ကယားပြည်နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်လူထုလှုပ်ရှားမှုမှာ ဌာနဆိုင်ရာဝန်ထမ်းပါဝင်မှု ပိုများလာ

0
406

ကန္တာရဝတီတိုင်း(မ်)

ကယားပြည်နယ်က စစ်အာဏာရှင်ဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှုက ၁၀ရက်မြောက်လာပါ ပြီ။ ဌာနဆိုင်ရာဝန်ထမ်းတွေ တစ်နေ့ပြီး တစ်နေ့ ပါဝင်မှု ပိုမိုအားကောင်းလာပါတယ်။

ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စတဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေက ပါဝင်မှုပိုများပါတယ်။

ပညာရေးဌာနက ဝန်ထမ်းတစ်ဦးက စစ်အာဏာရှင်ဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှု (CDM ) မှာ ပါဝင်တဲ့ အကြောင်းအရင်းကို အခုလိုပြောပြပါတယ်။

” ကျမတို့က ပြည်သူပေးတဲ့လစာကို စားတယ်။ ဟုတ်တယ်မှတ်လား အဲ့ဒါကြောင့် အဲ့ဒါကြောင့်မလို့ အခုလို စစ်အာဏာရှင်စနစ်ကို ရှုတ်ချဖို့လိုတယ်။ အဲ့ဒါကြောင့် စစ်အာဏာရှင်ဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှု (CDM ) မှာ ပါဝင်ရခြင်းဖြစ်ပါတယ်။ ”

အစိုးရ ဝန်ထမ်းတွေ စစ်အာဏာရှင်ဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှု (CDM ) ထပ်ပြီး ပါဝင်လာဖို့ ကယားပြည်နယ် စစ်အာရှင်စနစ်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု သပိတ်ကော်မတီ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

” ဒီစစ်အာဏာရှင်ဆန့်ကျင်ရေးမှာ CDM (စစ်အာဏာရှင်ဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှု )အခန်းကဏ္ဍက အရေးကြီးဆုံးပဲပေါ့။ ဘာလို့လဲဆိုတော့စစ်အာဏာရှင်စနစ်ကိုယန်းပေးမှာကလည်း ဒီအစိုးရဝန်ထမ်းတွေပဲပေါ့။ ကျန် ဝန်ထမ်းတွေလည်းပါဖို့လိုပါတယ်။ ဥပမာအရေးကြီးဆုံးက ပြည်ထဲရေးဌာနမှာရှိတဲ့ အကျဉ်းထောင်တွေပါဝင်လာနိုင်ရင်တော့ ပိုကောင်းတာပေါ့။ ဒါပေမယ့်ဘယ်လိုပြောရမလဲ သူတို့ရဲ့ရွေးချယ်မှုပေါ့နော။ နည်းနည်းတော့ပြောချင်တာက ပါဝင်ပေးဖို့လိုတယ်။ စစ်အာဏာရှင်ကိုမျက်နှာမူမလား။ လူထုကိုမျက်နှာမူမလားဆိုတာ ရဲရဲတင်းတင်းဆုံဖြတ်ရမယ့်အချိန်ပေါ့နော။ သူတို့ပါဝင်မှပဲ ဒီစစ်အာဏာရှင်ချုပ်ငြိမ်းရေးကိစ္စက ပိုထိရောက်မယ်လို့ အဲ့လိုယူဆပါတယ်။ ”

ကယားပြည်နယ်မှာ ပြည်သူ့ရဲ ၇၁ ဦးအထိ စစ်အာဏာရှင်ဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှု (CDM ) ပူးပေါင်းပူဝင်လာတာကိုလည်း တွေ့ရပါတယ်။