ကယန်းတိုင်းရင်းသားစာပေကို အခက်အခဲမရှိသင်ကြားနိုင်ရန် ဆရာဖြစ်သင်တန်းပေး

ခွန်းကလိုင်းဖရီး

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်နှင့် ပင်လောင်းမြို့နယ်တွင် ကယန်းတိုင်းရင်းသားစာပေသင်ကြားရာတွင် အခက်အခဲမရှိစေရန်အတွက် ကယန်းစာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ကျောင်းချိန်ပြင်ပ သင်ကြားနေသည့်ဆရာ၊မ (၂၁၀)ဦးကို ဆရာဖြစ်သင်တန်း ပြုလုပ်ပေးခဲ့သည်။

သင်တန်းပြုလုပ်ပေးသည့်အပေါ် ကယန်းစာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီ၏ ကယန်းတိုင်းရင်းသားစာပေသင်ကြားရေးတာဝန်ခံ ခွန်းလွီးစီက” ကျောင်းချိန်ပြင်ပ ကယန်းစာပေသင်ကြားနေတဲ့ ဆရာ၊မတွေအတွက် အခက်အခဲရှိတယ်။ အဲ့ဒါကြောင့် သူတို့အတွက် သင်တန်းလုပ်ပေးရခြင်းဖြစ်တယ်။” ဟု ပြောသည်။

ထို့အပြင် ယခုသင်တန်းတွင် ပါဝင်တက်ရောက်နေသည့် ဆရာ၊မများသည် လက်ရှိအချိန်တွင် ကျောင်းချိန်ပြင်ပတွင်သာ သင်ကြားပေးနေသော်လည်း အစိုးရမှ သင်ကြားရေးအထောက်အကူပြု(TA) ဝန်ထမ်းခေါ်ယူပါက အဆင်သင့်ဖြစ်နေစေရန် အဆိုပါသင်တန်းကို ပြုလုပ်ရခြင်းဖြစ်သည်ဟုလည်း ၎င်းကဆိုသည်။

“ဒီနှစ်ကျောင်းဖွင့်ခါစ (၆)လပိုင်းကတည်းက သင်လာတာတော့ (၃)လ လောက်ရှိပြီ။ သင်တန်းမပေးတုန်းကတော့ အဲ့လောက်ထိ နည်းကျကျ ကိုယ်ကမသင်နိုင်ဘူးပေါ့နော်။ နားလည်သလောက်၊ မှတ်သလောက်ပဲကိုယ်သင်တာပေါ့။ အခုလိုမျိုးသင်တန်းပေးတော့ အဆင်ပြေပြေနဲ့ ပြန်ပြီးတော့ သင်နိုင်မယ်လို့ ထင်တာပဲ”ဟု ဖယ်ခုံမြို့၊ ဟိန္ဓမရပ်ကွက်၊ အမက(၁)ကျောင်းတွင် ကယန်းတိုင်းရင်းသားစာပေကို ကျောင်းချိန်ပြင်ပ သင်ကြားနေပြီး သင်တန်းတက်ရောက်နေသည့် ဒေါ်ခိုင်ဝါကျော်က ဆိုပါသည်။

၎င်းသင်တန်းကို ဖယ်ခုံမြို့၊ ဈေးနောက်ရပ်ကွက်၊ ပျိုးခင်းဘော်ဒါဆောင်ခန်းမတွင် စက်တင်ဘာလ (၆) ရက်နေ့မှစပြီး တစ်ပတ်ကြာ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ကယန်းစာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီမှ ပြုလုပ်သည့် အဆိုပါသင်တန်းအတွက် ကုန်ကျစရိတ်ကို ကယန်းတိုင်းသားလူမျိုးရေးရာဝန်ကြီး၏ ဘတ်ဂျက်နှင့် အလှူရှင်များ၏ လှူဒါန်းငွေဖြင့် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကယန်းစာပေနှင့် ယဉ်ကျေးမှုကို မြှင့်တင်ရာတွင် ကယန်းအဖွဲ့အစည်းများနှင့် ကယန်းလူထုများမှ ပူးပေါင်းလုပ်ဆောင်ရန်လိုအပ်ကြောင်း ကယန်းစာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီ၊ စာပေသင်ကြားရေးတာဝန်ခံ ခွန်းလွီးစီက တိုက်တွန်းပြောဆိုသည်။

ကယန်းတိုင်းရင်းသားစာပေသင်ကြားရာတွင် သင်ကြားရေးအထောက်အကူပြု(TA)ဝန်ထမ်းအဖြစ် တစ်ရက် (၄၈၀၀)ကျပ်နှုန်းနှင့် ကျောင်းချိန်ပြင်ပ အချိန်ပိုင်း သင်ကြားသူအား တစ်လ (၃၀၀၀၀)ကျပ်နှုန်းဖြင့် အစိုးရမှ ချီးမြှင့်ထားသည်။

၂၀၁၈-၁၉ ပညာသင်နှစ်တွင် ကယန်းတိုင်းရင်းသားစာပေကို ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်တွင် ကျောင်းပေါင်း (၁၄၄) ကျောင်း၌ စာပေသင်ကြားသည့်ဆရာ၊မ (၂၆၇) ဦးရှိပြီး ပင်လောင်းမြို့နယ် ကျောင်း(၇)ကျောင်းတွင် ဆရာ၊မ (၁၃)ဦး မှ သင်ကြားပေးနေကြောင်း သိရသည်။

ကယန်းတိုင်းရင်းသားစာပေကို ကယန်းတိုင်းရင်းသားလူမျိုးများနေထိုင်သည့် ရှမ်းပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် သင်ကြားခွင့်ရပြီး နေပြည်တော်ကောင်စီနယ်မြေတွင် သင်ကြားခွင့်မရသေးကြောင်း သိရသည်။

Comments

comments

Next Post

ငွေတောင်ဆည်အနီးတွင် တိုင်းရင်းသားများ၏ ယဉ်ကျေးမှုများ ပြသနိုင်ရန် ပြည်နယ်အစိုးရစီစဉ်

Thu Sep 13 , 2018
မူဂျာမီလှိုင် ကယားပြည်တွင် မှီတင်းနေထိုင်ကြသော တိုင်းရင်းသားများ၏ ဓလေ့ထုံးတမ်းများအား တစ်နေရာတည်းတွင် ပြသနိုင်ရန် ကနဦးဆွေးနွေးမှုကို စက်တင်ဘာ(၅)ရက်၌ ကယားပြည်နယ်ဝန်ကြီးချုပ်ရုံးတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။ ထိုအစည်းအဝေးသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိူ၊ ပြည်နယ်လွှတ်တော် ဥက္ကဌနှင့်အတူ အစိုးရရုံးမှ တာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီမှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြသည်။ ယင်းဆွေးနွေးပွဲတွင် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိူက ၎င်းတို့အနေဖြင့် ကယားပြည်နယ်အတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စွာ ဆောင်ရွက်မည်နှင့် ပြည်နယ်တစ်ခု၏ ဖွံ့ဖြိုးတက်ရေးသည် တိုင်းရင်းသားများဘက်မှလည်း စည်းလုံးညီညွှတ်မှုများ လိုအပ်ကြောင်း ပြောကြားသွားသည်။ “အဓိက ဒီ ကမာ္ဘလှည့်ခရီးသည်အတွက်ပေါ့နော် နောက်ကျွန်တော်တို့ ဒီတိုင်းရင်းသား (၉) မျိူးရှိတဲ့အကြောင်းကိုလည်း ဖော်ထုတ်ချင်တာပေါ့” ဟု ဆွေးနွေးပွဲတွင် ကယန်းအမျိုးသားများ ကိုယ်စား တက်ရောက်ခဲ့သူ ဦးပေါလုချမ်းက […]