ကန္တာရဝတီတိုင်း ( မ် )
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်း၊ ဟူဘောမြို့နယ်က စာသင်ကျောင်းတချို့မှာ ကျောင်းနေအရွယ်ကလေးတွေ ပါးချိတ်ရောင်ရမ်းမှု အဖြစ်များနေတယ်လို့ ကျောင်းဆရာမတွေထံကနေ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလမှာ ငှက်ဖျားရောဂါ အဖြစ်များခဲ့ပြီး ကျောင်းတွေပိတ်ထားခဲ့ရသလို လက်ရှိမှာလည်း ပါးချိတ်ရောင်ရမ်းမှု ဆက်လက်ဖြစ်ပွားနေတယ်လို့ ကျောင်းဆရာမတဦးက ပြောပါတယ်။

“ကျောင်းမှာခါကျတော့ ပိတ်ထားတာတော့ မရှိတော့ဘူးပေါ့နော။ ငှက်ဖျားပြီးသွားတော့ ဒီပါးချိတ်ရောင်ဖြစ်တာ၊ ကျမတို့ကျောင်းကလည်းဖြစ်သွားတာ ငှက်ဖျားဆိုလို့ရှိရင် ၄ ခါလောက်ထိဖြစ်တယ်။ သူများထက်အရင်ဆုံးလည်းဖြစ်တယ် သူများထက်နောက်ကျလည်း ပြီးတဲ့ကျောင်းပေါ့နော၊ ဒီပါးချိတ်ရောင်ခါကျတော့ မပြီးသေးဘူးပေါ့နော ဖြစ်နေသေးတယ်”လို့ ကျောင်းဆရာမတဦးက ပြောပါတယ်။
ကျောင်းသား၊ ကျောင်းသူတွေ ပါးချိတ်ရောင်ရမ်းမှု များနေတာကြောင့် စာသင်ကြားမှု နောက်ကျတာမဖြစ်စေဖို့အတွက် ပြင်းထန်တဲ့ ကလေးတွေကို ခွင့်ပေးတဲ့စနစ်နဲ့ စာသင်ကြားနေရတယ်လို့ ဆိုပါတယ်။ အဆိုပါကျောင်းမှာတော့ ကျောင်းသား ဦးရေ ၄၀ ဝန်းကျင်ရှိပြီး ၂၀ ကျော်က ပါးချိတ်ရောင်ရမ်းမှု ဖြစ်ပွားနေတာလို့ ပြောပါတယ်။
အဆိုပါ ကျောင်းအပြင် တခြား စာသင်ကျောင်းတချို့မှာလည်း ပါးချိတ်ရောင်ရမ်းတာ ဖြစ်ပွားနေကြပြီး ကျောင်းတစ်ကျောင်းစီမှာ ကျောင်းသား၊ ကျောင်းသူ ထက်ဝက်ကျော်အထိ ဖြစ်ပွားနေတယ်လို့ အဆိုပါကျောင်းဆရာမက ဖြည့်စွက် ပြောပါတယ်။
ပါးချိတ်ရောင်ရမ်းတဲ့ ကလေးတွေဟာ ဆေးခန်းပြသပြီး ကုသမှုခံယူကြသလို တချို့ကတော့ လိမ်းဆေးနဲ့ သဘာဝကုထုံးတွေကို တွဲဖက်အသုံးပြုနေကြတယ်လို့ ဆိုပါတယ်။
ပါးချိတ်ရောင်ရောဂါက အသက် ၁၅နှစ်အောက် ကလေးတွေမှာ အဖြစ်များပြီး စစ်ရှောင်စခန်းတွေအပြင် ကျေးရွာနေ ကလေးတွေမှာလည်း နှစ်စဉ်ဖြစ်ပွားကြတယ်လို့ သိရပါတယ်။





