ကန္တာရဝတီတိုင်း ( မ် )
ကရင်နီပြည်၊ ဖားဆောင်းနဲ့ မယ်စဲ့မြို့နယ်က နှမ်းစိုက်တောင်သူတွေဟာ နှမ်းခုတ်ပြီး ထောင်လှမ်းနေချိန် မိုးရွာသွန်းတာကြောင့် နှမ်းပုပ်သွားမှာနဲ့ အထွက်နှုန်းကျဆင်းမှာကို စိုးရိမ်နေကြတယ်လို့ တောင်သူတွေက ပြောပါတယ်။
နှမ်းတွေကို ခုတ်ပြီးနောက် နေပူချိန်မှာ ခြောက်အောင်လှမ်းထားရတာဖြစ်ပေမယ့် မိုးဆက်တိုက်ရွာသွန်းရင် နှမ်းခါလို့မရဘဲ ရက်အတော်ကြာ စောင့်ဆိုင်းရတာကြောင့် နှမ်းအရည်အသွေးထိခိုက်နိုင်တယ်လို့ ဖားဆောင်းမြို့နယ်က နှမ်းစိုက်တောင်သူတစ်ဦးက ပြောပါတယ်။
“မိုးရွာတော့ နှမ်းခါတာ အဆင်မပြေဘူးလေ။ နေပူတဲ့ထိ စောင့်ရတာပေါ့။ နေပူပြန်ပူဖို့ နှစ်ရက်၊ သုံးရက်လောက် စောင့်ရတယ်။ မိုးက လေးရက်၊ ငါးရက်လောက် ရွာရင်တော့ ပုတ်တတ်တယ်” လို့ အဆိုပါ နှမ်းစိုက်တောင်သူတဦးက ပြောပါတယ်။
စစ်ဘေးရှောင်ရင်း နှမ်းစိုက်ပျိုးကြရတာဖြစ်ပြီး စိုက်ပျိုးစရိတ်အတွက် ငွေကြေးချေးယူရတာတွေလည်း ရှိသလို လက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်တွေကြားမှာ စိုက်ပျိုးခဲ့ရတယ်လို့ ဆိုပါတယ်။
“နှမ်းခုတ်ကြပြီ၊ မိုးကရွာတယ်လေ။ ဒီနှစ်နှမ်း ဘယ်သူမှ မကောင်းကြဘူး။ နိုင်ငံရေးလည်း မကောင်း၊ နှမ်းလုပ်တာလည်း မကောင်း။ လူတိုင်း ညည်းနေကြတယ်” လို့ မယ်စဲ့မြို့နယ်က နှမ်းစိုက်တောင်သူတစ်ဦးက ပြောပါတယ်။
တောင်သူတဦးနဲ့တဦး နှမ်းစိုက်ချိန်တွေ မတူညီတာကြောင့် နှမ်းခုတ်ချိန်လည်း မတူညီနိုင်ဘူးလို့ ပြောပါတယ်။ ဒါ့အပြင် စိုက်ပျိုးဧရိယာနဲ့ ရာသီဥတုအခြေအနေအပေါ်မူတည်ကာ အထွက်နှုန်းလည်း ကွာခြားမှုရှိတယ်လို့ တောင်သူတွေက ဆိုပါတယ်။
မယ်စဲ့နဲ့ ဖားဆောင်းမြို့နယ်တွေက ထွက်ရှိတဲ့ နှမ်းတွေကို ပွဲစားတွေကတဆင့် ထိုင်းနိုင်ငံဘက်ကို အဓိက ရောင်းချနေကြပြီး နှမ်းတကီလိုလျှင် ထိုင်းဘတ် ၄၀ ( မြန်မာငွေ ကျပ် ၅၃၀၀ ဝန်းကျင်) ရရှိတယ်လို့ တောင်သူတွေက ပြောပါတယ်။ အဆိုပါဈေးနှုန်းဟာ ပြီးခဲ့တဲ့နှစ်က ဈေးနှုန်းနဲ့ အလားတူဖြစ်တယ်လို့ တောင်သူတွေထံက သိရပါတယ်။







