ကယောဒေသက အမျိုးသမီးတွေအပေါ် သက်ရောက်နေသေးတဲ့ ငြိမ်းချမ်းခြင်းမရှိခဲ့တဲ့ အကျိုးဆက်

ကန္တာရဝတီတိုင်း(မ်)

ကယား(ကရင်နီ)ပြည်နယ် ဖရူဆိုမြို့ရဲ့ အနောက်ဘက်ခြမ်းဒေသဘက်တွေမှာဆို ကယော၊ ကယား၊ ကော်ယော် မျိုးနွယ်စုတွေ အများဆုံးနေထိုင်ကြပါတယ်။ အဲဒီဒေသဘက်ကိုသွားဖို့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေဆဲဖြစ်ပါတယ်။ ပြည်တွင်းစစ်တွေအရင်က မကြာခဏကြုံတွေ့ခဲ့ရတဲ့ ဒဏ်တွေကြောင့်လည်း ယခုချိန်ထိ ဖွံ့ဖြိုးမှု အစစအရာရာနောက်ကျကျန်ခဲ့တဲ့ ဒေသဖြစ်ပါတယ်။

ငြိမ်းချမ်းရေးဆိုတဲ့ အဓိပ္ပါယ်ဝေါဟာရနဲ့ ပတ်သက်လို့ အသက် ၇၀ နီးပါးရှိနေပြီဖြစ်တဲ့ ကယောအမျိုးသမီး ထေခိုကျေးရွာမှ ဒေါ်ထရိုးအူ ကတော့ အခုလို ဖွင့်ဆိုလိုက်ပါတယ်။

“ငြိမ်းချမ်းရေးဆိုတာ ထိုင်းကပြန်လာတဲ့ တဖွဲ့ရှိတယ်။ ဒီမှာတွေလည်းရှိတယ်။ နေရာတကာမှာလည်းရှိနေမှာပဲ ထင်တယ်။”

၁၉၉၅/၉၆ ခုနှစ် မြန်မာအစိုးရနဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီတို့ အပစ်အခတ်ရပ်စဲရေး ပျက်ပြယ်ခဲ့ပြီးနောက်မှာ အစိုးရစစ်တပ်နဲ့အပြင် ငြိမ်းချမ်းရေးယူထားတဲ့ တခြား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့လည်း တိုက်ပွဲတွေ အဲဒီဒေသဘက်မှာ ဖြစ်ပွားခဲ့တာတွေ ရှိခဲ့ပါတယ်။

အဲဒီချိန်တုန်းက ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေကို ဒေါ်ထရိုးအူက အခုလို ပြောပါတယ်။

“တချိန်တုန်းက ငါတို့တွေပြေးခဲ့ရတယ်။ ကလေးတွေ အိမ်မွေးတိရိစ္ဆာန် တွေလည်းသယ်သွားရတယ်။ အရမ်းစိတ်ညစ်ရတယ်။ အိုးအိမ်တွေထားခဲ့ရတယ်။ အဲဒါ ဒုက္ခသည်ခေတ်တုန်းကပေါ့။”

စစ်ပွဲဖြစ်ခဲ့တဲ့အချိန်တုန်းကဆိုရင် ရွာမှာ အိမ်ထောင်ဦးစီးအမျိုးသားတွေမှာ စစ်တပ်ကဖမ်းဆီးခေါ်ခံရမှာစိုးလို့ ထွက်ပြေးတိမ်းရှောင်နေခဲ့ရတာတွေ၊ အမျိုးသမီးတွေမှာလည်း လုံခြုံမှုတွေမရှိခဲ့တဲ့ဖြစ်ရပ်တွေနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရကြောင်းကို ဒေါခရော့ခူကျေးရွာမှ ကျေးရွာဥက္ကဌ ကိုဖရန်စစ်စကိုက အခုလို ပြောပြပါတယ်။

“အဖေကလည်း အိမ်မှာမနေရဲဘူးလေး အရင်က စစ်တပ်ခေတ်ဆို ပေါ်တာဖမ်းတဲ့ခေတ်ဆို အဖေက ထွက်ပြေးရတယ်။ ပင်ပင်ပန်းပန်းသွားနေရတယ် ။ အမျိုးသမီးတွေကလည်း လုံလုံခြုံခြုံမနေရဘူးအလိုမျိုး သားသမီးတစ်ဖက်နဲ့ စားဝတ်နေရေး အခက်အခဲနဲ့ ရှိတဲ့အခါကျတော့ ဒီလိုမျိုးပေါ့ ကျနော်ကတော့ အရမ်းခံစားခဲ့ရတယ်။ အရင်တချိန်တုန်းကပေါ့။”

စစ်ပွဲကြားမှာ ပြေးရလွှားရခဲ့ရလို့ ဒုက္ခတွေရောက်ခဲ့ရတာတွေ၊ သားသမီးတွေကို စိတ်ပူခဲ့ရတာတွေက ငြိမ်းချမ်းရေးမရသေးလို့ ဒုက္ခတွေ ကြုံတွေ့ခဲ့ရတယ်လို့ ဟိုယာကျေးရွာအုပ်စု ထေခိုကျေးရွာနေ ဒေါ်မာရိယာက အခုလိုပြောပါတယ်။

“အမျိုးမျိုးပဲသွားလာဖို့လည်း လမ်းခရီးကပိတ်၊ စားဝတ်နေရေးကလည်း အဆင်မပြေတော့ဘူး အဲလိုမျိုးဖြစ်တယ်လေး။ ရှာစားလည်းဘယ်နားမှာသွားရှာစားရမလဲ။” လို့ ပြောပါတယ်။

အခုလို မငြိမ်းချမ်းခဲ့လို့ အခုချိန်ထိ ကြုံတွေ့နေရတဲ့ အကျိုးဆက်တွေနဲ့ပတ်သက်လို့ အသိပညာဗဟုသုတတွေ သင်ယူခွင့် ဆုံးရှုံးခဲ့ရတဲ့အပြင် အမျိုးသမီးတွေရဲ့ဘဝ ယခုထက်ထိ လုံခြုံမှုမရှိသေးဘူးလို့ မိုဆိုကျေးရွာအုပ်စု မိုဆိုကျေးရွာမှ ဒေသခံအမျိုးသမီးဖြစ်တဲ့ ဒေါ်ဂက်ထရု က ပြောပါတယ်။

“ဘာကြောင့်လဲဆို ကျမတို့နေထိုင်နေတဲ့နေရာဒေသ ပတ်ဝန်းကျင်မှာ နေ့စဉ်ဖြစ်ပျက်နေတဲ့အရာတွေ၊ အထူးသဖြင့်ကျေးလက်နေပြည်သူတွေက အသိပညာ ဗဟုတုတတွေ နည်းပါးတာကြောင့် ကျမတို့ဘဝကို လုံခြုံမှုရှိအောင်ဘယ်လို နေရမလဲ၊ ဘယ်လိုရပ်တည်ရမလဲဆိုတာကို တော်တော် များများက အသိပညာ ဗဟုတုတနည်းနေသေးတယ်ပေါ့နော်။”

စစ်ဘေးဒဏ်ကြောင့် အခုချိန်ထိ ပညာရေးမှာလည်း နှောင့်နှေးကျန့်ကြားခဲ့ရတဲ့အတွက် အမျိုးသမီးအခန်း ကဏ္ဍရဲ့ အခွင့်အရေး ရပိုင်ခွင့်တွေမှာလည်း ဆုံးရှုံးနစ်နာမှုတွေ ကြုံတွေ့နေရဆဲဖြစ်ပါတယ်။

မိုဆိုကျေးရွာအုပ်စု ဒေါကူလယ်ရွာနေ ဒေါ်ခူလာဖေါ “ကျမတို့ အမျိုးသမီးအပိုင်းလိုအပ်တဲ့ ဥပဒေတွေကျမတို့ ဘာမှမသိဘူး။ ဘာပဲလုပ်လုပ် ဒီအတိုင်းပဲခံနေရတော့ မသိခဲ့လို့အဲလိုမျိုးပေါ့နော်။” လို့ ပြောပါတယ်။

လိုအပ်ချက်တွေ အများကြီးထဲက ကယောဒေသဘက်မှာဆိုရင် ဒေသဖွံ့ဖြိုးရေးနဲ့ပတ်သက်လို့ အများကြီးရှိနေသေးတဲ့ထဲမှာမှ ပညာရေးက အလိုအပ်ဆုံးလို့လည်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP အတွင်းရေးမှူး ၂ ခူးဒယ်နီယာက ပြောပါတယ်။

“လူတိုင်းပညာတတ်ဖို့လိုတယ်။ ပညာမရှိရင် ဘာပဲလုပ်လုပ် တိုးတက်မှာမဟုတ်ဘူး။ ဒါကြောင့် ပညာရေးလိုအပ်တယ်။ တိုက်အိမ်ဘယ်လောက်ဆောက်ဆောက် လမ်းတံတား ဘယ်လောက်ဆောက်ဆောက် ပညာရေးက အဓိကပဲ။ လူဆိုတာ အသိပညာမြင့်ဖို့လိုတယ်။ knowledge အဓိက ဖွံ့ဖြိုးရေးဆိုတာ knowledge ကိုလိုချင်တာ။ အဲဒီဟာက အရေးကြီးဆုံးပေါ့။ ကျနော်တို့ ကယောဒေသဟာလည်း အားလုံး ကရင်နီပြည်နယ်ပဲ အားလုံးအတူတူဖြစ်ရမယ်အဲလို သဘောထားရမယ်။”

ဟိုယာဒေသဖက် အခမ်းအနားတခုမှ တွေ့ရသော မြင်ကွင်းတခု

တချို့ ကယောအမျိုးသမီးတွေကတော့ တိုက်ပွဲတွေဖြစ်အောင်လုပ်နေကြတာ မငြိမ်းချမ်းအောင် လုပ်နေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ ယောင်္ကျားတွေနဲ့ ပဲသက်ဆိုင်တယ်လို့ ယူဆတဲ့သူတွေလည်းရှိပါတယ်။

ထေခိုကျေးရွာမှ ဒေါ်ရီဘက်ကာ “ငြိမ်းချမ်းရေးဆိုတာ မဆိုင်ဘူး။ သေနတ်ကိုင်တဲ့သူနဲ့ ယောင်္ကျားတွေနဲ့ပဲ ဆိုင်တယ်လို့ထင်တယ်။ မိန်းကလေးက သီးသန့်ပဲ ကိုယ့်ဟာကိုနေတယ်။ ”

အဲဒီဒေသဘက်မှာဆိုရင် ငြိမ်းချမ်းရေးယူထားပြီး ပြည်သူ့စစ်အတွင်ပြောင်းထားတဲ့ ကရင်နီအမျိုးသား ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးပါတီ (KNPDP) ဒေသအခေါ်အဝေါ် (ကယောနီ)အဖွဲ့၊ နယ်ခြားစောင့်တပ်ဖြစ်တဲ့ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) မထိုးနိုင်သေးတဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) တို့ရဲ့ တပ်ဖွဲ့အသီးသီးလည်းရှိနေတဲ့ နေရာဖြစ်ပါတယ်။

ဒီလို တပ်ဖွဲ့တွေစုံနေလို့လည်း အချင်းချင်း ပြန်ပြီးစစ်ဖြစ်ပွားမှာကိုလည်း ဒေသခံတွေမှာ စိုးရိမ်နေကြရပါတယ်။

ဒေါ်ဂက်ထရုက “ကျမအနေနဲ့ စိုးရိမ်ချက်ရှိတယ်။ သူတို့တွေက စကူးမတ်ကူး ဖြစ်နေတော့ သူတို့တွေက နှောင်တစ်ချိန်မှာ အပစ်အခတ်တွေ ပြန်လည်ဖြစ်လာမှာကိုပဲ ကျမတော်တော်လေးစိုးရိမ်ပါတယ်။” လို့ အခုလို ဆက်ပြောပါတယ်။

ဒေသမဖွံ့ဖြိုးသေးပေမယ့်လို့ လက်ရှိအခြေအနေမှာ တိုက်ပွဲအသံတွေမကြားရတော့လို့ ပျော်နေရတယ်လို့ မိုဆိုကျေးရွာအုပ်စု မောသီဒိုကျေးရွာနေ ဒေါ်ဘယ်ရောနီကာ က “ အခုစစ်ပွဲ စစ်တိုက်သမားတွေမရှိတော့ နေပျော်တာပေါ့နော်။ တအားနေပျော်တာပေါ့။” လို့ ပြောပါတယ်။

လက်ရှိပြည်နယ်အဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအခြေအနေတွေကိုတော့ ကယောအမျိုးသမီး ဒေသခံအများစုက မသိဘူးလို့ ဖြေဆိုခဲ့ကြပေမယ့်လို့ ငြိမ်းချမ်းရေးရဲ့ အစစ်အမှန်ကိုတော့ ယခုချိန်ထိ မရသေးဘူးဆိုတာတော့ သိထားကြပါတယ်။

ဒေါ်ခရော့ခူ ကျေးရွာမှ အမျိုးသမီးတစ်ဦး “ စစ်မှန်တဲ့ငြိမ်းချမ်းရေးကို လိုချင်တယ်။” လို့ ပြောပါတယ်။

Comments

comments

Next Post

၂၀၂၀ ဇန်နဝါရီလ ၁ရက်နေ့ထုတ် ကန္တာရဝတီတိုင်း(မ်) သတင်းစာ

Thu Jan 9 , 2020
သတင်းစာဖိုင်ရယူရန် (Download) ကိုနိပ်ပါ Comments comments