ကန္တာရဝတီတိုင်း (မ်)
ဒီကနေ့ စက်တင်ဘာ ၉ ရက်နေ့ကစပြီး ယာဥ်ကို စုံဂဏန်း၊ မဂဏန်း မောင်းနှင်ရမယ့်စနစ်ကို ဖျက်သိမ်းလိုက်ပြီးဖြစ်တယ်လို့ အာဏာသိမ်းစစ်အစိုးရလက်အောက်ခံ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ခိုင်ခိုင်စိုးက Eleven media ကို ဖြေကြားပါတယ်။
လက်ရှိမှာ နိုင်ငံ့စွမ်းအင်နဲ့ ပတ်သက်ပြီး အခြေအနေတွေ တည်ငြိမ်စပြုလာပြီမို့ ဖျက်သိမ်းရတာဖြစ်တယ်လို့လည်း ဖြေဆိုထားပါတယ်။
စုံ၊မ စနစ် ဖျက်သိမ်းတယ်ဆိုပေမယ့် ဆီဖြည့်ရာမှာ QR Quota စုံ/မစနစ်ကို ဆက်လက်ထားရှိဦးမယ်လို့လည်း ပြောပါတယ်။
လက်ရှိမှာ မြန်မာ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာလည်း ဆီစျေးပြန်ကျဆင်းလာပြီး နဂိုစျေးအတိုင်း ပြန်ရောက်ရှိနေပြီလို့ ထိုင်းရောက် မြန်မာရွေ့ပြောင်းလုပ်သားတွေက ပြောပါတယ်။
တောင်ငူမြို့ကနေ လောင်စာဆီ အဓိက ရယူနေတဲ့ ကရင်နီပြည်မှာတော့ စစ်ရေးအခြေအနေ၊ လမ်းပမ်းဆက်သွယ်ရေး အခြေအနေကြောင့် စက်သုံးဆီရရှိမှုက အခုထိ မတည်မငြိမ်ဖြစ်နေဆဲပဲလို့ ဒေသခံတွေကပြောပါတယ်။
“ဆီကတော့ ရလိုက်မရလိုက်ဖြစ်တယ်။ ဒါကလည်း အခုလမ်းခရီးအခြေနေကြောင့်တင်မကပါဘူး၊ ဟိုဖက် စစ်ကောင်စီ ဂိတ်ရဲ့ အပြောင်းအလဲ ပေါ်မှာမူတည်ပြီးတော့ ဆီရတာမရတာဖြစ်နေတာပေါ့။ ဆီကားတွေကတော့ အရင်တုန်းကလိုမျိုး အများကြီး သွားသယ်လို့မရကြဘူး။ အလှည့်ကျသွားရတယ်လို့သိရတယ်” လို့ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့က စစ်ဘေးရှောင်အမျိုးသမီးတဦးက ပြောပါတယ်။
အရှေ့အလယ်ပိုင်းဒေသတွင်း စစ်ပွဲကြောင့် ကမ္ဘာ့ ရေနံသယ်ယူမှုလမ်းကြောင်းပိတ်ဆို့ခဲ့ပြီးနောက် မြန်မာအပါအဝင် ထိုင်းနဲ့ တခြား အိမ်နီးချင်းနိုင်ငံတွေမှာ လောင်စာဆီသုံးစွဲရေး အရေးပေါ်အစီအမံကြေညာထားခဲ့ပါတယ်။
မြန်မာနိုင်ငံက စစ်အစိုးရထိန်းချုပ်နယ်မြေတွေမှာတော့ အရှေ့အလယ်ပိုင်းဒေသတွင်း စစ်ရေးပဋိပက္ခတွေကြောင့် နိုင်ငံ့စွမ်းအင်လုံခြုံရေးနှင့် စက်သုံးဆီချွေတာရေးအတွက်ဆိုပြီးတော့ မော်တော်ယာဉ်သုံးစွဲမှုကို ၂၀၂၆ ခုနှစ် မတ် ၇ ရက်ကစပြီး ယနေ့ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၉ ရက်အထိ စုံ/မစနစ်ကို ကျင့်သုံးခဲ့တာဖြစ်ပါတယ်။






