spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

NUG နဲ့ PDF တွေမပါဝင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်စရာအကြောင်းမရှိဘူးလို့ ကရင်နီ ကာကွယ်ရေးဒုဝန်ကြီးပြော

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

စစ်မှန်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်ဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအပြင် နွေဦးတော်လှန်ရေးကာလအတွင်းမှာ ဖွဲ့စည်းထားတဲ့ NUG အစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကိုလည်း ဖိတ်ခေါ်ဆွေးနွေးသင့်တယ်လို့ ကရင်နီပြည်အစိုးရ ကာကွယ်ရေးဒုဝန်ကြီး ခူဒယ်နီယာယ်က ပြောပါတယ်။

“NUG တို့ PDF တို့ဆိုတဲ့ တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းတွေကို သူမခေါ်ပဲနဲ့တော့ ကျနော်တို့ တိုင်းရင်းသားလည်း သွားစရာအကြောင်းမရှိဘူး။ အမှန်အဓိက အားလုံးကို ဖြစ်စေချင်တာက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေပါဝင်ရမယ်။ လက်နက်ကိုင်ထားတဲ့လူတွေအားလုံး ပါဝင်ဖို့လိုတယ်။ နောက် တော်လှန်တဲ့လူတိုင်းက အားလုံးပါဝင်မှသာလျှင် ငြိမ်းချမ်းရေးဖြစ်စဉ်က စစ်မှန်တဲ့ ငြိမ်းချမ်းရေးဖြစ်လာမှာပေါ့။” လို့ ခူဒယ်နီယာယ်က ပြောပါတယ်။

စစ်ကောင်စီက ၂၀၂၁ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်နေတာဖြစ်ပြီး ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ကိုဖိတ်ခေါ်တာ လေးကြိမ်ရှိသွားပြီလို့ ဆိုပါတယ်။

စစ်ကောင်စီက အစိုးရတစ်ရပ်အနေနဲ့ လုပ်ပိုင်ခွင့်တွေနဲ့ပတ်သက်ပြီး နိုင်ငံတကာရဲ့ အသိအမှတ်ပြုခြင်းကို လိုအပ်နေတဲ့အတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖိတ်ခေါ်မှုတွေကို တစ်ဖက်လှည့်အနေနဲ့ ပြသနေတာဖြစ်ပြီး လက်တွေ့အခြေအနေမှာတော့ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့နေရာတွေကို လေကြောင်းတိုက်ခိုက်မှုအပြင် လက်နက်ကြီးပစ်ခတ်မှုလုပ်ဆောင်နေတဲ့ စစ်ကောင်စီက ကျူးလွန်လုပ်ဆောင်နေတယ်လို့ အမည်မဖော်လိုတဲ့ ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်သူတစ်ဦးက ပြောပါတယ်။

“ဒီအကြမ်းဖက်ကို သူလုပ်ဖို့ဆိုလို့ရှိရင် ဒီတိုင်းရင်းသားတွေကို သူဖိနှိပ်ဖို့အတွက် ခဏကပြောတဲ့ ပြည်သူလူထုတွေကို ကြီးမားတဲ့ စစ်လက်နက်တွေနဲ့ ပစ်ခတ်တာတွေကို အဲ့ဟာတွေကို သူဆောင်နေတဲ့ဟာတွေကို ဖြေဖျောက်ဖို့အတွက်ဆိုရင် တစ်ဖက်က ဒီငြိမ်းချမ်းရေးဆိုတဲ့ စကားလုံးကို ပြရတယ်။ လှည့်ရတယ် ဆိုတဲ့ သဘောသဘာဝရှိတယ်။ အဲတော့ ဒီနှစ်ခုက တခါတလေ အလုပ်ဖြစ်တတ်တဲ့ သဘောသဘာဝရှိတယ်ပေါ့နော။ တစ်ဖက်ကလည်း စစ်ကတိုက်နေတယ်။ ဒီလိုဖိအားပေးမှုတွေလုပ်နေတယ်။ ဒါပေမဲ့ ဒီလိုစစ်ဖိအားတွေနဲ့ တစ်ဖက်က လုပ်ပေမဲ့ ဒီငြိမ်းချမ်းရေးစကားဝိုင်းကိုဖိတ်လိုက်လို့ ဒီငြိမ်းချမ်းရေးစကားဝိုင်းမှာ လာစကားပြောတဲ့ လူတွေနဲ့ သူအဆင်ပြေနေတယ်ဆိုလို့ရှိရင် ခဏကပြောတဲ့ လူလုပ်တဲ့ လုပ်ရပ်တွေကို ဒီလူထုအပေါ်ပစ်မှတ်ထား တိုက်ခိုက်တဲ့ဟာတွေက ဒီဖက်က သူတို့ကို လက်ခံတဲ့အဖွဲ့တွေက အင်အားများတဲ့အခါမှာ ဒီဟာတွေက တခါတလေမှာ အလုပ်သွားဖြစ်တဲ့ဟာမျိုးတွေ သူသုံးသပ်တယ်လို့ ကျနော်တို့က အဲလိုမျိုး မြင်တယ်ပေါ့နော။ အဲ့ကြောင့်မလိုလို့ တစ်ဖက်ကလည်း သူလုပ်တယ်။”လို့ ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်သူတစ်ဦးက ပြောပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကိုသာ စစ်ကောင်စီက ငြိမ်းချမ်းရေးဆွေးနွေးဖို့ဖိတ်ခေါ်ရတဲ့ အကြောင်းအရင်းနဲ့ပတ်သက်ပြီး ခူဒယ်နီယာယ်က အခုလို သုံးသပ်ထားပါတယ်။

“ ဒီထွက်လာတဲ့ လူငယ်အင်အားစု PDF တို့ NUG တို့နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို ခွဲထုတ်တဲ့ ခွဲထုတ်လိုတဲ့ သဘောမျိုးရှိတယ်။ အဲ့ဒါ သူတို့ရဲ့ ရည်ရွယ်ချက်ပေါ့နော။ နောက်တစ်ခုက တိုင်းရင်းသားတွေက အခုလက်ရှိ တိုက်ပွဲဝင်နေတဲ့ PDF ၊ NUG တို့နဲ့ တွဲနေသလို NUG၊ PDF တွေ အင်အားလျော့ကျသွားအောင် သူတို့ရည်ရွယ်တာဖြစ်တယ်။ တကယ်လို့သာ တိုင်းရင်းသားတွေကို လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေရသွားပြီဆိုလို့ရှိရင် ဒီလူထုရယ် နောက်ပြီးတော့ လူထုကို ကိုယ်စားပြုတဲ့ PDF ၊ KNDF တို့က သူတို့ရဲ့ အခြေခံရမဲ့ နေရာမရှိတော့ဘူးပေါ့။ အဲ့ဒီလိုရည်ရွယ်ချက်နဲ့ ခွဲထုတ်တာဖြစ်ပါတယ်။” လို့ ခူဒယ်နီယာယ်က ပြောပါတယ်။

အမျိုးသားညီညွှတ်ရေးအစိုးရ ( NUG ) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( PDF ) တို့ဟာ အာဏာသိမ်းပြီးနောက်မှ ပေါ်ပေါက်လာတာဖြစ်ပြီး လက်ရှိမှာ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတာဖြစ်သလို လူထုအများအပြားရဲ့ အားပေးထောက်ခံမှုတွေကိုလည်း ရရှိထားပါတယ်။

ကရင်နီပြည်တွင်းမှာ ကရင်နီတပ်မတော်(KA)၊ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ နေ့စဉ်နီးပါးတိုက်ပွဲဖြစ်ပွားနေပါတယ်။ ဒါ့အပြင် ကရင်နီတပ်မတော်(KA)အပတ်စဉ် (၇၄)အခြေခံစစ်သင်တန်းဆင်းပွဲကို ပေးပို့တဲ့ ကရင်နီတပ်မတော် ( KA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဘီထူး မိန့်ခွန်းမှာလည်း စစ်ကောင်စီရဲ့ဟန်ပြငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်မှာမဟုတ်သလို စစ်ကောင်စီကို နိုင်ငံရေးအရ တစုံတရာ အသိအမှတ်ပြုမှာမဟုတ်ဘဲ ပြည်သူတစ်ရပ်လုံးနဲ့အတူ ရပ်တည်သွားမယ်လို့ ပြောဆိုထားပါတယ်။

spot_img
spot_img

Recent posts