spot_img
Homeသတင်းဖရူဆိုစစ်ဘေးရှောင်စခန်းတနေရာမှာ လသားအရွယ်ကလေးတွေအပါဝင် လူကြီးတွေပါ ရာသီတုပ်ကွေးအဖြစ်များနေ

ဖရူဆိုစစ်ဘေးရှောင်စခန်းတနေရာမှာ လသားအရွယ်ကလေးတွေအပါဝင် လူကြီးတွေပါ ရာသီတုပ်ကွေးအဖြစ်များနေ

-

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်စခန်းတနေရာမှာ လသားအရွယ်ကလေးတွေအပါဝင် ကလေး၊ လူကြီးတွေပါ ရာသီတုပ်ကွေးအဖြစ်များနေတယ်လို့ စခန်းကျန်းမာရေးကော်မတီ၊ တာဝန်ရှိသူတဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

လူဦးရေ ၁,၀၀၀ နီးပါးရှိတဲ့ အဆိုပါ စစ်ရှောင်စခန်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ ရက်ကစလို့ ဖျားနာသူတွေ များပြားလာတာတယ်လို့ ပြောပါတယ်။ မိသားစုတစုအတွင်း တဦးဖြစ်ပြီးနောက် အခြားသူတွေထံ ဆက်လက်ကူးစက်တာမျိုး ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

“ဒီကိုးလပိုင်းမှာ တအိမ်မှ မလွတ်ဘူး၊ မိသားစုတိုင်းဖြစ်နေကြတယ်။ ကျမမိသားစုလည်း တယောက်မှ မလွတ်ဘူး၊ အကုန်ဖျားနာကြတယ်။အရင်နှစ်တွေ ဒီလို ကိုးလပိုင်းရောက်ရင် ဖျားတာရှိပါတယ်၊ ရာသီတုပ်ကွေးပေါ့။ ဒါပေမယ့် နည်းပါးပါတယ်၊ အခုက မိသားစုထဲက ၅ ယောက်ရှိလည်း ၅ ယောက်လုံးဖျားတယ်၊ ၁၀ ယောက်ရှိလည်း အကုန်ဖျားတယ်ဆိုတော့ တယောက်ပြီး တယောက်ကူးကြတာ၊ တစ်ခါမှ မကြုံဖူးသေးဘူး။” လို့ ကျန်းမာရေးကော်မတီ တာဝန်ရှိသူက ပြောပါတယ်။

ဖျားနာသူတွေဟာ အဖျားတက်တာ၊ ချောင်းဆိုးတာ၊ ရင်ဘတ်အောင့်တာ၊ ခေါင်းကိုက်တာနဲ့ ခန္ဓာကိုယ်ကိုက်ခဲတာ စတဲ့ လက္ခဏာတွေ ဖြစ်ပွားနေပြီး လသားအရွယ်ကလေးတွေကစလို့ အသက်အရွယ်စုံ ဖျားနာနေကြတယ်လို့ သိရပါတယ်။

အဆိုပါစခန်းမှာ တဲအိမ်တွေ နီးကပ်စွာ နေထိုင်ရတာနဲ့ လေဝင်လေထွက် အားနည်းတာတွေကြောင့် ရာသီတုပ်ကွေး ကူးစက်မှု ပိုမိုလွယ်ကူနေတယ်လို့ ကျန်းမာရေးတာဝန်ရှိသူက ဆိုပါတယ်။

“အသက်ရှူရာကနေ အဖြစ်များတာပေါ့၊ တယောက်ကူးရင် နောက်တယောက်ကူးဖို့ လွယ်တယ်။ ပြီးတော့ ထိတွေ့ကိုင်တွယ်တဲ့ ပစ္စည်းမှာလည်း ကူးစက်တာဖြစ်တတ်တယ်။ ဆေးသောက်ရင်လည်း ရက်ပြည့်အောင်သောက်ရတယ် တရက်တကြိမ်လောက် သောက်ပြီး မပျောက်တော့ ဆက်မသောက်ဘဲ တခြားနေရာမှာ သွားပြလိုက်တာမျိုးဆိုလည်း အဆင်ပြေဘူးပေါ့” လို့ ကျန်းမာရေးတာဝန်ရှိသူတဦးက ဆက်ပြောပါတယ်။

လက်ရှိမှာ ဖျားနာသူတွေဟာ နီးစပ်ရာဆေးခန်းတွေနဲ့ ကျန်းမာရေးကူညီဆောင်ရွက်သူတွေထံကနေ ဆေးဝါးရယူနေကြတယ်လို့ ဆိုပါတယ်။
အဆိုပါ စစ်ရှောင်စခန်းမှာ အိမ်ခြေ ၂၀၀ ကျော်နဲ့ လူဦးရေ ၁,၀၀၀ နီးပါး နေထိုင်ကြတယ်လို့ သိရပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ