spot_img
Homeသတင်းကရင်နီက မြို့နယ်နှစ်ခုကို အာဏာသိမ်းစစ်တပ် လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်၊ ကလေးအပါအဝင် ၅ ဦးသေဆုံး

ကရင်နီက မြို့နယ်နှစ်ခုကို အာဏာသိမ်းစစ်တပ် လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်၊ ကလေးအပါအဝင် ၅ ဦးသေဆုံး

-

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်၊ ဆိုမိုဖရေစိုးလေး (ရှားတော) မြို့နယ်နဲ့ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်းက လူထုတွေရှိရာ နေရာတွေကို စက်တင်ဘာ ၅ ရက်နဲ့ ၆ ရက်နေ့တွေမှာ အာဏာသိမ်းစစ်တပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကလေးငယ်တွေအပါအဝင် ၅ ဦး သေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာ ၅ ရက်မှာ ရှားတောမြို့နယ်၊ နောင်ပလုကျေးရွာကို အာဏာသိမ်းစစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၁၁ နှစ်အရွယ် အမျိုးသားတစ်ဦး၊ အသက် ၁၃ နှစ်အရွယ် အမျိုးသားတစ်ဦး၊ အသက် ၁၄ နှစ်အရွယ် အမျိုးသမီးတစ်ဦးနဲ့ အသက် ၄၀ ကျော်အရွယ် အမျိုးသမီးနှစ်ဦး စုစုပေါင်း ၅ ဦး သေဆုံးခဲ့ပါတယ်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူတွေအပြင် အသက် ၁၀ နှစ်အောက် ကလေး ၃ ဦးအပါအဝင် လူ ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

“ဘာကြောင့်လုပ်လဲ မပြောတတ်တော့ဘူး။ ကလေးငယ်တွေလည်း ပါတယ် အခုထိခိုက်သေဆုံးတာက။ ၅ နှစ်အောက်ပေါ့။ အခုတော့ ၅ ယောက်ဆုံးတယ်ပဲ သိထားတယ်။ ထိခိုက်သူလည်း ၁၀ ယောက်ကျော်တယ်။ နေအိမ်အချို့လည်း ပျက်တယ်” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

အလားတူ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်းမှာလည်း စက်တင်ဘာ ၄ ရက်ကနေ ၆ ရက်နေ့အထိ အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေအပြင် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့သလို ဘုန်းကြီးကျောင်းအပါအဝင် နေအိမ်တချို့လည်း ထိမှန်ပျက်စီးခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ နေရာတွေဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားတွေ နေထိုင်တဲ့ ကျေးရွာတွေဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ကျမတို့အနေနဲ့ အမျိုးသမီးနဲ့ ကလေးလုံခြုံရေးအတွက် သီးသန့်လုပ်ဆောင်ချက်တွေ လိုအပ်တယ်။ လုပ်ဆောင်ချက်တွေ၊ လုပ်ငန်းစဉ်တွေ ချမှတ်ပြီး လိုက်နာဆောင်ရွက်ခဲ့ရင်တောင် စစ်ကောင်စီကတော့ သူဘယ်နေရာဖြစ်ဖြစ်၊ ဘယ်လိုအခြေအနေမျိုးဖြစ်ဖြစ် လေယာဉ်နဲ့ ကြဲချင်ရင် ကြဲမှာပဲ၊ လက်နက်ကြီးပစ်ချင်ရင် ပစ်မှာပဲ။ စစ်ကောင်စီက ပြည်သူနဲ့ စစ်ဘက်ဆိုပြီး ခွဲခြားပြီး တိုက်ခိုက်နေတာ မဟုတ်တဲ့အတွက် မြေပြင်လုံခြုံရေးဆောင်ရွက်ဖို့ စိန်ခေါ်မှုရှိနေတယ်” လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ရဲ့ ဒါရိုက်တာ မမေက ပြောပါတယ်။

ယမန်နေ့ စက်တင်ဘာ ၆ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်မှာလည်း လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်းက ကျေးရွာတစ်ရွာကို အာဏာသိမ်းစစ်တပ်က လေယာဉ်နဲ့ ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဖုန်းဆိုင်တစ်ဆိုင်နဲ့ နေအိမ်တချို့ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်တပ်က လူထုနေထိုင်ရာ ကျေးရွာတွေကို လေယာဉ်နဲ့ ဒရုန်းအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေတာကြောင့် လုံခြုံမယ်လို့ ယူဆရတဲ့ နေရာတွေကို ဒေသခံတွေ ထပ်မံတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

လွိုင်ကော်မြို့နယ်အတွင်းမှာ စက်တင်ဘာလအစောပိုင်းကတည်းက အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပေမယ့် တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာတွေက တစုံတရာထုတ်ပြန်တာ မရှိသေးပါဘူး။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ