ကန္တာရဝတီတိုင်း ( မ် )
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အရှေ့ဘက်ခြမ်း (ကေးလျားမြို့နယ်) က ကျေးရွာတရွာမှာ ဒီကနေ့ စက်တင်ဘာ ၂၂ ရက်နေ့ မနက်ပိုင်းက အာဏာသိမ်းစစ်တပ်ရဲ့ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသားတဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အုပ်ချုပ်ရေးတာဝန်ရှိသူ အမျိုးသားတဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“ဒီနေ့ နေ့လည် ၁၁ နာရီလောက်မှာ ဒရုန်းလာချ(ကြဲ)သွားတယ်။ တယောက်ထိတယ်ပေါ့နော်။ သူက အသက် ၄၅ နှစ်အရွယ်ရှိပြီ။ သူ့မြေပဲခြံမှာ ထိတာ” လို့ အုပ်ချုပ်ရေးတာဝန်ရှိသူ အမျိုးသားတဦးက ပြောပါတယ်။
အဆိုပါအမျိုးသားရဲ့ ဦးခေါင်းနဲ့ နောက်ကျောမှာ ဒရုန်းဗုံးစ ထိမှန်ခဲ့တာဖြစ်ပြီး စိုးရိမ်ရတဲ့အခြေအနေ မရှိဘူးလို့ သိရပါတယ်။
အာဏာသိမ်းစစ်တပ်က နေသာတဲ့ရက်တွေမှာ နေ့စဉ်ရက်ဆက် ဒရုန်းနဲ့ ကင်းထောက်မှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စိုက်ပျိုးခြံနဲ့ တောင်ယာလုပ်ငန်းခွင်တွေကို အဓိကထား တိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တောင်ယာလုပ်ငန်းခွင်တွေကို အခုလို တိုက်ခိုက်မှုတွေကြောင့် စိုက်ပျိုးရာသီအတွင်း ဒေသခံပြည်သူတွေရဲ့ စားနပ်ရိက္ခာလိုအပ်ချက်ကို ထိခိုက်လာနိုင်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ တောင်ယာပေါင်းရှင်းရမယ့် ရာသီရောက်ရှိနေပြီဖြစ်ပေမယ့် လုံခြုံရေးအခြေအနေကြောင့် တောင်ယာခင်းတွေထဲ သွားရောက်ပြီး ပေါင်းရှင်းတာနဲ့ ခြံရှင်းတာတွေ မလုပ်နိုင်ကြသေးဘူးလို့ တောင်သူတွေက ပြောပါတယ်။
တောင်ယာခင်းတွေကို အချိန်မီ ပေါင်းမရှင်းနိုင်ပါက စိုက်ပျိုးထားတဲ့ သီးနှံတွေ အောင်မြင်ဖြစ်ထွန်းမှု ထိခိုက်လာမှာကိုလည်း တောင်သူတွေက စိုးရိမ်နေကြပါတယ်။






