spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကယန်းဒေသတွင်း ကျောင်းတွေမှာ လူငယ်စေတနာ့ဝန်ထမ်း (၉၀) ကျော် စေလွှတ်


ခွန်းကလိုင်းဖရီး/ကန္တာရဝတီတိုင်း(မ်)

ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့က ကယန်းဒေသတွင်းက ဆရာ၊မလိုအပ်နေတဲ့ ကိုယ်ထူကိုယ်ထကျောင်း (၂၃) ကျောင်းအတွက် လူငယ်စေတနာ့ဝန်ထမ်းကျောင်းဆရာ၊မ (၉၃) ဦးကို စေလွှတ်ထားပါတယ်။

အခုလို စေလွှတ်နိုင်ဖို့အတွက် စေတနာ့ဝန်ထမ်းဆရာ၊မအဖြစ် ပေးဆပ်လိုတဲ့ လူငယ်တွေကို သင်တန်းရက် ၂၀ ကျော်ကြာ လေ့ကျင့်သင်ကြားပေးထားတာဖြစ်ပါတယ်။

အဆိုပါ စေတနာ့ဝန်ထမ်းတွေကို ခေါ်ယူရွေးချယ်ခဲ့တာနဲ့ပတ်သက်ပြီး ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့ရဲ့ ပညာရေးလုပ်ငန်းစဉ် ညှိနှိုင်းရေးမှူး ခွန်းဖရန်းစစ်နေအောင်က ခုလိုပြောပါတယ်။

“ရွေးချယ်ခေါ်ယူတဲ့အပိုင်းမှာတော့ ပထမအဆင့်ကတော့ ကျေးရွာရဲ့ ထောက်ခံချက်ပေါ့နော်။ ကျေးရွာနဲ့ကိုယ် စားပြုပြီးလာတဲ့လူတွေကို ကျနော်တို့ ရွေးချယ်တာရှိတယ်။ နောက်တခုက စေလိုရာစေပေါ့နော်။ တကယ်ကိုယ့် ကယန်းဒေသမှာ ပညာရေးမှာ တကယ်ပေးဆပ်ချင်တဲ့စိတ်ရှိတဲ့ စေတနာ့ဝန်ထမ်းတွေ အဲ့ဒါလည်း ကျနော်တို့ထည့်သွင်းရွေးချယ်ထားပါတယ်ပေါ့။” လို့ ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့ရဲ့ ပညာရေးလုပ်ငန်းစဉ် ညှိနှိုင်းရေးမှူး ခွန်းဖရန်းစစ်နေအောင်က ပြောပါတယ်။


ကယန်းမျိုးဆက်သစ်လူငယ်က စေလွှတ်လိုက်တဲ့ အဆိုပါ စေတနာ့ဝန်ထမ်းလူငယ်တွေဟာ ဖယ်ခုံမြို့နယ်၊ ဒီးမော့ဆိုမြို့နယ်နဲ့ ပင်လောင်းမြို့နယ်ရှိ ကိုယ်ထူကိုယ်ထကျောင်းတွေကို သွားရောက် ပြီး KG အတန်းကနေ Grade 5 အထိ ဝင်ရောက်သင်ကြားကြမှာဖြစ်ပါတယ်။

“ဒီခေတ်ပညာနဲ့ပဲကြည့်မယ်ဆိုရင်တော့ မြန်မာနိုင်ငံက တအားနောက်ကျသွားပြီပေါ့နော်။ ဒီနိုင်ငံရေးအခြေအနေ နဲ့ဆိုရင်တော့ ကလေးကဘယ်လိုပြောရမလဲ၊ ကျနော်တို့တောင်မှ တကယ်ပညာရေးနောက်ကျသွားတယ်။ ဒါပေမယ့် ကျနော်တို့ထက်မနောက်ကျအောင် ဆိုပြီးတော့မှ ကျနော်က ဒီကလေးတွေကို ကိုယ်တတ်သလောက်၊ မှတ်သလောက်တော့ ပြန်လည်ပို့ချဝေမျှပေးမယ်လို့ ကျနော်ယုံကြည်ပါတယ်။”လို့ စေတနာ့ဝန်ထမ်း လူငယ် တစ်ဦးဖြစ်တဲ့ ခွန်းအောင်ကျော်ဌေးက ဆိုပါတယ်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ပညာသင်ကာလ ၇ လ သတ်မှတ်ထားပြီး မိခင်ဘာသာ စကားအခြေပြု ဘာသာစကားအစုံသုံး ပညာရေး (MTB-MLE) ဆိုင်ရာ သင်ရိုးညွှန်းတမ်းတွေ၊ ကယန်းစာပေနှင့်ယဉ်ကျေးမှု ဗဟိုကော်မတီမှ ပြင်ဆင်ထားတဲ့ ကယန်းစာပေသင်ရိုးညွှန်းတမ်းတွေ၊ သင်ရိုးသစ် မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ကယန်းသမိုင်းကြောင်း၊ ခေါင်းဆောင်မှုစွမ်းရည်၊ တင်ဆက်မှုစွမ်းရည်နဲ့ ပြည်သူ့နီတိစတဲ့ ဘာသာရပ်တွေကို သင်ကြားပေးသွားမယ်လို့ ဆိုပါတယ်။

ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့က ပြင်ဆင်ထားတဲ့ မိခင်ဘာသာ စကားအခြေပြု ဘာသာစကားအစုံသုံး ပညာရေး (MTB-MLE)ဆိုင်ရာ သင်ရိုးညွှန်းတမ်းတွေဟာ ကယန်းတိုင်းရင်းသားလူမျိုး တွေရဲ့ ရိုးရာနဲ့ ဓလေ့အကြောင်း ကို အခြေခံထားတာဖြစ်လို့ အနာဂတ်ဖက်ဒရယ်ပညာရေးအတွက်လည်း အထောက်အကူပြုနိုင်လိမ့်မယ်လို့ ဆိုပါတယ်။

ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့က စီမံခန့်ခွဲသင်ကြားမယ့် ကိုယ်ထူကိုယ်ထကျောင်း (၂၃) ကျောင်းရှိ ကျောင်းသား၊သူ ၁၂၀၀ ဦးခန့်အတွက် သင်ထောက်ကူပစ္စည်းတွေနဲ့ စေတနာ့ဝန်ထမ်းဆရာ၊မတွေအတွက် သင်ကြားရေးသင်ထောက်ကူပစ္စည်းတွေကို ပံ့ပိုးပေးထားတယ်လို့ဆိုပါတယ်။

ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့ဟာ ကယန်းဒေသရဲ့ ပညာရေးလိုအပ်ချက်ကို ၂၀၀၉ ခုနှစ်ကတည်းက စတင်ဖြည့်ဆည်းလုပ်ဆောင်ခဲ့တဲ့ ကယန်းအရပ်ဖက်လူငယ်အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။

spot_img
spot_img