာက အကောင်းဆုံးနဲ့ အသင့်တော်ဆုံး ဖြစ်မလဲ။
ဖြေ ။ ။ ပုံမှန်ဆိုရင် ကျမ တို့က ဝက်တွေမွေးမယ်ဆိုလို့ရှိရင် ဝက်ကလေးမွေးပြီးတာကနေ စပြီးတော့ ဝက်ကလေး အသက်သုံးရက်မှာဆိုရင် သံဓာတ်အားဆေး ထိုးပေးရတယ်။ ၁၀ ရက်မှာ သံဓာတ်အားဆေး ထိုးပေးတာ အသက်တလလောက်ကနေ စပြီးတော့မှ ကာကွယ်ဆေးကတော့ စထိုးလို့ရပြီ။ ဝက်ဝမ်းကျ ကာကွယ်ဆေးနဲ့ ဝက်ပလိပ် ကာကွယ်ဆေးကတော့ ဝက် အသက်သုံးလလောက်မှာ ထိုးလို့ရပြီ။ ဝက်တွေမှာလည်း သူသတ်မှတ်ထားတဲ့ အသက်အရွယ်အလိုက် ကာကွယ်ဆေး program တွေ ရှိတယ်။ အဓိက ကတော့ တကယ်မွေးမြူတော့မယ်ဆိုလို့ရှိရင် လက်လှမ်းမီတဲ့ မွေးမြူရေး အသိပညာပေး စာစောင်လေးမျိုးတို့ ဒါမှမဟုတ်လို့ရှိရင်လည်း အသိပညာပေး သင်တန်းတွေရှိတယ်ဆိုရင်တော့ တတ်နိုင်ရင်တော့ ပိုပြီးတော့မှကောင်းတယ်။
တချို့ဆေးတွေက booster လို့ ခေါ်တဲ့ နှစ်ကြိမ်ပြန်ထိုးရတာမျိုးလည်း ရှိတယ်။ ဥပမာ တကြိမ်ထိုးပြီး ဘယ်လောက်ခြားပြီး အဲ့မှာနှစ်ပတ်ခြား သုံးပတ်ခြားပြီးတော့ နောက်တကြိမ် ဒီဆေးကိုပဲ ပြန်ထိုးရတာမျိုးပေါ့။ အဲ့လိုလည်း ရှိတယ်။ ဆေးအမျိုးအစား အပေါ် လိုက်ပြီးတော့မှ ထိုးရတဲ့ အသက်အရွယ်ကတော့ ကွဲသွားတယ်ပေါ့နော်။ အသားတိုးအနေနဲ့ မွေးမြူတဲ့ဝက်မျိုးဆိုရင်တော့ သူက တစ်နှစ်တကြိမ်ထိုးရမယ်။ တခါလောက် ထိုးပြီးမယ်။ ထိုးပြီးသွားရင် သူက ရောင်းတဲ့ထဲ ရောက်သွားပြီ ဆိုလို့ရှိရင်တော့ ထပ်မထိုးရတော့ဘူး။ ဒါပေမယ့် မျိုးထားမယ့် ဝက်မျိုးကျတော့ တနှစ်ပြည့်ရင် ပြန်ထိုးပေးဖို့ လိုတယ်ပေါ့နော်။
မေး ။ ။ ဒေါက်တာ ပြောသွားတဲ့အချက်အလက်တွေအပြင် တခြားကာကွယ်နိုင်တဲ့ နည်းလမ်းတွေများ ရှိဦးမလား။ သဘာဝအတိုင်း ကာကွယ်လို့ရနိုင်မယ့် ပုံစံတွေ၊ နည်းလမ်းတွေရှိရင် မျှဝေပေးပါ။
ဖြေ ။ ။ ပုံမှန်ကတော့ ဒီကာကွယ်တဲ့နေရာမှာ အဓိက ရောဂါမဖြစ်အောင် ကာကွယ်နိုင်တာက ကာကွယ်ဆေးရယ်၊ ဇီဝလုံခြုံမှုရယ် အဲ့နှစ်ခုကတော့ အဓိကပေါ့နော်။ နောက်တခုက ဘာလိုသေးလဲဆိုရင် ကျမတို့ ဒေသတွေမှာ တချို့က ဝက်မွေးတဲ့သူတွေက ဝက်မသေဆုံးခင် ဖျားနာတဲ့အချိန်မှာ ရောင်းထုတ်လိုက်တာတွေရှိတယ်။ သေရင်တော့ တချို့ကျတော့လည်း မြှုပ်လိုက်တာပေါ့နော်။ သေရင်တော့ မြှုပ်လိုက်တယ်။ ဒါပေမယ့် မြှုပ်တဲ့အခါမှာလည်း သေချာမစွန့်ပစ်တာမျိုးပေါ့နော်။ ဥပမာ- ကျင်းနဲ့တူးပြီး မြှုပ်တာမျိုးမဟုတ်ဘူး။ ထုံးတွေဖြူးပြီး မြှုပ်တာမျိုးမဟုတ်ဘူး။ မီးရှို့ပစ်တာမျိုး မဟုတ်တဲ့အခါမှာ တချို့တိရစ္ဆာန်တွေ လာရောက် စားသုံးတာမျိုးပေါ့။ ဥပမာ ခွေးလာဆွဲတာတို့ဘာတို့ ကြုံကောင်းကြုံနိုင်တယ်။ အဲ့လိုအခြေအနေမျိုး ဆိုလို့ရှိရင်လည်း အဲ့ဒီအသားစတွေက ပျံ့နှံ့သွားပြီးတော့ ရောဂါက ပျံ့နှံ့တာမျိုးလည်း ဖြစ်သွားနိုင်တယ်။
နောက်တခုက ဝက်ရောဂါကတော့ ဝင်နေပြီ ဒါပေမဲ့ သေတော့ မသေသေးဘူး၊ အဲ့အကောင်ကို သတ်တယ်ပေါ့နော်။ ပေါ်လိုက်တယ်။ ပြီးတော့မှ အသားအဖြစ် ရောင်းချလိုက်တာပေါ့။ အဲ့အချိန်မှာ အဲ့ဒီ အသားမှာကိုပါ ရောဂါပိုးက ရှိတော့ရှိနေပြီ။ ဝက်က မသေသေးဘူး။ ရောဂါဝင်ရောက်နေပြီ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ အဲ့အသားမှာလည်း ရှိနေပြီ။ အဓိက ကတော့ အဲ့ဒီအသားတွေကို ကိုင်တွယ်ခုတ်ထစ်တဲ့ ဆေးကြောတဲ့ရေတွေပေါ့နော်။ အဲ့လိုမျိုးတွေ နောက်ပြီးတော့မှ သူ့ရဲ့ တချို့ စွန့်ပစ်တာကို သေချာမစွန့်ပစ်ဘူးပေါ့။ သေချာမီးရှို့ပြီး မြှုပ်တာမျိုး မဟုတ်တဲ့ အခါမျိုးမှာ အဲ့ကနေ တဆင့်လည်း ပျံ့နှံ့ကူးစက်တာမျိုးတွေလည်း ဖြစ်တတ်တယ်။ နောက်တခုက ကိုယ့်ရွာမှာတော့ မဖြစ်ဘူး။ တခြားရွာမှာ ဖြစ်နေတယ်။ တခြားရွာက အသားရောင်းတဲ့ အသားကို ဝယ်လာတယ်။ ပွဲလမ်းသဘင်တို့ ဘာတို့မျိုးဆိုရင် ပိုဆိုးမယ်။ အဲ့ဒီက စားကြွင်းစားကျန်တွေကို ပွဲတွေကနေ ပိုတဲ့ စားကြွင်းစားကျန်ကို ကိုယ့်အိမ်က ဝက်ကို ပြန်ကျွေးပြီးတော့ကျွေးတယ်။ အဲ့လိုကနေလည်း ကူးစက်နိုင်တယ်။
အခုနောက်ပိုင်း ရောဂါက ဘယ်လိုမျိုးလဲဆိုလို့ရှိရင် ၂၀၁၈နဲ့ ၂၀၁၉ ခုနှစ်တုန်းက ဖြစ်တဲ့အချိန်ကျတော့ outbreak ဖြစ်တဲ့ပုံစံမျိုး။ ဒါက နိုင်ငံတော်ကနေလည်း ဘာရောဂါပါဆိုတာ စစ်ဆေးပြီးတော့ ကြော်ငြာပေးတာမျိုးရှိတယ်။တမြို့ပြီး တမြို့ အဲ့လိုမျိုး ဖြစ်သွားတယ်။ တောက်လျှောက် တပြည်နယ်လုံး ဖြစ်သွားတယ်။ အခုနောက်ပိုင်းကျတော့ အဲ့လိုမဟုတ်ဘဲနဲ့ ကြိုကြားကြိုကြားပေါ့နော်။ အချိန်ကလည်း မမှန်တော့ဘူး။ အရင်တုန်းက ဥပမာ- ၁၀ လပိုင်း၊ ၁၁ လပိုင်း ဖြစ်တာလား၊ ၁၂ လပိုင်း ၁ လပိုင်း ဖြစ်တာလားဆို အဲ့လိုမျိုးပုံမှန်အချိန်မှာ ဖြစ်တတ်ပေမဲ့ အခုနောက်ပိုင်းကတော့ အဲ့လို အချိန်လည်း ပုံမှန်မရှိတော့ဘူး။ တနှစ်ပတ်လုံးကို ဖြစ်နေတာ။ ဒါပေမဲ့ ဖြစ်တဲ့နေရာတော့ မတူဘူး။
တနေရာနဲ့ တနေရာလည်း ဝေးရင်လည်း ဝေးနေမယ်။ ဒီရွာမှာ ဖြစ်တယ်ဆိုရင် နောက်နှစ်ရွာ သုံးရွာ ခြားပြီး ဝေးတဲ့တရွာမှာက ဖြစ်ကောင်းလည်း ဖြစ်နေနိုင်တယ်။ ဆက်တိုက် ဖြစ်တာမျိုးလည်း မဟုတ်ပြန်ဘူး။ အခုနောက်ပိုင်းက ရောဂါကလည်း အတိအကျ သေချာလက်တွေပို့ပြီး စစ်ဆေးတာမျိုး မဟုတ်တဲ့အတွက်ကြောင့်မို့လို့ ဘာရောဂါပါလို့တော့ မပြောနိုင်ဘူး။ ဒါပေမဲ့ အရပ်ခေါ်နဲ့ ပြောရင် ဝက်နာကျတယ်ပေါ့။ ဒါကူးစက်ရောဂါ တခုပဲ။
ဝက်မွေးမြူမယ်ဆိုရင် ကာကွယ်ဆေးထိုးရတယ်ဆိုတဲ့ ဗဟုသုတ လိုတယ်။ ရောဂါဖြစ်ပြီးသား ခြံမှာကိုပဲ သန့်ရှင်းရေးတွေ မလုပ်ဘဲ နောက်ထပ်ဝက်အသစ်တွေထပ်ထည့်မယ်ဆိုလို့ရှိရင် ရောဂါပိုးက ကျန်နိုင်တယ်။ တချို့ရောဂါပိုးတွေက ခြောက်လ၊ တနှစ်လောက်ထိ အဲ့ဒီကြမ်းခင်းတွေမှာ ကျန်ခဲ့တာမျိုးလည်း ဖြစ်နိုင်တယ်။ ပိုးတွေက အများကြီးဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဘာအမျိုးအစား ဖြစ်မှန်းမသိတဲ့အတွက်ကြောင့် တိတိကျကျ ပိုးသတ်ခြင်း လုပ်ငန်းတွ၊ ဘာတွေမဆောင်ရွက်တဲ့ နောက်ပိုင်းမှာ အဲ့ဒီလိုမျိုးထပ်ပြီးတော့မှ ဒုံရင်းဒုံရင်းပေါ့။ ထပ်ထပ်ဖြစ်နေတယ်ဆိုတာ အဲ့ဒါတွေလည်း ပါတယ်။
မေး ။ ။ တချို့ကတော့ ဝက်နာကျတာ သိသိရက်နဲ့ ပေါ်စားတာတို့၊ ရောင်းစားတာတို့ အဲ့လို လုပ်ကြတာမျိုးလည်း ရှိတယ်လို့ ကျမ တို့အနေနဲ့လည်း စုံစမ်းသိရှိရပါတယ်။ အဲ့လိုဆိုရင် စားသုံးသူတွေမှာရော ဝက်မှာရှိတဲ့ရောဂါက လူကိုကူးစက်တာမျိုးရော ဖြစ်နိုင်ပါသလား။
ဖြေ ။ ။ အဓိကတော့ ကျက်အောင်ချက်စားရင်တော့ မဖြစ်ဘူးပေါ့နော်။ ဒါပေမယ့် ဝမ်းပျက် ဝမ်းလျှောတို့ ဘာတို့မျိုးကတော့ ပြောလို့မရဘူး။ အဲ့လိုမျိုးကတော့ ဖြစ်တတ်တာမျိုးလည်း ရှိတတ် တယ်။ ပုံမှန်ဆိုရင်တော့ အသားကို ကျက်အောင်ချက်စားရင်တော့ ဝက်ကတဆင့် လူကိုကူးစက် တာမျိုးကတော့ မရှိဘူးပေါ့နော်။ အစိမ်းစားတာတို့၊ ကင်စားတာတို့၊ မကျက်တကျက် စားတာတို့ကတော့ အန္တရာယ်များတယ်ပေါ့နော်။ ဒါပေမယ့် ကျက်အောင်ချက်စားတာ ဆိုတဲ့နေရာမှာတောင်မှ ကိုင်တွယ်တာ၊ သန့်ရှင်းတာတွေ မသန့်ရှင်းတာတွေ ရှိတဲ့အခါ ဝမ်းပျက်ဝမ်းလျှော ဖြစ်တာတို့၊ အန်တာတို့ အဲ့လိုမျိုးတွေလည်း ကြုံရနိုင်တာမျိုးလည်း ရှိတတ်တယ်ပေါ့နော်။ အကောင်းဆုံးကတော့ အနာကျပြီးတော့ သေဆုံးတဲ့အကောင်မျိုးဆိုရင်တော့ မစားဘဲနဲ့ မြှုပ်ပစ်တာအကောင်းဆုံးပဲပေါ့။
မေး ။ ။ မွေးမြူရေးနဲ့ ပတ်သက်ပြီး ဒေါက်တာ အနေနဲ့ အကြံပြုလိုတဲ့ အရာတွေရှိရင် ဖြည့်စွက် အကြံပြုပေးပါ။
ဖြေ ။ ။ အဓိက ကတော့ မွေးမြူရေးတခု လုပ်မယ်ဆိုရင် ကြက်ပဲ မွေးမွေး၊ ဝက်ပဲ မွေးမွေး ကိုယ်တကယ်လုပ်တော့မယ်လို့ စဉ်းစားဆုံးဖြတ်လိုက်ပြီဆိုရင် မွေးမြူရေးနဲ့ ပတ်သက်တဲ့အကြောင်း အရာလေးတွေကို လေ့လာဖို့လိုတယ်ပေါ့နော်။ မိရိုးဖလာမွေးနေကျပဲ၊ ငါတို့ အိမ်မှာဒီလိုပဲမွေးတာပဲ ဆိုတာထက်စာရင် စနစ်တကျ မွေးနိုင်မယ်။ တကောင်ပဲ မွေးမွေး၊ နှစ်ကောင်ပဲ မွေးမွေး စနစ်တကျ မွေးနိုင်မယ်ဆိုရင်တော့ ပိုပြီးတော့မှ ရောဂါကာကွယ်၊ ကုသတဲ့နေရာမှာ ပိုပြီးတော့ထိရောက်တယ်။ ကြက်ခြံတွေ ဆိုလို့ရှိရင်လည်း ကြက်ခြံ ဘယ်လိုဆောက်ရတာရှိသလို၊ ဝက်ခြံမှာလည်း ဝက်ခြံဘယ်လို ဆောက်ရတယ်ဆိုတာမျိုး ရှိတယ်ပေါ့နော်။ ဝက်ခြံက နေရောင်ရတဲ့နေရာ ဖြစ်ရမယ်၊ အမိုး အမြင့်က ဘယ်လောက် ရှိရမယ် စတဲ့သတ်မှတ်ချက်မျိုးလေးတွေလည်း ရှိတယ်။ ခြံစဆောက်တာကနေ စပြီးတော့မှ နောက်ဆုံးရောင်းချတဲ့အထိ လိုက်နာသင့်တဲ့ အခြေခံအချက်လေးတွေ ရှိတယ်ပေါ့နော်။ မွေးမြူရေးအခြေခံ နည်းစနစ်လို့ ပြောရမှာပေါ့။
ကိုယ်မွေးမယ်ဆိုလည်း ဝက်ဆိုလို့ရှိရင်လည်း ဥပမာ ဘယ်လိုမျိုး ရွေးချယ်မလဲ။ သားဖောက်ဖို့အတွက် ထားချင်တာလား၊ အသားတိုးဖို့အတွက် ထားချင်တာလား။ အဲ့ပေါ်မူတည်ပြီးတော့မှ အကယ်၍ မျိုး အနေနဲ့ ရွေးချယ်မယ်ဆိုလို့ရှိရင်လည်း ကလေးများများပေါက်ပြီးတော့ သားကောင်းတဲ့မျိုးကိုရှာရတာ ပေါ့နော်။ အသားတိုးအနေနဲ့ ထားမယ်ဆိုလည်း အဆီနည်းပြီး အသားများတဲ့မျိုး၊ ပြီးရင် ကြီးထွားနှုန်း ကောင်းတဲ့မျိုး၊ ရောဂါဒဏ်ခံနိုင်တဲ့မျိုး အဲ့လိုစဉ်းစားပြီးတော့ ရွေးချယ်ရတာပေါ့။ အဲ့ဒါမှလည်း ကိုယ့်ရဲ့ မွေးမြူရေးလုပ်ငန်းက ပိုပြီးတော့မှ ဖြစ်ထွန်းတယ်ပေါ့နော်။
ဒေသဝက်တွေပဲ မွေးနေတာထက်စာလို့ရှိရင် တချို့စပ်မျိုးလေးတွေလည်း ရှိတယ်လေ။ ဝက်ကောင် ပိုကြီးတာလည်းရှိတယ်။ တချို့ဝက်ဆိုလို့ရှိရင် မကြီးနိုင်ဘူး ဘယ်လောက်ကျွေးကျွေး။ အဲ့ဒါတော့ မျိုးရိုးလိုက်တယ်လို့ ခေါ်တာပေါ့နော်။ အဲ့လိုမျိုး မျိုးတွေမှာ ကိုယ်ကအချိန်ပေးမယ် ကုန်ကျစရိတ်တွေ ရှိတယ်။ အကျိုးမြတ်လိုချင်လို့ မွေးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ မွေးမယ်ဆိုကတည်းက ကိုယ် ဘာအမျိုးအစားကိုမွေးချင်လဲ သေသေချာချာ စဉ်းစားရွေးချယ်ပြီးတော့မှ မွေးဖို့လိုအပ်တယ်ပေါ့။
နောက်တခါ ရောဂါကူးစက်ခံရပြီထင်တယ်ဆိုလို့ရှိရင်လည်း သူဆီကနေတဆင့် တခြားနေရာတွေ ရောဂါမပျံ့နှံ့သွားအောင် ဘယ်လိုမျိုး ကိုယ့်ဘက်ကနေပြီးတော့ ထိန်းချုပ်မလဲဆိုတဲ့ဟာမျိုးပေါ့။ အဲ့လိုမျိုး အစီအစဉ်တွေသိပြီးတော့မှ သေချာလိုက်နာဆောင်ရွက်နိုင်မယ်ဆိုရင်တော့ အခုလက်ရှိ မွေးမြူနေတဲ့ နည်းစနစ်ထက်စာရင် ကာကွယ်ကုသတဲ့ လုပ်ငန်းမှာပဲဖြစ်ဖြစ်၊ စီးပွားဖြစ်အနေနဲ့ ပြောင်းလဲပြီးတော့ မွေးမြူချင်ရင်ပဲဖြစ်ဖြစ် အများကြီး ပိုပြီးတော့မှ အကျိုးရှိလာမယ်လို့ပဲ အကြံပေးချင်ပါတယ်။







