spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

NUG တစ်နှစ်ပြည့် အနေနဲ့ NUCC မှာပါ၀င်တဲ့ KNPP ကိုယ်စားလှယ် ဦးအောင်ဆန်းမြင့် နဲ့ တွေ့ဆုံမေးမြန်းခြင်း

ကန္တာရဝတီတိုင်း(မ်)

ဒီကနေ့ ဧပြီလ ၁၆ရက်နေ့ဟာ အမျိုးသားညီညွှတ်ရေးအစိုးရ ( NUG ) ဖွဲ့စည်းခြင်း တစ်နှစ်ပြည့်ဖြစ်ပါတယ်။ အမျိုးသားညီညွှတ်ရေးအစိုးရ ( NUG ) ရဲ့ ဝန်ကြီးဌာနတစ်ခုဖြစ်တဲ့ အမျိုးသားညီညွှတ်ရေး အတိုင်ပင်ခံကောင်စီ ( NUCC ) မှာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ( KNPP ) ကိုယ်စားလှယ်အဖြစ် ပါဝင်နေတဲ့ KNPP အတွင်းရေးမှူး ( ၂ ) ဦးအောင်ဆန်းမြင့်ကို ကန္တာရဝတီတိုင်း(မ်)က တွေ့ဆုံမေးမြန်းထားတာ ဖြစ်ပါတယ်။

မေး။ ။ အမျိုးသားညီညွှတ်ရေး အစိုးရ (NUG) ဖွဲ့စည်းခဲ့တဲ့ တစ်နှစ်တာ အတောအတွင်း ကရင်နီပြည်မှာ ဘာတွေ ဆောင်ရွက်နိုင်ခဲ့လဲ။

ဖြေ။ ။ ဒီတစ်နှစ်တာ အတွင်းမှာပေါ့နော ကျနော်တို့ NUG အစိုးရနဲ့ ကျနော်တို့က အတတ်နိုင်ဆုံးတော့ ချိတ်ဆက်ပြီး ဆောင်ရွက်တယ်။ ဒါပေမယ့် ခဏကပြောသလို တော်လှန်ရေးကာလ ကြားကာလဖြစ်တဲ့အတွက် NUG အစိုးရမှာ ငွေရေးကြေးရေးအရသော်လည်းကောင်း စီမံခန့်ခွဲမှုအရသော်လည်းကောင်း အားနည်းချက်တွေရှိမှာ အမှန်ပဲ။ ဘာကြောင့်လည်းဆိုတော့ တော်လှန်နေတဲ့ အချိန်ကာလဖြစ်တယ်လေ။ ကျနော်တို့ နိုင်ငံရေးအရသော်လည်းကောင်း စစ်ရေးအရသော်လည်းကောင်း တစ်ပြိုင်နက်တည်း လှုပ်ရှားတဲ့အခါမှာ NUG အစိုးရအနေနဲ့ လိုအပ်ချက်တွေရှိမယ်။ အခက်အခဲတွေရှိမယ် လိုအပ်ချက်တွေရှိမယ်ဆိုတာကို ကျနော်တို့ နားလည်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ တကယ့် တည်ငြိမ်တဲ့ နိုင်ငံတစ်ခုမှာ လုပ်ဆောင်နေတဲ့ အစိုးရ တစ်ရပ်လိုမျိုး အမျိုးသားညီညွှတ်ရေးအစိုးရက ဒီနေ့လုပ်ဆောင်နေတာမျိုး မရှိဘူးပေါ့နော။ အဓိကကတော့ ပြည်နယ်မှာရှိတဲ့ Stake Holder တွေ နောက်တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ကျနော်တို့ ချိတ်ဆက်ပြီး လုပ်ဆောင်နေရတာဖြစ်တယ်။ ဆိုတော့ ခဏက ပြောသလိုပဲ သူ့ရဲ့ အစိုးရက တော်လှန်ရေး အစိုးရ ဖြစ်တဲ့အတွက် လိုအပ်ချက်တွေ အများကြီးရှိတယ်။ ရှိတာနဲ့ အတူပေါ့နော။ ကျနော်တို့ပြည်နယ်မှာ လိုအပ်တဲ့ ဟာတွေကိုလည်း လုံလုံလောက်လောက် ထောက်ပံ့ပေးနိုင်တာ မရှိပါဘူး။ ဒါပေမယ့် ကျနော်တို့က ဒီအပေါ်မှာ နားလည်တယ်။ သူ့အနေနဲ့ တတ်နိုင်သလောက်ပဲ ကျနော်တို့ အပေါ်မှာ ပံ့ပိုးနိုင်တယ်လို့ ကျနော်တို့ မြင်ပါတယ်။ တကယ်လို့ ကျနော်တို့က ဒီထက်ပိုပြီးတော့မှ NUG အစိုးရမှာပေါ့နော။ နောက် နိုင်ငံတကာကလည်း အသိအမှတ်ပြုလာမယ်။ နောက်ငွေရေးကြေးရေး အရလည်း ပိုပြီး ပြည့်စုံလာမယ်ဆိုရင်တော့ ဒီထက်ပိုပြီးတော့မှ ကျနော်တို့ပြည်နယ်အပေါ်မှာ ပိုပြီးတော့ ပံ့ပိုးလာနိုင်မယ်လို့တော့ မျှော်လင့်ပါတယ်။ ဒီကြားထဲမှာတော့ အနာဂတ်ဖယ်ဒရယ်ဒီမိုကရေစီကို သွားဖို့အတွက်က ကျနော်တို့ နိုင်ငံရေးအရတော့ သဘောတူ ဆောင်ရွက်တာတွေရှိတယ်။ ဒါကတော့ ကျနော်တို့ ပြည်နယ်အရေးကတော့ ကျနော်တို့ပဲ လုပ်ရမှာဖြစ်တယ်။ ဆိုတော့ ပြည်ထောင်စု အစိုးရဆိုတာကတော့ ပြည်နယ်တွေကို လုပ်ပိုင်ခွင့်ပေးထားပြီးတော့မှ သူတို့ကတော့ ပြည်နယ်တွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးမယ့် အစိုးရဖြစ်တယ်။ ဆိုတော့ သူတို့ကနေ တိုက်ရိုက်စီမံခန့်ခွဲပိုင်ခွင့် ဆိုတဲ့ centralization ကိုတော့ သူတို့လုပ်လို့ မရဘူးပေါ့နော။ အဲ့တာကတော့ သူတို့နဲ့ ကျနော်တို့ ညှိ့နှိုင်းဆောင်ရွက်တာရှိပါတယ်။

မေး။ ။ အနာဂတ်ဖယ်ဒရယ်တည်ဆောက်ရေးအတွက် ဘယ်လောက်အထိ နီးစပ်သွားပြီလဲ။

ဖြေ။ ။ အနာဂတ် ဖယ်ဒရယ် တည်ဆောက်ရေးအတွက်ဘယ်လောက် နီးစပ်သွားပြီလဲဆိုတော့ ကျနော့်အနေနဲ့ တော်တော်လေးပြောရခက်တယ်။ ဘာကြောင့်လဲဆိုတော့ အခုမှ အစပဲလို့ အဲ့လို ပြောချင်တယ်။ အစဆိုတဲ့ ခါကျတော့ တကယ့် အစလောက်ပဲ ရှိသေးတာပေါ့နော။ ဆိုတော့ အဲ့လိုပဲ ပြောချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တချို့ကလည်း ပြောလိမ့်မယ် အကြမ်းဖက် စစ်တပ် ပြိုကွဲပြီးလို့ရှိရင် ကျနော်တို့ အရင်တုန်းက ရေးဆွဲထားခဲ့ကြတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းတွေရှိတာပဲ။ FCDCCက ရေးဆွဲထားတဲ့ ဒုတိယ မူကြမ်းရှိတယ်။ နောက် တိုင်းရင်းသားတွေရဲ့ ရေးဆွဲထားတဲ့ အခြေခံမူတွေပေါ့နော ၂၄ချက်တို့။ ဒါတွေလည်း ရှိတယ်ပေါ့နော။ ရှိပေမယ့်လည်း ကျနော်တို့ နားလည်တာကတော့ ကျနော်တို့ တော်လှန်ရေးကာလနဲ့ ကြားကာလကို ကျနော်တို့ ဖြတ်သွားပြီးတဲ့ နောက်မှာ အသွင်ကူးပြောင်းရေးကာလကို ကျနော်တို့က နှစ် နှစ် လား အဲ့လိုမျိုးပေါ့နော အနည်းဆုံးပေါ့နော။ အနည်းဆုံး နှစ် နှစ် လောက် ကျော်ဖြတ်ရဦးမယ် ဖယ်ဒရယ်တည်ဆောက်ရေးအတွက်ကျနော်တို့ ဖွဲ့စည်းပုံ အခြေခံဥပဒေ တစ်ရပ်ပေါ်ပေါက်လာရေးတွေ ပြည်သူ့ညီလာခံ ကျင်းပရေးတွေ ဒီဖွဲ့စည်းပုံ အခြေခံ ဥပဒေအတည်ပြုရေးတွေ နောက် ရွေးကောက်ပွဲတွေ ပေါ့နော။ တစ်ကြိမ်နက် တည်းမှာပဲ ကျနော်တို့က တိုင်းပြည်ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေ ဒါတွေက အများကြီးလုပ်ရမယ်။ အဲ့တာတွေကို တစ်ပြိုင်နက်တည်း လုပ်ရင်းမှပဲ ကျနော်တို့ ဖယ်ဒရယ် ဒီမိုကရေစီတည်ဆောက်ရေး သွားရမှာဆိုတော့ ကျနော်တို့ အချိန်အားဖြင့်တော့ လိုအပ်သေးတယ်လို့ပဲ ကျနော် အဲ့လိုပဲ ပြောချင်ပါတယ်။

မေး။ ။ ပြည်သူလူထုတွေကို ဘာအမှာစကားပြောချင်လဲ။

ဖြေ။ ။ ပြည်သူလူထုကို ပြောစေချင်တဲ့ဟာပေါ့နော။ ပြည်နယ်သူ ပြည်နယ်သားတွေကို ပြောချင်တာကတော့ ဒီနေ့ ကျနော်တို့ ပြည်နယ်ထဲမှာတော့ ၂၀၂၁ခုနှစ်မှ တိုက်ပွဲတွေဖြစ်တာ မဟုတ်ဘူး။ ပြည်သူလူထုက စစ်တပ်ရဲ့ ညှင်းပန်းနှိပ်စက်မှုဒဏ်၊ သတ်ဖြတ်မှုဒဏ် ကို ၂၀၂၁ခုနှစ်မှ ကျနော်တို့ ခံစားခဲ့ကြတာ မဟုတ်ဘူး။ ကျနော်တို့ သူတို့ရဲ့ မတရားတဲ့ လုပ်ရပ်တွေကို ကျနော်တို့ နှစ်ပေါင်း ၇၀ကျော် ခံစားရပြီးပြီဖြစ်တယ်။ ဒီနေ့ကတော့ ကျနော်တို့ မီဒီယာခေတ်ဖြစ်လို့သာ တစ်နိုင်ငံလုံး တစ်ကမ္ဘာလုံးကျယ်ကျယ်ဝန်းဝန်းသိသွားတာဖြစ်တယ်။ အရင်တုန်းကဆိုရင် ကျနော်တို့ လူမသိ သူမသိတောထဲမှာ ကျေးရွာတွေမှာ အသတ်ဖြတ်ခံရတာတွေ ရွာတွေ မီးရှို့ခံရတာတွေ အမျိုးသမီးတွေ မုဒိန်းကျင့်ခံရတာတွေ ကလေးငယ်တွေ ဒီလိုမျိုး အသတ်ဖြတ်ခံရတာတွေ အများကြီးရှိပါတယ်။ ဒါကြောင့်မလို့ ကျနော်တို့ လူထုကိုတော့ ကျနော်တို့ မေတ္တာရပ်ခံချင်တယ်။ တော်လှန်ရေးရဲ့ အသိဒုက္ခတွေကိုတော့ နားလည်ပေးပါ။ ဒီနေ့ ဒီအချိန်ဟာ ကျနော်တို့ရဲ့ နောက်ဆုံး အခွင့်အရေးဖြစ်တယ်။ ဒီနေ့ဒီအချိန်ကာလမှာ ကျနော်တို့ စစ်အာဏာရှင်ပြုတ်ကျရေးကို ကျနော်တို့ မလုပ်နိုင်ဘူးဆိုရင် စစ်အာဏာရှင်က ဆက်လက်ပြီး ကြီးစိုးဦးမှာဖြစ်တယ်။ အဲ့တော့ ကျနော်တို့ရဲ့ ဘဝပြောင်းလဲမှုဆိုတာ ဖြစ်လာနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့်မလို့ ကျနော်တို့ တော်လှန်ရေး အောင်မြင်တဲ့အထိ သည်းခံပေးကြဖို့ ကျနော် မေတ္တာရပ်ခံချင်တယ်။ ကျနော်တို့ကလည်း လူထုတွေကို အတတ်နိုင်ဆုံး ကာကွယ်ပေးဖို့လိုအပ်တယ်ဆိုတာကိုတော့ ကျနော် ဒီမှာပဲ တိုက်တွန်းပြောလိုတယ်ပေါ့နော။

spot_img
spot_img