spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

WFP ကနေ အထောက်အပံ့နဲ့ပတ်သက်ပြီး စံသတ်မှတ်ချက်တွေကို လွိုင်ကော်မြို့တွင်းမှာ လက်ကမ်းစာစောင်ဖြန့်ဝေ

ကန္တာရဝတီတိုင်း( မ် )

ကမ္ဘာ့စားနပ်ရိက္ခာထောက်ပံ့ရေးအဖွဲ့ ( WFP ) ကနေ ပေးမယ့် အထောက်အပံ့တွေနဲ့ပတ်သက်ပြီး စံသတ်မှတ်ချက်တွေကို လွိုင်ကော်မြို့တွင်းမှာ မေလပထမပတ်အတွင်း လက်ကမ်းစာစောင်ဖြန့်ဝေနေတာရှိတယ်လို့ လွိုင်ကော်မြို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

WFP ဟာ ယခင်က လွိုင်ကော်မြို့ပေါ်တွေမှာ အမည်နဲ့ နေရပ်လိပ်စာ အိမ်ထောင်စုစာရင်းတွေကိုသာ အဓိက ကောက်ယူပြီး ရိက္ခာအထောက်အပံ့ကို ထုတ်ဝေပေးခဲ့ပေမယ့် ဒီနောက်ပိုင်းမှာတော့ လက်ကမ်းစာစောင်တွေဖြန့်ဝေလာတဲ့အတွက် ပိုတိကျအောင် ဆောင်ရွက်သွားတဲ့ သဘောမှာရှိနေတယ်လို့ လွိုင်ကော် ဒေသခံတွေက ဆိုကြပါတယ်။

‘’ဆန်ကတော့ လိုချင်တာပါပဲလူတိုင်း ၊ နောက်ခေတ်က ကြပ်တည်းလာတော့ မလိုအပ် တဲ့သူရယ်လို့လည်းမရှိလောက်ပါဘူး။ ပေးတော့လည်းယူ မပေးတော့လည်းမယူရုံပေ့ါ။ ‘’ လို့ လွိုင်ကော်ဒေသခံတစ်ဦးက ပြောပါတယ်။

သတ်မှတ်ထားတဲ့ စံသတ်မှတ်ချက် နှစ်ဆင့်ရှိပြီး အဲဒီထဲက တစ်ဆင့်ကိုတစ်ချက် ကိုက်ညီရင် WFP က သတ်မှတ်ထားတဲ့ လျှောက်လွှာကိုလာရောက်ဖြည့်ပြီး ရိက္ခာရရှိနိုင်ဖို့ လျှောက်လွှာတင်နိုင်တယ်လို့ သိရပါတယ်။

စံသတ်မှတ်ချက်တွေထဲက ပထမအဆင့် သတ်မှတ်ချက်တွေကတော့ ပုံမှန်ဝင်ငွေမရှိပဲ ကျပန်းအလုပ်လုပ်ကိုင်နေရတဲ့ အိမ်ထောင်စုနဲ့ ပုံမှန်ဝင်ငွေ တစ်လ တစ်သိန်းနှစ်သောင်းကျပ်အောက်ရရှိပြီး မိသားစုဝင် ၄ယောက်နဲ့အထက်ကို ထောက်ပံ့နေတဲ့ အိမ်ထောင်စု တို့ ဖြစ်ပါတယ်။

ဒုတိယ အဆင့်သတ်မှတ်ချက်တွေကတော့ မသန်စွမ်းရှိသော အိမ်ထောင်စု၊ ကိုယ်ဝန်ဆောင် ( သို့မဟုတ် ) ၆ လအောက်ကလေးနို့တိုက်မိခင်ရှိသော အိမ်ထောင်စု၊ အမျိုးသမီး( သို့မဟုတ် ) ကလေးဦးဆောင်ပြီး လုပ်ကိုင်စားသောက်နေရတဲ့ အိမ်ထောင်စု၊ စီးပွားဖြစ် ပစ္စည်းပိုင်ဆိုင်မှုမရှိသူ( သို့မဟုတ် ) အနည်းငယ်သာရှိတဲ့ အိမ်ထောင်စု၊ သက်ကြီးရွယ်အို( သို့မဟုတ်) ကလေးများသာရှိတဲ့ အိမ်ထောင်စု စတဲ့ သတ်မှတ်ချက်တွေဖြစ်ပါတယ်။

စစ်ဘေးရှောင်အိမ်ထောင်စုတွေကို WFP ကနေ ပိုမိုဦးစားပေးရွေးချယ်ပေးသွားမယ်လို့လည်း လက်ကမ်းစာစောင်မှာ ဖော်ပြထားပါတယ်။

‘’ စစ်ဘေးရှောင်မိသားစု မရတာမျိုးတွေ လည်းအများကြီးပဲ၊ နောက် ရပ်ကွက်တိုင်းလည်းမရကြတော့ပြန်ဘူး။ ကျနော်ဆိုမရတာကြာပြီ ဘယ်လို ကြောင့်မရ လဲမသိသလို ဘယ်မှာ ဘယ်လိုပေးနေတာကိုမသိတာပါ။ ‘’ လို့ လွိုင်ကော်ဒေသခံတစ်ဦးမှ ကန္တာရဝတီတိုင်း(မ်)ရဲ့ မေးမြန်းမှုကို ဖြေကြားခဲ့ပါတယ် ။

လွိုင်ကော်မြို့ပေါ်မှာ ရောက်ရှိနေကြတဲ့ တစ်နယ်တစ်ခြားမြို့က စစ်ဘေးရှောင်တွေဟာ နီးစပ်ရာ ဆွေမျိုးအိမ်တွေမှာ စစ်ရှောင်အဖြစ် သွားရောက်နေထိုင်ကြတာမျိုး ရှိနေပါတယ်။ WFP ကတော့ လစာဝင်ငွေ တစ်သိန်းနှစ်သောင်းကျပ်နဲ့ အထက်ရှိတဲ့ အိမ်ထောင်စု၊ ကိုယ်ပိုင်လုပ်ငန်းတွေရှိနေတဲ့ အိမ်ထောင်စု၊ လယ်ယာမြေ ၂ ဧကနဲ့အထက်ရှိပြီး လုပ်ကိုင်စားသောက်ခွင့်ရတဲ့အိမ်ထောင်စု၊ စီးပွားဖြစ် လုပ်ကိုင်စားသောက်လို့ရတဲ့ ပစ္စည်းတွေရှိတဲ့ အိမ်ထောင်စု၊ ပုံမှန်ဝင်ငွေမရှိပေမယ့် တခြားအဖွဲ့အစည်းရဲ့ အထောက်အပံ့ကို ရရှိနေတဲ့ အိမ်ထောင်စု၊ ပြည်တွင်း ပြည်ပ ကိုရောက်ရှိနေတဲ့ မိသားစုအထောက်အပံ့တွေနဲ့ စားသောက်နေထိုင်နိုင်တဲ့ အိမ်ထောင်စု တွေကိုတော့ အထောက်အပံ့တွေကို ရရှိမှာမဟုတ်ဘူးလို့ ဆိုပါတယ်။

‘’တကယ်လိုအပ်တဲ့ သူတွေရသွားရင်တော့ ဝမ်းသာပါတယ်၊ ဒါပေမဲ့ သူတို့သတ်မှတ်ထားတဲ့ အချက်လက်တွေကို သူတို့ ဘယ်လိုဖော်ထုတ်မလဲ၊ အချို့ လည်း အရမ်းခက်ခဲနေပေမဲ့ သူတို့ သတ်မှတ်ထားတဲ့ အချက်တွေနဲ့ သွေဖယ်နေတာမျိုးလည်းရှိနိုင်တာပဲ။ ‘’ လို့ ဒေသခံတစ်ဦးမှ သုံးသပ်ထားပါတယ်။

WFP အနေနဲ့ အားလုံးလွှမ်းခြုံတဲ့ ကူညီမှုမျိုးကနေ အလိုအပ်ဆုံးသူတွေကို အကူအညီပေးအပ်တဲ့ ပုံစံမျိုးကို ပြောင်းလဲဖို့ တဖြည်းဖြည်းချင်းဆောင်ရွက်နေတာရှိတယ်လို့ WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Stephen Anderson က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ကန္တာရဝတီတိုင်း(မ်) ဆက်သွယ်မေးမြန်းမှုကို ဖြေကြားပါတယ်။

WFP ဟာ ယခင်က လွိုင်ကော်မြို့ပေါ်တွေမှာ စစ်ရှောင်ကို ဆန်၊ဆီ၊ဆား၊ ပဲ နဲ့ Non-food item ( အစားအစာမဟုတ်သော ပစ္စည်း ) တွေကို ထောက်ပံ့မှုတွေ ပြုလုပ်ပေးခဲ့ပါတယ်။

spot_img
spot_img