spot_imgspot_imgspot_imgspot_img
Saturday, April 27, 2024
spot_imgspot_imgspot_imgspot_img

စိုက်ပျိုးရေးနှင့် စက်မှုလုပ်ငန်းများအတွက် မြေနေရာပေးနိုင်ကြောင်း ဝန်ကြီးချုပ်ဆို

Author

Date

Category

ကန္တာရဝတီတိုင်းမ်

ပြည်နယ်အစိုးရအနေဖြင့် လုပ်ငန်းရှင်များမှ စိုက်ပျိုးရေးနှင့် စက်မှုလုပ်ငန်းများကို အစီအစဉ်တကျ  လုပ်ကိုင်ဆောင်ရွက်လိုလျှင် လုပ်ထုံးလုပ်နည်းအတိုင်း မြေနေရာများ ပေးနိုင်ကြောင်း ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းရှင်များသို့ပြောကြားခဲ့သည်။ 

̏ ကျွန်တော်တို့ စိုက်ပျိုးရေးနဲ့ စက်မှုလုပ်ငန်းလုပ်ကိုင်ရန်အတွက် မြေနေရာတွေရှိတယ်။ ဟုတ်ပြီ ကျွန်တော်ပြောမယ် လုပ်ငန်းရှင်တွေအနေနဲ့ တကယ်တမ်းလုပ်ငန်းတွေကို plan ကျကျလုပ်ဆောင်နိုင်မယ်ဆိုရင် ကျွန်တေ်ာမြေနေရာပေးလို့ရတယ်။ ဒီပြည်နယ်အတွင်းမှာရှိတာ ကျွန်တော်ပေးလို့ရတယ်။ မူဝါဒအပိုင်းနဲ့အညီ၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေကို ကျွန်တော်ပေးလို့ရတယ်။ ˝ ဟု ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ဒီဇင်ဘာလ ရရက်နေ့တွင် လုပ်ငန်းရှင်များနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။ 

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို ဒီဇင်ဘာလ ရရက်နေ့တွင် လုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ်

ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်ရာတွင် မြေနေရာသည်လည်း အဓိကလိုအပ်ချက်တစ်ခု ဖြစ်နေကြောင်း ဝန်ကြီးချုပ်က ပြောပါသည်။

သို့ရာတွင် တောင်သူများက မြေနေရာမလိုအပ်ဘဲ အရင်းအနှီးနှင့် တိကျသေချာသော ဈေးကွက်တစ်ခုသာ လိုအပ်နေကြောင်းဆိုကြသည်။ ထို့အပြင် ပြောင်းများကို ရန်ကုန်၊ မန္တလေးရှိပွဲရုံများသို့ တင်ပို့ကာရောင်းချရာတွင် ကားခဈေးများနေသည်ကို ဝန်ကြီးချုပ်အနေဖြင့် ကုန်သည်ကားများနှင့် စေ့စပ်ညှိနှိုင်းစေရန် တောင်သူများက အလိုရှိသည်။

̏ ကျွန်တော့်အနေနဲ့ ဒီမြေပေးမယ် ဧက၅၀၀ဝ ပေးမယ်ဆိုတဲ့ဟာတွေက ကျွန်တော့်အနေနဲ့ ကျွန်တော်ဘာမှအားမပေးဘူး လိုလည်းမလိုအပ်ဘူး နောက်ဆက်တွဲပြဿနာတွေ အများကြီးရှိတယ်ပေါ့နော။ တကယ်လိုအပ်နေတာက ဥပမာ ကျွန်တေ်ာတို့ ခါတိုင်းပြောပြောနေတဲ့ ရှိနေတဲ့သီးနှံကုန်ကြမ်းတွေကို ကုန်ချောဖြစ်နိုင်အောင် ဘယ်လိုလုပ်မလဲ၊ Export ဘယ်လိုလုပ်မလဲပေါ့ ဒီဈေးကွက်ကို ဘယ်လိုရှာမလဲပေါ့ နောက်သူတို့အစိုးရအနေနဲ့ စပါးဧက ဧရာဝတီတိုင်းလို ကြားခံဝယ်ပေးတာမျိုးတို့၊ မဝယ်ပေးနိုင်ရင်တောင်မှ ဘဏ်နဲ့ချိတ်ဆက်ပြီးတော့ ကူညီဆောင်ရွက်ပေးတာမျိုးတို့။ ကျွန်တေ်ာတို့တောင်သူတွေက ကောက်ထားနိုင်ဖို့ ငွေလိုတယ်လေ၊ မကောက်ထားနိုင်ရင်တော့ ကုန်သည်တွေရဲ့ ချယ်လှယ်မှုတွေကို ခံနေရမှာပဲ။˝ ဟု ကယားပြည်နယ် ပြောင်းဖူးစိုက်ပျိုးထုတ်လုပ်ရောင်းဝယ်သူများ အသင်းမှ အဖွဲ့ဝင် ဦးဦးရယ်က ပြောသည်။

ဘောလခဲဒေသဘက်တွင် စိုက်ပျိုးရေးလုပ်ငန်းများ လာရောက်လုပ်ကိုင်ကြသည့် တောင်သူလုပ်ငန်းရှင်များ အနေဖြင့် ဒေသခံတောင်သူများထံသို့ တစ်နှစ်လျှင် တစ်ဧက သုံးသိန်းနှုန်းဖြင့် မြေဧကများစွာကို ငှါးရမ်းကာလုပ်ကိုင်ဆောင်ရွက်လျှက် ရှိနေကြောင်း တွေ့ရသည်။ မြေဧကငှါးရမ်း လုပ်ကိုင်ရာတွင် အဓိက ပြောင်းဖူးများကိုသာ စိုက်ပျိုးကြသည်။ 

တောင်သူများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် မြေနေရာကို အဓိကတောင်းဆိုခြင်း မဟုတ်ဘဲ စိုက်ပျိုးရေးလုပ်ငန်းတွင် လိုအပ်သည့်အရင်းအနှီးများအပြင်  စက်ယန္တရားများဖြင့်လည်း ဆောင်ရွက်လိုကြကြောင်းကို အစိုးရသို့ တင်ပြခဲ့ကြသည်။ 

̏ စက်ယန္ထရားတွေကို ရင်းနှီးမြှုပ်နှံပေးမယ်ဆိုရင်၊ စက်ယန္တရားတွေကို ငွေရှင်းပေးမယ်ဆိုရင် ဖွွံ့ဖြိုးရေးလုပ်ငန်းတွေ အများကြီးတိုးတက်လာမှာပါ။ အဲလို ဖွံ့ဖြိုးတိုးတက်လာတဲ့အပြင် စိုက်ပျိုးစရိတ်တွေ ကုန်ကျစရိတ်တွေ ပြီးတော့ Stock တွေကျန်ပြီးတော ခုဏပြောတဲ့ နိုင်ငံတကာ ကုန်ဈေးအတိုင်း ပြောင်း၊ စပါး တရုတ်ဝယ်ရင်လည်း ကျွန်တော်တိုု့ကို ရောင်းနိုင်တဲ့စက်ရှိမှာ။ ခုက ကျတော်တို့ စိုက်ပျိုးရေးလုပ်ငန်းကို ဒီနေ့ချိန်ထိ လက်တွေနဲ့ဘဲ လုပ်နေရတဲ့အတွက် ကျွန်တော်တို့ရဲ့ Stock တွေက မြင့်မှာပဲ။ အဲ့အတွက် တောင်သူတွေက ရှုံးမှာပဲ။˝ ဟု စိုက်ပျိုးရေး လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

အချို့နေရာများတွင် စက်ယန္တရားများဖြင့် မလုပ်ကိုင်နိုင်ကြသေးသည့် စိုက်ပျိုးရေးလုပ်ငန်းများတွင် လူအင်အားဖြင့်သာ လုပ်ဆောင်ကြသည့်အတွက် ထွက်ရှိလာသည့် သီးနှံများရောင်းချရာတွင် ဈေးနိမ့်နေသည့်အတွက် တောင်သူများ အရှုံးနှင့်ရင်ဆိုင်နေရသည်။ ထို့ကြောင့် စက်ယန္တရားများလိုအပ်သည့်အပေါ် အစိုးရအနေဖြင့် တောင်သူများနှင့်ပူးပေါင်းပေးရန် တောင်သူလုပ်ငန်းရှင်များက တောင်းဆိုခဲ့သည်။

spot_img
spot_img

Recent posts