spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

WFP ထုတ် ဆန်များ စျေးဆိုင်တွင်းရောင်းချနေမှု မိသားစုတို့ရဲ့ တခြားလိုအပ်ချက်ကြောင့်ဖြစ်နိုင်

လဲသျို့/ကန္တာရဝတီတိုင်း( မ် )

ရှမ်းပြည်နယ်အတွင်း နိုင်ငံတကာ အဖွဲ့ အစည်းတွေက ကရင်နီ စစ်ရှောင်တွေအတွက် ထောက်ပံ့ဆန်တချို့ စျေးဆိုင်တွေထဲ ရောင်းချမှုတွေ ရှိနေခြင်းနဲ့ပတ်သက်ပြီး မိသားစုရဲ့ တခြားစားစရာနဲ့ လိုအပ်ချက်တွေကြောင့် ဖြစ်နိုင်တယ်လို့ KSCC လူသားခြင်းစာနာထောက်ထားမှုကော်မီတီက မေလ(၃၀)ရက်နေ့က ကန္တာရ၀တီတိုင်း(မ်)ကိုပြောပါတယ်။ 

“ လူထုတွေက စားစရာက ဆန်တော့ ရှိပြီ။ စားစရာအတွက် ဝယ်ဖို့ ပိုက်ဆံမရှိဘူး။ တချို့တွေက အဲ့တာ သူတို့ရဲ့ လိုအပ်ချက်ဖြစ်တဲ့ ကျန်းမာရေး လိုအပ်ချက်ဖြစ်တယ်။ ပညာရေးလိုအပ်ချက်ရှိတယ်။ အဲ့တော့ ဒီဆန်တွေက သူတို့က မျှော်လင့်ကောင်း မျှော်လင့်မှာပေါ့နော။ အော ဒီဆန်တွေက နောက်ပိုင်း ထပ်လာဖို့ရှိမယ်။ အဲ့တော့ နည်းနည်းလေး ပိုတဲ့ဆန်ကို ပိုရင် ပိုသလောက် နည်းနည်းလေး ရောင်းတာ ဖြစ်တယ်။ သေချာတာတစ်ခုကတော့ တကယ့်ပွဲစားပုံစံမျိုးနဲ့ တကယ့်ကို WFP ကဆန်တွေကို စုပြီးရောင်းတာတော့ မဟုတ်ဘူး။ ကျနော်သိသလောက်ကတော့ မိသားစု တစ်စု ချင်းစီကနေ နည်းနည်းလေး အပိုအလျှံလေးကို ရောင်းခြင်းသာဖြစ်တယ်။” လို့ KSCC လူသားခြင်းစာနာထောက်ထားမှုကော်မီတီ ပြောခွင့်ရ ဆရာဗညားကပြောပါတယ်။

ဆိုင်တွေကို တစ်အိတ် တစ်သောင်းခွဲနဲ့ တင်သွင်းပြီး ဆိုင်တွေက သုံးသောင်းနဲ့ ပြန်ရောင်းချနေတာ တွေ့ရှိကြောင်း စစ်ရှောင်ကူညီရေး တာဝန်ရှိသူတစ်ဦးကဆိုပါတယ်။

ဓတ်ပုံ – ကရင်နီစစ်ဘေးရှောင် ကူညီီစောင့်ရှောက်ရေးကွန်ရက် Facebook

“ အဓိကကတော့ ဘယ်ကနေ ရလာလဲတော့ မပြောတတ်ဘူးပေါ့နော။ အဲ့ဒီဆန်ကလေ။ ဒီရှမ်းပြည်နယ် တောင်ပိုင်း … ဆိုင်တစ်ဆိုင်မှာက ဒီ သုံးသောင်းခွဲနဲ့ ပြန်ရောင်းတယ်ပေါ့နော။ သူ့ကို မေးကြည့်တော့လည်း ဘယ်က ရလာလည်း မေးကြည့်တော့လည်း မသိဘူးတဲ့။ သုံးသောင်းခွဲနဲ့ သူတို့ ပြန်ရောင်းတယ်ပေါ့နော။ သူတို့ ရှမ်းဆန်နဲ့ ပြန်လဲတယ်။ တစ်သောင်းခွဲနဲ့ ပြန်တင်ရောင်းတယ်ပေါ့နော။ “

ရှမ်းပြည်နယ်ကို ရောက်ရှိနေတဲ့ ကရင်နီပြည်က စစ်ရှောင်တွေအတွက် နိုင်ငံတကာ အဖွဲ့ အစည်းတချို့က ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် ( WFP )ကနေတဆင့် ကူညီနေတာရှိနေပါတယ်။

WFP တောင်ကြီးမြို့မှာ ရုံးခန်းနဲ့ စားနပ်ရိက္ခာ သိုလှောင်ရုံတစ်ခုကို ဒီနှစ်အစောပိုင်းက ဖွင့်လှစ်ထားပြီး ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေ၊ ပင်းတယနဲ့ တောင်ကြီးမြို့နယ်တို့မှာ လတ်တ‌လောခိုလှုံနေတဲ့ သူတွေကို ထောက်ပံ့မှုပြုလုပ်နေပါတယ်။

ဖယ်ခုံမြို့ နယ်ထဲက စစ်ရှောင်တချို့ကိုမေးကြည့်ရာမှာတော့ ဒီထောက်ပံ့မှုကို ခုထိ မရရှိသေးကြောင်းဆိုထားပါတယ်။

ဆီဆိုင်မြို့နယ်နဲ့ တောင်ကြီးမြို့ကို စစ်ရှောင်နေရတဲ့ သူတချို့ကိုမေးမြန်းကြည့်ရာမှာတော့ ရရှိထားတဲ့ထောက်ပံ့မှုတွေကို ရောင်းချတာမရှိဘူးလို့ ပြောပါတယ်။

“ကျမတို့ ဘက်မှာတော့ အဲ့လိုမျိုးတော့ မရှိဘူးပေါ့နော။ ဘာဖြစ်လို့လဲဆိုတော့ သူများလာလှူခါကျတော့ နောက်တစ်လနှစ်လလည်း သူများဆက်လှူ ရှိနိုင်ချင်မှလည်း ရှိနိုင်မှာ မလို့ အဲ့လိုပဲ စားလို့ မကုန်တဲ့ ဟာလည်း နည်းနည်း သိုလှောင်ထားတယ်ပေါ့နော။ ရောင်းချတယ် အဲ့လိုမျိုးတော့ မရှိဘူးပေါ့နော။” လို့ ဆီဆိုင်မြို့နယ်က စစ်ရှောင်တစ်ဦးကပြောပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂ (UN) ကနေ ထောက်ပံ့တဲ့ ရိက္ခာတွေ၊ ပစ္စည်းတွေဟာ ရောင်းချရန်မဟုတ်တဲ့ ပစ္စည်းတွေ ဖြစ်ပေမယ့်လည်း ဆန်တွေက စျေးကွက်ထဲ ရောက်ရှိနေတဲ့အပေါ် သေချာပြန်လည်စီစစ်သင့်တယ်လို့ စစ်ရှောင်ကူညီသူတစ်ဦးက သုံးသပ်ပြောဆိုပါတယ်။

“ တကယ့်ပြည်သူလူထုတွေဆီကို ရောက်လာတာလည်း မရှိဘူးပေါ့နော။ အထူးသဖြင့် ကယားပြည်နယ် အနောက်ဘက်ခြမ်းက စစ်ရှောင်တွေက သိန်းနဲ့ ချီရှိတဲ့ နေရာဒေသမှာ မရောက်လာပဲနဲ့ ။ အဲ့ဆန်တွေက စျေးကွက် စီးပွားရေးမှာ ရောက်လာ တာမျိုးဆိုတာက ကြည့်မကောင်းဘူးပေါ့နော။ သူတို့ အဖွဲ့အနေနဲ့ တကယ့်အဖွဲ့ အစည်းကြီးတစ်ခုအနေနဲ့ လုပ်သင့်လုပ်ထိုက်တဲ့ အဖွဲ့အစည်းတစ်ခုတော့ မဟုတ်ဘူးလို့ ကျနော်မြင်တယ်ပေါ့နော။ “ လို့ စစ်ရှောင်ကူညီနေသူက ဆက်ပြောပါတယ်။

ဒိန်းမတ် သံရုံးက တာဝန်ရှိသူတွေနဲ့ ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ်(WFP) တို့ဟာ ပြီးခဲ့တဲ့ မေလ ၂၅ ရက်နေ့တုန်းက ရှမ်းပြည်နယ်တောင်ပိုင်းမှာ စစ်ရှောင်လာတဲ့ ကရင်နီစစ်ဘေးရှောင်တွေကို သွားရောက် ကြည့်ရှုထောက်ပံ့ပေးခဲ့တာရှိပါတယ်။

လက်ရှိ ကရင်နီပြည်နယ်မှာ စစ်ရှောင် ဦးရေ ၂သိန်းကျော်ရှိနေပြီး တခြားပြည်နယ်နဲ့ တိုင်းတွေကို သွားရောက် ခိုလှုံ နေကြတဲ့ စစ်ရှောင်တွေလည်းရှိနေပါတယ်။

spot_img
spot_img