ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းက ကျေးရွာတရွာကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ဩဂုတ်လ ၂၁ ရက်နေ့၊ နေ့လည် ၁ နာရီကျော်အချိန်မှာ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့လို့ နေအိမ်နှစ်လုံးထိမှန်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်က ဒရုန်းနဲ့နှစ်ကြိမ်ခန့် လာရောက်တိုက်ခိုက်ခဲ့ပြီး နေအိမ်နှစ်လုံးအပြင် ဆိုင်ကယ် ၄ စီးလည်း ထိမှန်ပျက်စီးခဲ့ပါတယ်။
“ဒီတိုင်း အငယ် ( ဒရုန်းအသေး) လာထောက်ပြီးမှ အကြီး လာကြဲတာ၊ တော်သေးလို့တယောက်မှ မရှိဘူးအိမ်မှာ။ ပထမ တခေါက်က ၁၂၀ တစ်လုံးထဲ လာကျဲတယ်။ ဒုတိယ တခေါက်က သုံးလုံးလာကျဲတယ် မီးလောင်ဗုံး တလုံးနဲ့ 81(မမ) နှစ်လုံး ” လို့ အသက် ၂၃နှစ်အရွယ် ဒေသခံအမျိုးသားတဦးက ပြောပါတယ်။
ဩဂုတ်လအတွင်း ဖရူဆိုမြို့နယ်က ကျေးရွာနဲ့ တောင်ယာခင်းလုပ်ငန်းခွင်တွေကို အာဏာသိမ်းစစ်တပ်က ဒရုန်းနဲ့နေ့စဉ်ရက်ဆက် ကင်းထောက်ပျံဝဲတာ၊ ဗုံးကြဲမှုတွေ ခပ်စိပ်စိပ်ပြုလုပ်နေပြီး အရပ်သားသေဆုံးမှု၊ ထိခိုက်မှုနဲ့ နေအိမ်ပျက်စီးမှုတွေ ရှိနေတာပါ။
ဒရုန်းအန္တရာယ်ကြောင့် ဒေသခံတွေဟာ တောင်ယာလုပ်ငန်းခွင်ကို သွားရောက်ခြင်းမရှိတော့သလို ကျေးရွာမှာလည်း နေထိုင်ခြင်းမရှိတော့ဘဲ ရွာအပြင်ဖက်ကို တိမ်းရှောင်ကြသူတွေ ရှိတယ်လို့ ပြောပါတယ်။
ကန္တာရဝတီတိုင်း(မ်) ရဲ့ လက်လှမ်းမီစာရင်းအရ ဖရူဆိုမြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်ရဲ့ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် လသားအရွယ်ကလေးငယ်တဦးအပါအဝင် အရပ်သား ၅ ဦး သေဆုံးခဲ့ပြီး အနည်းဆုံး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို နေအိမ်တချို့လည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။






