NLD ပါတီကိုယ်စားလှယ်တွေနဲ့တွေ့ဆုံဖို့ နေရာအနေအထားကြောင့် တွေ့ဆုံဖို့မဖြစ်နိုင်သေး

0
761
ကယားပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ရောက်နေတဲ့ တိုင်းရင်းသားပါတီတွေနဲ့တွေ့ဆုံမည့် NLDကိုယ်စားလှယ်တွေကို ယနေ့မြင်တွေ့ရစဉ်။

နော်ဒွေးအယ်ခူ

ကယားပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ရောက်နေတဲ့ တိုင်းရင်းသားပါတီတွေနဲ့တွေ့ဆုံမည့် NLDကိုယ်စားလှယ်တွေကို ယနေ့မြင်တွေ့ရစဉ်။

NLD ပါတီက ကိုယ်စားလှယ်တွေနဲ့တွေ့ဆုံဖို့ နေရာအခြေအနေကြောင့် တွေ့ဆုံဖို့မရှိနိုင်သေးဘူးလို့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး ဦးသဲရယ်က ပြောပါတယ်။

“ဒါကတော့နောက်ပိုင်း အခွင့်အရေးရှိရင်တော့ စဉ်းစားမယ်။ အခုကတော့ နေရာအနေအထားကြောင့် လက်ခံနိုင်စရာမရှိတော့ဘူး။ တွေ့ဖို့အစီအစဉ်မရှိတော့ဘူး။”

ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီနဲ့ ကယန်းအမျိုးသားပါတီကိုတွေ့ဆုံဖို့အတွက် ဒီမနက်ခင်းမှာ NLD ဘက်က ဆက်သွယ်လာပြီး ကယားပြည်နယ် ဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာတွေ့ဖို့ ပြောဆိုလာတာဖြစ်ပါတယ်။

တိုင်းရင်းသားပါတီတွေဘက်ကတော့ ပါတီတွေရုံးမဟုတ်ပဲ တခြားသင့်တော်မည့် တတိယနေရာကို ရွေးပြီးတွေ့ဆုံဖို့ ပြန်လည်းညှိနှိုင်းပေမယ့် NLD ဗဟိုကော်မတီရဲ့ဆုံးဖြတ်ချက်အတိုင်းသာ ဆောင်ရွက်နေရတာဖြစ်တယ်လို့ဆိုပါတယ်။

“ဒီမနက် ၇ နာရီကျော်မှာ ဒေါက်တာအောင်မိုးညိုကဆက်သွယ်လာပါတယ်။ ဘယ်လိုလုပ်ကြမလဲပေါ့။ ကျနော်ကတော့ ပါတီရဲ့ဆုံးဖြတ်ချက်အရဆိုလို့ရှိရင် ပါတီမှာပဲတွေ့ဖို့ရှိတယ်။ နောက်ဆုံးအဆင်မပြေရင် နှစ်ဖက်စလုံးအဆင်ပြေမည့် နေရာတနေရာပေါ့လုပ်ကြရအောင်သူ့ကိုပြောတယ်။ ပါတီဘက်ကလည်း အဆင်ပြေနိုင်တယ်လို့ပြန်ပြောတယ်။ သူကလည်းပြောပါတယ်။ ကျနော်တို့ပါတီကလည်း ပါတီရုံးမှာပဲ တွေ့ဖို့ ဆုံးဖြတ်ထားတဲ့အခါကျတော့ တခြားနေရာသွားဖို့မဖြစ်ဘူးလို့ပြောပါတယ်။ မတွေ့ကြတော့ဘူးလားဆိုတော့ ဒီအတိုင်းပဲထားလိုက်ကြတာပေါ့ဆိုပြီးမဆွေးနွေးလိုက်ရပါဘူး။”လို့ ဦးသဲရယ်က ပြောပါတယ်။

NLD ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်သုံးဦးဖြစ်တဲ့ မကွေးတိုင်းဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညို၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်နဲ့ ကချင်ပြည်နယ် မြစ်ကြီးနား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအင်ထုံခါးနော်ဆမ်တို့က လွိုင်ကော်မြို့ကို မနေ့က ရောက်ရှိခဲ့ကြတာဖြစ်ပါတယ်။

NLD ဘက်က ကိုယ်စားလှယ်ဦးအင်ထုံခါးနော်ဆမ်က “ကျနော်တို့ ကယားပြည်နယ် NLD ပြည်နယ်ရုံးမှာ တစ်နာရီမှာတွေ့ဖို့ ပြောထားတယ်။ တွေ့တယ်မတွေ့ဘူးဆိုတာ အဲဒီအချိန်ကျမှသိရမယ်။” လို့ပြောပါတယ်။

ပြည်နယ်အတွင်း လွှတ်တော် ၃၄ နေရာရှိတဲ့အနက် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီကတော့ ၈ နေရာအနိုင်ရထားတာဖြစ်ပြီး ကယန်းအမျိုးသားပါတီကတော့ ပြည်နယ်အတွင်း အနိုင်ရတဲ့နေရာမရှိပေမယ့် ရှမ်းပြည်နယ်ဘက်မှာတော့ ကယန်းတိုင်းရင်းသားရေးရာတစ်နေရာ အနိုင်ရထားတဲ့ပါတီဖြစ်ပါတယ်။

ဇန်နဝါရီ ၁ ရက်မှာ ကချင်ပြည်နယ်က တိုင်းရင်းသားနိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံခဲ့ပေမယ့် ဒုတိယခရီးစဉ်ဖြစ်တဲ့ မွန်ညီညွတ်ရေးပါတီနဲ့နေရာညှိမရတဲ့အတွက် တွေ့ဆုံပွဲပျက်ခဲ့ရတယ်လို့ သိရပါတယ်။

ရွေးကောက်ပွဲအပြီး NLD ပါတီက နိုဝင်ဘာ ၁၂ ရက်မှာ ထုတ်ပြန်ထားတဲ့ “နောင်အနာဂတ်မြန်မာနိုင်ငံအတွက် ရှေးရှုရမည့်ပြည်ထောင်စုအရေးကိစ္စ” နဲ့ပတ်သက်ပြီး တိုင်ရင်းသားနိုင်ငံရေးပါတီတွေဆီ ပေးပို့တဲ့စာမှာတိုင်းရင်းသားလူမျိုးစုတွေရဲ့ ဆန္ဒတွေကို အလေးထားဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ကယားပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာပဲတွေ့ဖို့ဆုံးဖြတ်ထား ဆက်သွယ်ထားတာဖြစ်ပြီး တခြားနေရာမှာတွေ့ဆုံမည်ဆိုပါက တိုင်းရင်းသားတွေအကြားမှာစိတ်ဝမ်းကွဲစေသလိုဖြစ်သွားမှာလို့ NLDပါတီ အဖွဲ့ကိုယ်စားလှယ် ဒေါက်တာအောင်မိုးညိုက ပြောပါတယ်။

“ကျနော်တို့ကလည်းပဲ ကချင်ပြည်နယ်မှာလည်း ပြည်နယ် NLD ရုံးမှာပဲတွေ့တယ်။ မွန်ပြည်နယ်မှာလည်း ဒီလို NLD ရုံးမှာပဲတွေ့တယ်။ နောက်တခါ ကယားပြည်နယ်ရောက်မှတနေရာသွားတွေ့တာမရဘူး။ အဲလိုမျိုးသွားတွေ့ရင် တိုင်းရင်းသားတွေကြားထဲမှာ စိတ်ဝမ်းကွဲအောင်လုပ်တယ်ဆိုပြီးတော့မှ ပြောခံရမှာ အဲဒါကြောင့်မို့လို့လည်း ကျနော်တို့ ဗဟိုအလုပ်အမှုဆောင်ဆုံးဖြတ်ချက်အတိုင်းပဲ ကယားပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာပဲတွေ့ဖို့ ဆုံးဖြတ်ထားပါတယ်။”

တိုင်းရင်းသားပါတီတွေနဲ့တွေ့ဖို့ NLD ကိုယ်စားလှယ်တွေက မနေ့က လွိုင်ကော်မြို့ကိုရောက်ရှိနေတာဖြစ်ပြီး ဒီကနေ့မနက်ပိုင်းမှာတော့ ပြည်နယ်အတွင်းရှိ NLD ကိုယ်စားလှယ်တွေနဲ့တွေ့ဆုံဆွေးနွေးခဲ့ကြကာ တိုင်းရင်းသားပါတီတွေကို နေ့ခင်းပိုင်းမှာတွေ့ဆုံဖို့ချိန်းဆိုခဲ့ကြတာဖြစ်ပါတယ်။