ကယားကနေ ကရင်နီပြန်ပြောင်းရင် စည်းလုံးညီညွှတ်မှုတွေပိုမိုရှိလာနိုင်မှာလား

0
1138
၂၀၂၁ ခုနှစ်မှာ ဇန်နဝါရီလ ၁၅ ရက်နေ့ ယနေ့ ကျင်းပပြုလုပ်တဲ့ ကယားပြည်နယ်နေ့အခမ်းအနားမြင်တွေ့ရစဉ်။

ခွန်းကလိုင်းဖရီး

၂၀၂၁ ခုနှစ်မှာ ဇန်နဝါရီလ ၁၅ ရက်နေ့ ယနေ့ ကျင်းပပြုလုပ်တဲ့ ကယားပြည်နယ်နေ့အခမ်းအနားမြင်တွေ့ရစဉ်။

၂၀၂၁ ခုနှစ် ဇန်နဝါရီလ (၁၅) ရက်နေ့ဟာဆိုရင် ကရင်နီပြည်နယ်မှ ကယားပြည်နယ်အဖြစ် အမည်နာမပြောင်း လဲလိုက်တာ ၆၉ နှစ်ရှိသွားပြီဖြစ်ပါတယ်။

အခုလိုပြည်နယ်တစ်ခုရဲ့ အမည်ပြောင်းလဲလိုက်တာဟာ ဆယ်စုနှစ် ၇ ခုနီးပါးရှိလာပြီဖြစ်ပေမယ့် နှစ်ပေါင်းများ စွာ မူလကရင်နီဆိုတဲ့အမည်ကို ဖျောက်ဖျက်ခဲ့လို့ ကရင်နီပြည်နယ်ဆိုတဲ့ သမိုင်းကြောင်းတွေကို သိရှိသူတွေ နည်းပါးနေတယ်လို့ ထောက်ပြပြောဆိုမှုတွေလည်း ရှိနေပါတယ်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)ရဲ့ အထွေထွေအတွင်းရေးမှူးရွှေမျိုးသန့်က ကရင်နီပြည်နယ်ကနေ ကယားပြည်နယ်အဖြစ်ပြောင်းလဲသတ်မှတ်တာနဲ့ ပတ်သက်ပြီးသူ့ရဲ့ အမြင်ကို ခုလို ပြောပါတယ်။

“ကရင်နီပြည်ဆိုတာကတော့ ဒါသမိုင်းမှာ တကယ်ရှိခဲ့တဲ့ တိုင်းပြည်တစ်ခုဖြစ်ခဲ့တာပေါ့။ ပြည်တစ်ခုဖြစ်ခဲ့တာပေါ့။ ဆိုတော့ အဲ့ကနေပြီးတော့ အဲ့ဒီကရင်နီပြည်နယ်ဖြစ်ခဲ့တဲ့ ပြည်နယ်က ကယားပြည်နယ်နေ့ဆိုပြီးတော့ လုပ်ရ တယ်ဆိုတဲ့အခါမှာ ဘယ်လိုခေါ်မလဲ၊ ကရင်နီပြည်နယ်နဲ့ ပတ်သက်တဲ့ အနှစ်သာရတွေ ဘာပါသလဲဆိုတဲ့ဟာ ကို ကျနော်တို့က ထည့်သွင်းစကားပြောဖို့လိုလာတာပေါ့။ အကယ်တမ်းကတော့ ကယားပြည်နယ်နေ့က လူတွေ က ပြည်နယ်နေ့တစ်ခုအနေနဲ့ပဲ သိလိုက်ပြီးတော့မှ ဒီဖြစ်စဉ်နဲ့ ပတ်သက်တဲ့ သမိုင်းကြောင်းအပေါ်မှာ နားလည်မှု တွေ၊ အမြင်တွေ မတူကြဘူးပေါ့လေ။ ကွဲပြားမှုတွေရှိတယ်။ သမိုင်းအနှစ်သာရနဲ့ချီပြီး အဲ့လို ပြန်ပြောရမယ်ဆို လို့ရှိရင်တော့ အနှစ်သာရအပိုင်းကတော့ လွှဲနေတာပေါ့။ ကျနော့အမြင်ကတော့”

ခုလိုပြောင်းလဲလိုက်ခြင်းရဲ့နောက်ခံသမိုင်းအရ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးတဲ့နောက် ပြည်နယ်နဲ့တိုင်းတွေကို ဖွဲ့စည်းတည်ထောင်တဲ့အခါမှာ ၁၉၄၇ ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေပုဒ်မ ၁၈၀၊ ပုဒ်မခွဲ (၁) အရ ကရင်နီ ပြည်နယ်ကို ကရင်ပြည်နယ်တွင်းထည့်သွင်း ပြဠာန်းခဲ့တာပါ။

၁၉၅၁ ခုနှစ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပြင်ဆင်ချက်အက်ဥပဒေ ၁၉၅၁ ခုနှစ် အက်ဥပဒေအမှတ် (၆၂) ပုဒ်မ ၈ အရ ပြည်ထောင်စုမြန်မာနိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာ ကရင်နီပြည်နယ်ဆိုတဲ့ နာမည်ကို ကယားပြည်နယ်ဆိုတဲ့နာမည်နဲ့ အစားထိုးထည့်သွင်းပြဠာန်းခဲ့ပါတယ်။

ဒီပြင်ချက်နောက်ပိုင်း ကရင်နီပြည်နယ်ကနေ ကယားပြည်နယ်သို့ ပြောင်းလဲခေါ်တွင်တဲ့ ပထမဦးဆုံး “ကယားပြည်နယ်နေ့”အခမ်းအနားကို ၁၉၅၂ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့မှာ စတင်ကျင်းပခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် နှစ်စဉ်ဇန်နဝါရီလ ၁၅ ရက်နေ့ရောက်တိုင်း ကယားပြည်နယ်အထိမ်းအမှတ်နေ့အဖြစ် ကျင်းပလာတာ ဖြစ်ပါတယ်။

ကယန်းအမျိုးသားပါတီဥက္ကဌ ခွန်းဘီထူးက သမိုင်းကြောင်းဆိုင်ရာတွေနဲ့ ပတ်သက်ပြီးတော့ သူရဲ့ အမြင်ကို ခုလိုပြောပါတယ်။

“အရင်တုန်းကတော့ ကရင်နီပြည်ဖြစ်ခဲ့တဲ့အရာကို ဒီစိတ်ဓာတ်နဲ့ ဒီသမိုင်းကြောင်းလေးကို ပြန်ချိင့်ချိန်ပြီးမှ ဒီနေ့၊ ဒီချိန်မှာတော့ အရှိတရားတော့ ကယားပြည်နယ်ဖြစ်သော်ငြားလည်း အဲ့ဒီသမိုင်းကြောင်းနဲ့ အဲဒီအနှစ်သာရ လေးကို မပျောက်ပဲနဲ့ ကျင်းပသင့်တယ်။ ပြီးရင်တော့ အဲဒီအနှစ်သာရကို လက်ရှိအစိုးရက တကယ်ပဲအကောင် အထည်ဖော်သင့်တယ်လို့ ယူဆပါတယ်ခင်ဗျ။”

နှစ်စဉ်ဇန်နဝါရီလ ၁၅ နေ့မှာကျရောက်တဲ့ ကယားပြည်နယ်အထိမ်းအမှတ်နေ့ကို ဇန်နဝါရီလ ၁၀ ရက်နေ့ကစပြီး တော့ ၁၉ ရက်နေ့အထိ ပွဲလမ်းသဘင်တွေ ထည့်သွင်းကျင်းပလေ့ရှိပါတယ်။

ယခင်ကတော့ သီးခြားလွတ်လပ်ခဲ့တဲ့ ကရင်နီပြည်ဟာ မြန်မာပြည်လွတ်လပ်ရေးရပြီးနောက်မှာ ပြည်ထောင်စုရဲ့ အစိတ်အပိုင်းနယ်မြေတစ်ခုအဖြစ်ပါဝင်လာခဲ့တာ နှစ်ပေါင်း ၇၀ ကျော်ရှိလာပြီဖြစ်ပေမယ့် လက်ရှိအချိန်အထိ တိုင်းရင်းသားတွေလိုလားတဲ့ဖက်ဒရယ်စနစ်တစ်ခုကို မတည်ဆောက်နိုင်သေးဘူးလို့ ကယားပြည်နယ်ဒီမို ကရက်တစ်ပါတီရဲ့ ဒုဥက္ကဌ စိုင်းနိုင်နိုင်ထွေးက ဆိုပါတယ်။

“ကျနော်တို့က နှစ်ပေါင်း ၇၀ ကျော်ကြာ ဒီပြည်ထောင်စု အစိတ်အပိုင်းထဲမှာရှိနေသော်ငြားလည်း ခုဏက နိုင်ငံတော်တည်ဆောက်ရေးဆိုင်ရာနဲ့ နိုင်ငံရေး စနစ်အမှန်တည်ဆောက်ရေး အစိတ်အပိုင်းတွေမှာခါကျတော့ ဒီနေ့အထိ ဒါကိုကျနော်တို့က ပူးပေါင်းနေထိုင်တုန်းကတော့ ပင်လုံကတိကဝတ်လို ကိစ္စရပ်မျိုးတွေက ရှိခဲ့တယ်။ သို့သော် ဒါတွေကို ပြည်မနိုင်ငံရေးအင်အားစုတွေက ဆက်ပြီးတော့ အကောင်အထည်ဖော်ဆောင်ရွက်ဖို့၊ တာဝန်ယူဖို့ကိစ္စပျက်ကွက်ခဲ့ကြတဲ့အခါကျတော့ ဒီကြားထဲမှာ ကျနော်တို့က တခြားသော လက်နက်ကိုင် လွမ်းမိုးမှုအပေါ်မှာ အကြောက်တရားတွေနဲ့ ကျနော်တို့က လွှမ်းမိုးပြီး အုပ်ချုပ်ခံခဲ့ရတဲ့ ကိစ္စတွေလည်း ရှိခဲ့တယ် ပေါ့နော်။”

၂၀၁၅ ခုနှစ် ဒီဇင်ဘာလက လွိုင်ကော်မြို့မှာ ပြည်နယ်အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းတွေ၊ နိုင်ငံရေးပါတီတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေနဲ့ ပြည်သူ့ တွေအပါအဝင် လူဦးရေ ၆၀၀ ကျော်ပါဝင်တက်ရောက်ခဲ့တဲ့ ကရင်နီပြည်ညီလာခံကနေ ထုတ်ပြန်ကြေညာချက်တစ်စောင်ထုတ် ခဲ့ပါတယ်။

အဲ့ဒါထုတ်ပြန်ကြေညာချက်ထဲမှာ သဘောတူညီချက်နံပတ် (၇) ချက်အရ “ကရင်နီအမျိုးသားများ၏ စည်းလုံး ညီညွှတ်မှု၊ တန်းတူညီမျှမှုဖြင့် အနာဂတ်ပြည်နယ်ရေးရာကိစ္စတွင် ကရင်နီပြည်နယ်/ကရင်နီဟူသော ဝေါဟာရ အဓိပ္ပာယ်အောက်တွင် တည်ဆောက်ရန်”ဆိုပြီး ပါရှိပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ကရင်နီပြည်လူငယ်များသမဂ္ဂ (UKSY) အဖွဲ့ကလည်း သူတို့ရဲ့ ညီလာခံ ဒုတိယ (၆) လပတ်အစည်းအဝေးကနေ “မူလကရင်နီပြည်နယ်၏ အမည်နာမကို ပြန်လည်ခေါ်ဆိုပြောင်းလဲရန် အကောင်အထည်ဖော်ဆောင်သွားမည်” ဆိုပြီးတော့ ထုတ်ပြန်ကြေညာထားပါတယ်။

ဒါနဲ့ ပတ်သက်ပြီးတော့ ကရင်နီပြည်လူငယ်များသမဂ္ဂ(UKSY)ရဲ့ တွဲဖက်အတွင်းရေးမှူး(၂) ခွန်းသောမတ်က ခုလိုပြောပါတယ်။

“အမှန်တော့ ဒီပြည်နယ်ရဲ့ ပင်ရင်းကိုက ကရင်နီပြည်ပဲဗျ။ ဒီလိုကြိုးပမ်းမှုတွေအပေါ်မှာတော့ ကျနော်တို့ ကြိုဆို တယ်။ ကျနော်တို့လည်း ဒီအပေါ်မှာ ဘယ်လိုပြောမလဲ တစ်ခုခုမှတ်ချက်ပေးပြီးတော့ ဒီလိုနာမည်နာမတွေ ပြောင်းလဲနိုင်ဖို့အတွက်က တစ်ဖက်တစ်လှမ်းကနေ လုပ်ဆောင်ဖို့ ကျနော်တို့ ကြိုးစားနေတာတော့ရှိတယ်။ အခုချိန်ဆိုတော့ ကျနော်တို့ စတောင်လုပ်နေပြီပေါ့နော်။ ဆိုတော့ ၂၀၂၅ အထိကတော့ အခြေအနေတစ်ခုခု တော့ ထူးလာလိမ့်မယ်လို့တော့ ကျနော်တို့ ယူဆတယ်။”

လုပ်ငန်းစဉ်အနေနဲ့ ကရင်နီပြည်နယ်နာမည်ကို လူထုတွေဆီ ပြန်လည်မိတ်ဆက်ပေးတာတွေ၊ ပြည်နယ်တွင်း လက်နက်ကိုင်အစုအဖွဲ့တွေနဲ့ နိုင်ငံရေးပါတီတွေကို စည်းရုံးလှုံ့ဆော်တာတွေနဲ့ ပြည်ထောင်စုအဆင့်မှာ ကရင်နီ ပြည်နယ်နာ မည်ဆိုတာကို လက်ခံနိုင်မယ့် လမ်းကြောင်းတွေ ဖော်ဆောင်သွားမယ်လို့ ဆိုပါတယ်။

ကယန်းအမျိုးသားပါတီဥက္ကဌခွန်းဘီထူးက ကရင်နီပြည်နယ်အဖြစ်ပြန်လည်ခေါ်ဆိုဖို့လုပ်ဆောင်မယ့်အပေါ် သူက ခုလို ပြောပါတယ်။

“ဒီပြည်နယ်မှာရှိတဲ့ လူတွေရဲ့ ပိုပြီးမှ ညီညွှတ်စေတဲ့ အထိမ်းအမှတ်၊ အားလုံးကိုပိုပြီးမှ သမိုင်းကြောင်းအရ အသိအမှတ်ပြုတဲ့ အခြေအနေမျိုးဖြစ်တဲ့ဟာတွေကို ပေါ်လစီသမားတွေ သိရင်တော့ အနှေးနဲ့အမြန် ကရင်နီ ပြည်နယ် ပြန်ခေါ်ဆိုဖို့ ကိစ္စတွေကတော့ ခွင့်ပြုသင့်တာပေါ့နော်။”

ဒီလို ပြည်နယ်နာမည်ပြန်လည်ပြောင်းလဲနိုင်ဖို့အတွက် လွှတ်တော်လမ်းကြောင်းနဲ့သွားလို့ရသလို တစ်ဖက်မှာ လည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲကနေလည်း ကြိုးပမ်းလို့ရမယ့် အခြေအနေတွေ ရှိနေတယ်လို့ ဆိုပါတယ်။

Law Home အဖွဲ့ရဲ့ ဥပဒေအကြံပေး ကိုကျော်ဝဏ္ဏအောင်က ပြည်နယ်အမည်နာမပြောင်းလဲရေးကိစ္စနဲ့ ပတ်သက်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လူထုဆန္ဒခံယူပွဲကျင်းပပြီး ပြောင်းလဲလို့ရတယ်လို့ ဆိုပါ တယ်။

“ကရင်နီအမည်ပြန်ပြောင်းဖို့က ကျနော်တို့ ပြန်ပြောင်းဖို့ကတော့ တစ်ခုကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၉ (ဂ) ရေးထားတာတော့ ဥပဒေပြဠာန်းပြီးမှပဲ ပြောင်းရမယ်ပေါ့။ ဒီဒေသခံတွေရဲ့ သဘောထားတော့ လိုတယ်ပေါ့။ ဆိုတော့ အဲ့ဒီဥပဒေက ပြည်ထောင်စုလွှတ်တော်မှာလား။ ပြည်နယ်လွှတ်တော်မှာလား ရှင်းရှင်းလင်းလင်းမရေးထားဘူး။ အကယ်၍ ပြည်နယ်လွှတ်တော်မှာရေးရေး၊ ပြဠာန်းပြီးတော့ လူထု ဆန္ဒခံယူပွဲ ကျင်းပမယ်ဆိုရင်တော့ ပြောင်းလို့ရပါတယ်။ လူထုအများစုထောက်ခံမယ်ဆိုရင် ပြောင်းလို့ရ တယ်ပေါ့နော်။”

မူလနာမည်ဖြစ်တဲ့ ကရင်နီပြည်နယ်အဖြစ်ပြန်လည်ပြောင်းလဲနိုင်ရင် ကရင်နီပြည်နယ်အတွင်းမှာနေထိုင်တဲ့ လူမျိုးစုတွေရဲ့ စည်းလုံးညီညွှတ်မှုတွေကို ပိုပြီးဖော်ဆောင်နိုင်မယ်ဆိုတာကိုတော့ ခုနေခါမှာ အတတ်ပြောလို့မရပေမဲ့ ဒီ ၂၀၂၁ခုနှစ်မှာ ကျရောက်တဲ့ ၆၉နှစ်မြောက် ကယားပြည်နယ်နေ့ကို အာဏာပိုင်တွေအနေနဲ့ တစုံတရာ အထိမ်းအမှတ်တွေ ပြုလုပ်သွားမှာကတော့ သေချာသလောက်ရှိနေပါတယ်။