NGOs ကြောင့် ဖွံ့ဖြိုးမှုအသိပညာတိုးလာ၊ အကျင့်ပျက်စေသော ကိစ္စရပ်များလည်းရှိလာဟုဆို

မူအက်စတာ

ပြည်နယ်အတွင်း NGOs/INGOs များ ဝင်ရောက်လာမှုကြောင့် ဒေသခံများ၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ တိုးတက်ပြောင်းလဲမှုများနှင့်အတူ အကျင့်ပျက်စေသော အမူအကျင့်များလည်း မြင်တွေ့လာရကြောင်း သိရသည်။

၂၀၁၂ ခုနှစ် ကေအဲန်ပီပီ ငြိမ်းချမ်းရေးလက်မှတ်ထိုးပြီး နောက်ပိုင်း ကယား(ကရင်နီ)ပြည်နယ်တွင် အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများ၊ နိုင်ငံအတွင်းရှိ အစိုးရမဟုတ်သော အဖွဲ့အစည်းများ အများအပြားဝင်ရောက်လာကာ ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာခြင်း ဖြစ်သည်။

အစိုးရမဟုတ်သော အဖွဲ့အစည်းအသီးသီးမှ ၎င်းတို့မှ ဦးတည်လုပ်ဆောင်နေသော ကဏ္ဍအသီးသီးတွင် တိုးတက်မှုများရရှိလာသည့်နည်းတူ ဘေးထွက်ဆိုးကျိုးများကိုလည်း သတိထားရမည်ဟု ကယားလူမျိုးစုဒီမိုကရေစီပါတီ၏ အတွင်းရေးမှူး ဦးစိုင်းနိုင်နိုင်ထွေးက ယခုလိုပြောသည်။

“ကောင်းကျိုးကတော့ လူတွေအတွေးအခေါ်တစ်ခုရလာမယ်လို့ ထင်ပါတယ်။ လူမှုပတ်ဝန်းကျင်ဆိုတာ ဘယ်လိုလဲဆိုတာတွေ သူတို့သိလာမယ်။ ဆိုးကျိုးကတော့ လက်ဖြန့်တောင်းလာမယ်ပေါ့။ ပြည်နယ်မှာ ဖွံ့ဖြိုးရေးတစ်စုံတစ်ရာ လုပ်တော့မယ်ဆိုရင် ခုနက ရလဒ်အပေါ်လို့ ပြောရင် ငွေကြေးထောက်ပံ့မှု တစ်စုံတစ်ရာ မပါပဲနဲ့ မလာချင်ကြတော့ဘူး။ အစိုးရသော်လည်းကောင်း၊ နိုင်ငံရေးခေါင်းဆောင်အရသော်လည်းကောင်း ၊ အဖွဲ့အစည်းအသီးသီးသော်လည်းကောင်း သွားလို့ရှိရင် ဒီ NGOs,INGOs အဖွဲ့အစည်းတွေ ဖျက်ဆီးထားတဲ့ ဒဏ်တွေကို သူတို့လည်း ခံရတော့ တကယ်တမ်း နိုင်ငံရေးဆောင်ရွက်မယ့် ကိစ္စရပ်တွေ၊ လူမှုရေးဆောင်ရွက်မယ့် ကိစ္စရပ်တွေက သူတို့ရဲ့ ပါဝင်လာခြင်းက တအား အားနည်းသွားတယ်” ဟု ဦးစိုင်းနိုင်နိုင်ထွေးက ပြောသည်။

အစိုးရဌာနဆိုင်ရာ၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်းအဖွဲ့များမှ ကျေးရွာသို့ ဆွေးနွေးပွဲ၊ ပညာပေးပွဲများ လာရောက်ပြုလုပ်ပါက မိမိတို့မှ အခကြေးငွေမည်မျှရရှိမည်ဟူသော စိတ်ပိုင်းဆိုင်ရာ အကျင့်ပျက်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း သိရသည်။ ကောင်းသည့်အချက်များတွင် ဒေသခံများသည် ၎င်းတို့၏ နေ့စဉ်ဝင်ငွေ၊ ထွက်ငွေများကို စာရင်းအင်းများနှင့် သေချာတွက်ချက်တတ်ခြင်း၊ အသိအမြင်ပိုကြွယ်ဝလာခြင်း၊ ခေါင်းဆောင်ပိုင်းများနှင့် ထိတွေ့ဆက်ဆံနေရခြင်းကြောင့် ပြောရဲဆိုရဲရှိလာခြင်း စသည့် အကျိုးများလည်း ရရှိလာပါသည်။

NGOs,INGOs များဝင်လာခြင်းကြောင့် ဒေသခံများအတွက် အကျိုးရှိစေသည့် အကြောင်းများကိုလည်း ငြိမ်းဖောင်ဒေးရှင်းမှ ခူးပလုရယ်က ပြောထားပါသည်။

“NGOs, INGOs တွေဝင်လာတော့ အသိအမြင်တွေ ရလာတယ်၊ နိုင်ငံတကာ၊ ဖွံ့ဖြိုးဆဲနိုင်ငံတွေ ကိုယ့်အားကိုယ်ကိုးနိုင်အောင် ဘယ်လိုလုပ်ရမယ်ဆိုတာတွေ ဖွံ့ဖြိုးရေးနဲ့ ငြိမ်းချမ်းရေးတွေကို ဘယ်လိုချိတ်ဆက် လုပ်ဆောင်ရမယ်ဆိုတဲ့ အသိပညာလေးတွေရလာတယ်။ လူထုတွေရဲ့ အသံကို အဲ့ဒီအဖွဲ့အစည်းတွေက ဖော်ထုတ်ပေးနိုင်တယ်။ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ တစ်ချို့ရွာတွေမှာ သူတို့ဆောင်ရွက်ပေးလို့ စာသင်ကျောင်းတွေ အဆောင်တွေရလာတာပေါ့ လူထုအားနဲ့ဆိုရင် မနိုင်တဲ့ဟာတွေ ရှိတယ်။ ပြည်သူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲပေးနိုင်တယ် ဒီမိုကရက်တစ် Transition အပိုင်းတွေမှာ သူတို့က အဓိကအခန်းမှာ ပါဝင်တယ်” ဟု ခူးပလုရယ် ပြောသည်။

အစိုးရမှ လက်လှမ်းမမှီသော ဒေသများတွင် အစိုးရမဟုတ်သောအဖွဲ့အစည်းများ၏ လုပ်ဆောင်ချက်များကြောင့် လူအခွင့်အရေးဆိုင်ရာအသိပညာ၊ ဥပဒေဆိုင်ရာအသိပညာများနှင့် စိတ်ပိုင်းဆိုင်ပြောင်းလဲမှုများကို ဒေသခံများက ရရှိခဲ့သည်ဟု ၎င်းက ဆက်ပြောပါသည်။

၂၀၁ဝ ခုနှစ်မတိုင်မီတွင် အဲန်ဂျီအိုအဖွဲ့ပေါင်း ၆ ဖွဲ့ထက် မပိုခဲ့ဘဲ၊ ၂၀၁၂ခုနှစ် ကေအဲန်ပီပီငြိမ်းချမ်းရေးလက်မှတ်ထိုးပြီး နောက်ပိုင်းတွင် စုပြုံဝင်ရောက်လာခြင်း ဖြစ်ကြောင်း သိရသည်။ လက်ရှိကယား(ကရင်နီ)ပြည်နယ်တွင် ဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်ကိုင်နေသော NGOs ၃၃ ဖွဲ့၊ INGOs ၁၅ ဖွဲ့၊ UN Agency ၅ ဖွဲ့နှင့် LNGO ၅ ဖွဲ့ အသီးသီးရှိနေကြောင်း သိရသည်။

 
 
 

Comments

comments

Next Post

ခရီးတစ်ထောင့်အနားယူပါ အမဲစက်တော့ မချန်ခဲ့ပါနဲ့ 

Wed Jul 19 , 2017
စူးမယ် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်က တောင်ပေါ်တိုင်းရင်းသူနဲ့ ဒုက္ခသည် မိန်းကလေးတွေကို ပြည့်တန်ဆာပြုလုပ်ခိုင်းနေတာတွေ ရှိနေတယ်ဆိုတဲ့ သတင်း ဧပြီလအတွင်း ထွက်ပေါ်ပြီးနောက်မှာတော့ ကရင်နီ အမှတ် ၁ စခန်း ဒုက္ခသည်မှာ အဝင်အထွက် ပိတ်ဆို့မှုကို တစ်လနီးပါး ပြုလုပ်ခဲ့ပါတယ်။ တစ်လနီးပါး လမ်းပိတ်ဆို့မှုရဲ့ အကြောင်းပြချက်က ကရင်နီဒုက္ခသည်စခန်းရှိ အသက်မပြည့်သေးတဲ့ အမျိုးသမီးငယ်များ လူကုန်ကူးခံနေရတယ်ဆိုတဲ့ ပြောဆိုချက်တွေကြောင့် ဖြစ်ပါတယ်။ ကရင်နီ ဒုက္ခသည် အမှတ် ၁ စခန်းမှာ နေထိုင်နေတဲ့ လူဦးရေ တစ်သောင်း တစ်ထောင်ကျော်ထဲက တစ်ဝက်ခန့်ဟာ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေ ဖြစ်ပါတယ်။ စခန်းအတွင်းကနေထိုင်သူ စခန်းအပြင်ကို မထွက်ဖို့နဲ့ အပြင်ကလူ စခန်းအတွင်းကို ဝင်မလာစေဖို့ အဝင်အထွက် လုံခြုံရေးကို […]

ဆက်စပ်သတင်းများ