spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

NUCC မှာ KNPP အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အင်အားစု ၈ ဖွဲ့ ပါဝင်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)မှာ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP အပါအဝင် မတူညီတဲ့ပုံစံနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAOs) ၈ဖွဲ့ ပါဝင်တယ်လို့ NUCC ခေါင်းဆောင်တစ်ဦးဖြစ်သလို ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီမှ တာဝန်ရှိသူ ဦးအောင်ဆန်းမြင့်က ဒီကနေ့ နိုဝင်ဘာလ ၁၆ ရက်နေ့မှာ ပြုလုပ်တဲ့ NUCC ရဲ့ ပထမဦးဆုံးအကြိမ် အွန်လိုင်းသတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။

“တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေကတော့ မတူညီတဲ့ပုံစံအမျိုးမျိုးနဲ့ပေါ့လေ စုဖွဲ့မှုမှာပါကြပါတယ်။ တချို့ကတော့ အဖွဲ့အစည်းအနေနဲ့တိုက်ရိုက်ပါဝင်ခဲ့ကြသလို တချို့ကတော့ ပြည်နယ်ကိုယ်စားပြုအတိုင်ပင်ခံကောင်စီဆိုပြီးတော့ ကိုယ့်ရဲ့ပြည်နယ်ကိုယ်စားစုဖွဲ့ပြီးတော့မှ ပါဝင်လာကြတာဖြစ်ပါတယ်။ ဆိုတော့ လောလောဆယ်ကတော့ ကြားထဲမှာပေါ့နော။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၈ဖွဲ့လောက်ရှိပါတယ်။” လို့ ဦးဆောင်ဆန်းမြင့်က ပြောပါတယ်။

NUCC မှ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေးအတွက် လုပ်ဆောင်နေတဲ့အရာတွေကို အများပြည်သူအား ရှင်းလင်းချပြတဲ့ ဒီကနေ့ နိုဝင်ဘာလ ၁၆ ရက်နေ့ အွန်လိုင်း သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားတာဖြစ်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်ဖြစ်တဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)ပါဝင်ပြီး ကျန်တဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအမည်ကိုတော့ လတ်တလောမထုတ်​ပြန် နိုင်သေးဘူးလို့ ဦးအောင်ဆန်းမြင့် ရှင်းပြပါတယ်။

“ဒီနေ့ Speaker ထဲမှာလည်း KNU ကကိုယ်စားလှယ်တစ်ဦးပါတယ်၊ ကရင်နီအတိုင်ပင်ခံကောင်စီမှာဆိုရင် ကျနော့်အနေနဲ့ကိုယ်စားပြုပါတယ်၊ ချင်းအတိုင်ပင်ခံကောင်စီမှာဆိုရင်လည်း ဒေါက်တာ လျန်မှုန်း ပါတယ် အဲ့သလိုပါတယ်ပေါ့။ လောလောဆယ်ကတော့ မတူညီတဲ့ပုံစံနဲ့ပါတယ်။ EAOs ကတော့ လောလောဆယ်မှာတော့ အကုန်လုံးမပါဝင်နိုင်သေးတဲ့အကြောင်းရင်းရှိပါတယ်။ ဒါတွေကတော့ အဖွဲ့အစည်းအသီးသီးရဲ့ နယ်မြေပထဝီ အနေအထား၊ ပကတိအခြေအနေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ သူတို့ရဲ့နိုင်ငံရေးဦးတည်ချက်၊ ရည်ရွယ်ချက်တွေ အများကြီးမူတည်ပါတယ်။ ကျနော်တို့ NUCC ကတော့ ဝိုင်းပြီးတော့မှ Collective Leadership အနေနဲ့ သွားနေတဲ့နိုင်ငံရေးဦးတည်ချက်ကတော့ အနာဂတ်ဖက်ဒရယ်နဲ့ ဒီမိုကရေစီပြည်ထောင်စုရေးဖြစ်ပါတယ်။ ဆိုတော့ ဒီအပေါ်မှာ ကျနော်တို့အားလုံးပေါ့ နိုင်ငံရေးရည်မှန်းချက် အဖွဲ့အစည်းတွေကတော့ ပိုပြီးပူးပေါင်းလာဖို့ကလည်း NUCC ကသွားနေတဲ့ နိုင်ငံရေးဖြစ်စဉ်တွေအပေါ်မှာ မူတည်နေပါတယ်။ ကျနော်တို့ အနေနဲ့ကတော့ ရှေ့ဆက်လျှောက် နိုင်ငံရေးအကောင်အထည်ဖော်မှု အခန်းကဏ္ဍတွေမှာ သက်ဆိုင်ရာ EAOsတွေရဲ့နယ်မြေအလိုက်ပေါ့ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရေးကော်မတီ NUCC ထဲမှာ ဖွဲ့စည်းပြီး ဆောင်ရွက်သွားမှာဖြစ်တယ်။” လို့ ဦးအောင်ဆန်းမြင့်က ဆက်လက်ပြောသွားပါတယ်။

ဒါ့အပြင် NUCC မှ ပြည်သူ့ ညီလာခံကို ၆ လ တစ်ကြိမ် ခေါ်ယူကျင်းပဖို့ စီစဉ်ထားပြီး ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်အစိတ်အပိုင်း ၂ခု ဖြစ်တဲ့ ကြားကာလဖွဲ့စည်းပုံဆိုင်ရာ အစီအမံအရ အကောင်အထည်ဖော်သွားမှာဖြစ်သလို လုပ်ငန်းစဉ် ၃ ရပ်နဲ့ လုပ်ကိုင်ဆောင်ရွက်သွားမယ်လို့ သတင်းစာရှင်းလင်းပွဲကနေ သိရပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများမှ ခေါင်းဆောင်များအပါအဝင် အစုအဖွဲ့အသီးသီးမှ ခေါင်းဆောင်များက စုပေါင်းခေါင်းဆောင်မှုကိုဖော်ဆောင်နေတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးကို တည်ဆောက်နိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီလုပ်ဆောင်နေတဲ့ လုပ်ငန်းများ၊ တော်လှန်ရေးအတွက် အရေးကြီးတဲ့ ရှေ့လုပ်ငန်းစဉ်ကို သတင်းစာရှင်းလင်းပွဲမှာ ရှင်းလင်းတင်ပြသွားတာ ဖြစ်ပါတယ်။

ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ခေါင်းဆောင်ဖြစ်ကြတဲ့ ဦးမင်းကိုနိုင်( ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)၊ ဦးအောင်ဆန်းမြင့် (ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ)၊ ပဒိုစောတောနီး (ကရင်အမျိုးသားအစည်းအရုံး)၊ ဒေါက်တာ လျန်မှုန်းဆာခေါင်း(ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ)၊ ဦးမိုးသူ (စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်တီ)၊ ဒေါက်တာတေဇာစန်း( စစ်အာဏာရှင်ဆန့်ကျင်ရေးပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ-မန္တလေး၊ ဦးလွင်ကိုလတ် (ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ)၊ ဦးနန္ဒာစစ်အောင် (မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစု)၊ ဦးခန့်ဝေဖြိုး (မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ) နှင့် လွေးပိုးငယ် (အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)) တို့က ၎င်းတို့ပါဝင်တဲ့ ကဏ္ဍအသီးသီးကို တင်ပြဆွေးနွေးသွားပါတယ်။

spot_img
spot_img

Recent posts