ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ဥက္ကဌ ခွန်းအေဘယ်တွိနှင့်တွေ့ဆုံခြင်း

“လူထုတစ်ရပ်လုံး ပြည်တွင်းစစ်အောက်မှာ နှစ် ၇ဝ နီးပါးနေလာပြီး ဆင်းရဲနွမ်းပါးနေကြတယ်…..ဆိုတော့ တိုင်းပြည်ကို ဒီ့ထက်နည်းနည်းပိုကောင်းလာအောင် ဘယ်လိုလုပ်မလဲ”

ကော်မိန်း
ပြီးခဲ့သည့် ဇူလှိုင်လ ၁ရ – ၁၈ ရက်နေ့တွင် ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖယ်ဒယ်ရယ်ကောင်စီ (UNFC) ထိပ်သီးခေါင်းဆောင်များနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ကြပြီး ၎င်းတွေ့ဆုံဆွေးနွေးပွဲတွင်ပါဝင်သည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ဥက္ကဌ ခွန်းအေဘယ်တွိနှင့် ကန္တာရဝတီတိုင်း(မ်)မှ သတင်းထောက် ကော်မိန်းနှင့်တွေ့ဆုံမေးမြန်းထားသည့်အချက်များကို ဖော်ပြလိုက်ရပါသည်။
မေး ။ ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားရောက်တွေ့ဆုံခဲ့တဲ့ ရည်ရွယ်ချက်တွေကို ရှင်းပြပေးပါ။
ဖြေ ။ ။ ကျနော် တို့ထိပ်သီးခေါင်းဆောင်လေးယောက်သွားတယ်လေနော်။ နံပါတ် ၁ က ကချင်ဒုဥက္ကဌ ဦးအန်ဘလ ပါတယ်။ ရှမ်းက SSPP နယ်က စိန်ထင်ပါတယ်။ ကရင်နီကတော့ ကျနော်ပါတယ်ပေါ့လေ။ မွန်က ဥက္ကဌ အန်ထော်မွန် ပါတယ်လေ။ သွားတာအထူးထွေတော့မဟုတ်ဘူး။ ကျတော်တို့သွားတွေ့တာက အလွတ်သဘောပဲ သွားတွေ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားက ဘယ်လိုရှိလဲ။ ကျနော်တို့က ဘာမေးချင်လဲဆိုတဲ့ဟာပဲ။ ဒီကိစ္စနဲ့ပဲ သွားတွေ့တယ်။ ကျနော်တို့သွားတွေ့တဲ့အချိန်မှာက အထူးသဖြင့် ကျနော်တို့ ခေါင်းဆောင်တွေက သူသိချင်တာက ၂၁ ပင်လုံညီလာခံမှာ ဘယ်လိုရည်ရွယ်ချက်နဲ့လုပ်တယ်။ ဘယ်လိုအဓိပ္ပါယ်နဲ့ ကောက်ယူတာလဲ။ ဘယ်လိုစီစဉ်ဆောင်ရွက်မလဲ ။ ဆိုတာမေးတာကတစ်ခု။ ပြီးတော့ ပင်လုံကိစ္စ။ ၂၁ရာစုပင်လုံညီလာခံဆိုတာ သူစိတ်ပါလို့မေးတာက တစ်ခု။ ခေါင်းဆောင်ထဲမှာက တစ်ချို့က ပြန်မေးတာက တစ်ခု။ အခုငြိမ်းချမ်းရေးဆွေးနွေးတဲ့အချိန်မှာ အခုကဟိုးရှမ်းပြည်တို့ ကချင်ပြည်မှာ တိုက်ပွဲတွေဖြစ်တယ်။ အဲ့ဒါဘယ်လိုလုပ်ကြမလဲ။ အဲ့ဒီတို်က်ပွဲကို အရေးစိုက်ဖို့ ။ ရပ်ဆိုင်းခိုင်းပါဆိုတာ တစ်ခု။ ဒါက လာတဲ့ခေါင်းဆောင်တွေက ပြောတာပေါ့နော်။ ကျနော်တင်ပြချင်တာက အချက်နှစ်ချက်ရှိတယ်လို့ သူ့ကို ပြောတယ်။
၁။ ကဘာလဲတဲ့။ NCAတစ်တိုင်း တစ်ပြည်လုံးနဲ့ပတ်သက်တဲ့ စာချုပ်ကိစ္စ။ ပြီးတော့ ဖယ်ဒရယ်ကိစ္စဆိုတာ တစ်ခုရှိတယ်လို့ သူ့ကို ပြောတယ်။ ကျနော့်အနေနဲ့ တင်ပြချင်တဲ့ NCA ကိစ္စက ဒါက သမ္မတ သိန်းစိန်လက်ထက်က ကျနော်တို့ ဆောင်ရွက်တဲ့ ကိစ္စပဲ။ ဒါပေမယ့် သမ္မတသိန်းစိန်လက်ထက်မှာက မပြေလည်သေးဘူး။ အထူးသဖြင့် NCA လက်မှတ် ကိစ္စက ကျနော်တို့ လက်မှတ်မထိုးတဲ့ အဖွဲ့အတွက် မကြေလည်ဘူးပြောတယ်။ မကြေလည်ဘူးပြောတဲ့အတွက်ကြောင့် NCA လက်မှတ်က အရေးကြီးတယ်ဆိုတဲ့ အတွက်ကြောင့် နိုင်ငံရေးမူဘောင်မဆွေးနွေးမီ NCA လက်မှတ်ကို ပြန်လည်သုံးသပ်ပါ ။ ရီဗျူးပြန်လုပ်ပါ။ ရီဗျူးပြန်လုပ်တော့ ကျနော်တို့ လက်မှတ်မထိုးတဲ့ အဖွဲ့တွေက ပြင်ဆင်ဖြည့်စွက်ချင်တယ်။ ပြင်ဆင်ဖြည့်စွက်ပြီးတော့ သေချာမှသာလျှင် နိုင်ငံရေးမူဘောင်ကို ဆွေးနွေးဖို့ အဲ့ဒါကိုစဉ်းစားပေးဖို့ ကျနော်တို့ အဲ့လိုမလုပ်ပဲနဲ့ ကျနော်တို့ နိုင်ငံရေးမူဘောင်ကို သွားဆွေးနွေးရင် နို်င်ငံရေးမူဘောင်ကနေပြီးတော့ အိုကေ သဘောတူညီပြီးတော့ နိုင်ငံရေးဆွေးနွေးပွဲမလာမီကတော့ ခင်ဗျားတို့လက်မှတ်ထိုးရမယ် ဆိုပြီးတော့ ကျနော်တို့က ပြင်ဆင်မှုမရှိဘူး။ ဒါကြောင့်မို့လို့ ဘာပဲဖြစ်ဖြစ် နိုင်ငံရေးမူဘောင် မဆွေးနွေးမီကတည်းက NCA ရဲ့ စာချုပ်ကို ပြန်လည် သုံးသပ်ဖို့ ပြင်ဆင်ဖို့ ဒါကအရေးကြီးတယ် ။ သူတို့ပြောတာက ကျနော်တို့က တရားမဝင်သေးတဲ့ အဖွဲ့ဖြစ်တယ်။ လက်မှတ်ထိုးမှသာလျှင် ဒီက ဥပဒေပြန်ဝင်လာတယ်။ မတရားသိမ်းယူတာ ပယ်ဖျက်တယ်။ ၁ရ -၁ ကိုပြန်ဖျက်တဲ့သဘောမျိုးဖြစ်တယ် ဆိုပြီးတော့ ကျနော်တို့က ဘာတွေငြိစွန်းခဲ့လဲ။

တကယ့်နိုင်ငံရေးဆွေးနွေးပွဲလုပ်တဲ့ခါမှာ ကျနော်တို့က ဖြစ်ချင်တာက ခိုင်ခို်င်မာမာ ဖြစ်ချင်တာပေါ့။ ဖြစ်တယ်ဆိုတာက လက်မှတ်ထိုးမှ ဆိုတော့ ကျနော်တို့ အဲ့ဒါကိုလည်း စဉ်းစားရရင် အရေးကြီးတယ်ပြောရမှာပေါ့။ အရင်ဆုံးကြိုတင်လက်မှတ်မထိုးမီက မူဘောင်ဆွေးနွေးပါလို့ ကျနော်တို့က တောင်းဆိုတယ်။ ဆိုတော့ သမ္မတသိန်းစိန်လက်ထက်မှာက မပြေမလည်ဖြစ်တာက NCA စာချုပ်က အထူးသဖြင့် လက်မှတ်မထိုးတဲ့ အဖွဲ့က ကျနော်တို့ အနေနဲ့ ပြေပြေလည်လည်လုပ်မှ အရင်က သမ္မတသိန်းစိန်လက်ထက်မှာ ကျန်တဲ့ဟာက လုပ်ဆောင်ရာအချက်အလက်တွေဖြစ်တဲ့အတွက်ကြောင့် ဒီငြိမ်းချမ်းရေးတစ်လျောက်လုံးမသွားမီ ဒါပြေပြေလည်လည်ဖြစ်မှသာလျှင် ဒီကိစ္စကို အရင်ဆုံး ဖြေရှင်းဖို့လိုတယ်။ နောက်တစ်ခုက ဖယ်ဒရယ်ကိစ္စ ။ ကျနော်တို့ ဗမာပြည်က မတူကွဲပြားတဲ့လူမျိုး။ ဒေသလည်းမတူဘူးနော။ ဒေသလည်းမတူ၊ လူမျိုးလည်းမတူ ၊ ဘာသာစကားလည်းမတူ ၊ ယဉ်ကျေးမှုလည်းမတူ ၊ အဲ့လို မတူကွဲပြားတာကို ကျနော်တို့ ဗမာပြည်မှာ အတူတကွနေထိုင်ဖို့အတွက် အကောင်းဆုံးနည်းစနစ်ကတော့ ဖယ်ဒရယ်ပဲ။ ဖယ်ဒရယ်စနစ်က ကျနော်တို့ အတွက် အသင့်တော်ဆုံးပဲ။ ဖယ်ဒရယ်ဆိုတဲ့နေရာမှာ ဖယ်ဒရယ်ရဲ့ အနက်အဓိပ္ပါယ်ဖွင့်ဆိုချက် ကဘာလဲဆိုလို့ ရှိရင် သီးခြားလွတ်လပ်တဲ့ ပြည်ထောင်အားလုံးကို စုပေါင်းနေထိုင်ရတာကို ဒါဖယ်ဒရယ် ပြည်ထောင်စုလို့ခေါ်တယ်လို့။ ဆိုတော့ ဒီအနက်အဓိပ္ပါယ်ကိုလည်း သဘောပေါက်နားလည်ကြဖို့။ ဖယ်ဒရယ်ဆိုတာလည်း ခုအစိုးရလည်းဖယ်ဒရယ်ပဲ ၊ တပ်လည်း ဖယ်ဒရယ်ပဲ ၊ လူထုလည်း ဖယ်ဒရယ်ပဲ ၊ ဒို့လည်း ဖယ်ဒရယ်။ ဖယ်ဒရယ်ချင်းတော့တူတယ် ။ ဒါမဲ့တစ်ခါတစ်လေမှာ ဖယ်ဒရယ်ရဲ့အနက်အဓိပ္ပါယ်ကို ကောက်လွဲတတ်တယ်။ မပြောတတ်ဘူး ကျနော်တို့ ဒါကိုနည်းနည်း စိုးရိမ်တယ်။

ခွန်းအေဘယ်တွိ
ခွန်းအေဘယ်တွိ – Chairman of KNPP

ဒါကြောင့်မို့လို့ ဖယ်ဒရယ်လို့ စကားပြောလာရင် ဒို့က စစ်မှန်တဲ့ ဖယ်ဒရယ် အဲ့ဒါဖြစ်စေချင်တယ်။ ပြည်ထောင်စုမှာဖွဲ့စည်းပုံ အခြေခံဥပဒေရှိဖို့လိုသလို ပြည်နယ်မှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေရှိဖို့လိုတယ်။ ဒါ့အပြင် အာဏာသုံးရပ် မဏ္ဏိုင်သုံးရပ် ဆိုတဲ့ တရားစီရင်ရေး၊ ဥပဒေပြုရေး ၊ အုပ်ချုပ်ရေးဆိုတဲ့ အာဏာသုံးရပ်ပေါ့။ ပြည်ထောင်စုနဲ့ ပြည်နယ်က သမာသမတ်ပေါ့ ။ တချို့ကတော့ တန်းတူညီတူခွဲဝေဖို့လိုတယ် ၊ ချမှတ်ဖို့လိုတယ်။ ဒါမှ ဖယ်ဒရယ်ရဲ့အဓိပ္ပါယ်ပြည့်စုံမယ်လို့ ပြောတာပေါ့။ ဒေါ်စုအနေနဲ့ပြန်ဖြေတာက ၂၁ရာစုပင်လုံကို သူတို့ခေါ်ရတဲ့ရည်ရွယ်ချက်ကတော့ ၁၉၄ရ ခုက ပင်လုံရဲ့ ကတိကဝတ်လိုမျိုးမဟုတ်ဘူးလို့ သူပြောတယ်။ သူက ပင်လုံရဲ့ စိတ်ဓါတ်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ တိုင်းရင်းသားအားလုံးက ပင်လုံကနေအခြေခံပြီးတော့ စည်းလုံးညီညွှတ်တာကို တည်ဆောက်တယ် ဗမာပြည်က လွတ်လပ်ရေးရတာ ဒါအခြေခံတယ်တဲ့။ ပင်လုံရဲ့ကတိကဝတ်လို့ မဆိုလိုချင်ဘူးတဲ့။ သူ့အနေနဲ့သူပြောတာ ။ ပင်လုံစာချုပ်လုပ်တုန်းက သဘောတူညီတဲ့အချက်တွေက မရေရာပါဘူး မသေချာပါဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်။ တကယ်ပြန်သုံးသပ်မယ်ဆိုလို့ ရှိရင် ယေဘုယျဆန်ဆန်ပါပဲလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်။ ဒီ၂၁ ပင်လုံနဲ့ပတ်သက်တဲ့ သဘောထားတွေအကုန်လုံးကို သူတင်ပြတယ်။

ဒီနိုင်ငံရေးမူဘောင်မဆွေးနွေးမီ NCA စာချုပ်ကို ပြန်လည်သုံးသပ်ဖို့ သူ့ကို ပြောတော့ သူပြောတာကတော့ NLD ရဲ့သဘောထားက ဒီစာချုပ်က ပြည့်စုံမှာမဟုတ်ဘူး။ တချို့က လိုအပ်ကောင်းလိုအပ်မယ်။ ဒါကြောင့်မို့ဆွေးနွေးနိုင်ဖို့ကတော့ ဖွင့်ထားတယ် ပြောတယ်။ ဒါမဲ့သူပြောတာက အဓိကဆွေးနွေးနေတဲ့ သဘောတူညီချက် NCA က တချို့က လက်မှတ်ထိုးပြီ။ မထိုးတာက ဒို့အဖွဲ့ပဲ။ ဒါသူတို့စာချုပ်က သိပ်ထူးထူးထွေထွေဆွေးနွေးစရာမဟုတ်ပဲနဲ့။ လက်မှတ်ထိုးနိုင်မယ့်သဘောမျိုးပဲ သူပြောတာ။ နောက် ဖယ်ဒရယ်ဆိုတာကတော့ ကျယ်ပြန့်တယ်တဲ့။ ဖယ်ဒရယ်က ဂျပန်မှာလည်းရှိတယ် ၊ ကုလားမှာလည်းရှိတယ်တဲ့။ အဲ့တော့ ဖယ်ဒရယ်ကို အတိအကျပြောလို့မရဘူးတဲ့ အခြေနေအရလုပ်ရတာပဲတဲ့။ ဘယ်ဖယ်ဒရယ်စစ်တယ်ဆိုတာ မရှိဘူးတဲ့။ သူတို့အနေနဲ့ကတော့ ဒီဖယ်ဒရယ်ဆိုတာ အထူးသဖြင့် ဒီဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲတဲ့နေရာမှာ ထွက်လာတဲ့ အချက်အလက် ကိုကောက်ယူပြီးတော့ ဖယ်ဒရယ်နဲ့ ကိုက်ညီအောင် လုပ်ဆောင်မယ်ပေါ့။ ဒေါ်စုက အဲ့လောက်ပြောတယ်။ ကျနော်တို့ လူဖြစ်လာတာ အကြာကြီးမနေရပါဘူးတဲ့။ လောကမှာ အသခါင်္ရတရားပဲတဲ့။ သေမယ် ပျောက်မယ်ပဲ။ လူကမသေမီ သမိုင်းမှာ တွင်အောင်လုပ်ပေးပါ။ အဲဒါတွေကို စဉ်းစားကြဖို့ ၊ ကွဲပြားခြားနားတာကို စည်းလုံးအောင်တည်ဆောက်ဖို့ ကျနော်တို့ မြန်မာပြည်မှာ မတူညီကွဲပြားတဲ့ လူမျိုးတို့ ဘာသာစကားတို့ အဲဒါတွေကို စည်းလုံးညီညွှတ်အောင်တည်ဆောက်ပါလို့သူပြောတယ်။ ခင်ဗျားတို့ ဘာတောင်းချင်လဲ တောင်းချင်တာတောင်း၊ ဒါပေမယ့် ရတာလဲ ရရင်ရမှာပေါ့တဲ့။ ပြီးတော့ ခင်ဗျားတောင်းသလောက်ရ မှာမဟုတ်ဘူးပေါ့တဲ့။ အထူးသဖြင့် ခင်ဗျားတို့က တောင်းတာထက် ငါက ငါ့တိုင်းပြည်အတွက် ဘာလုပ်ပေးနိုင်လဲ အဲ့ဒါကို စဉ်းစားပါတဲ့။ ဟိုတောင်းသည်တောင်း မလုပ်တာထက်ပေါ့လေ။

မေး ။ ။ ဒီ၂၁ပင်လုံမှာက NCA လက်မှတ်မထိုးတဲ့အဖွဲ့တွေပေါ့နော် ဒီနိုင်ငံရေးဆွေးနွေးပွဲတွေ နိုင်ငံရေးမူဘောင်တွေမှာ ဆွေးနွေးလို့ရတယ် သူတို့ရဲ့သဘောထားတွေကိုလည်း ထုတ်ပြန်လို့ရတယ် ဒါပေမယ့်တကယ် ဆုံးဖြတ်ချက်ချတဲ့နေရာမှာပါဝင်လို့မရဘူးလို့ သိရတယ်ပေါ့နော် အဲ့ဒါဆရာတို့အနေနဲ့ရော ဘယ်လိုသဘောထားရှိလဲ။
ဖြေ။ ။ ဒေါ်အောင်ဆန်းစုကြည်ပြောထားတဲ့ နိုင်ငံရေးလမ်းပြမြေပုံကို မနေ့က ကျနော်ရတယ်။ သူတို့စီစဉ်မယ်လို့တော့ ဖြစ်မယ်ထင်တာပေါ့နော်။ လမ်းပြမြေပုံကလည်း ရ ဆင့်ပဲ သူ့ဟာလည်း။ ကျနော်တို့တွေ့တော့ အဆင့် ၂ ရောက်သွားပြီ။ ဘာဖြစ်လို့လဲဆိုတော့ ရေးထားတာက UNFC ရဲ့ထိပ်သီးခေါင်းဆောင်တွေ ဒေါ်စုနဲ့တွေ့မယ်လို့တော့ရေးထားတယ်။ ဒေါ်စုနဲ့ တွေ့ပြီးနောက်ပိုင်း နိုင်ငံရေးမူဘောင်ကို ဆွေးနွေးမယ်။ နိုင်ငံရေးမူဘောင်မဆွေးနွေးမီ EAO ထိပ်သီးအစည်းဝေး ၊ EAO ပြီးရင် နိုင်ငံရေးမူဘောင်ဆွေးနွေးမယ် ။ နိုင်ငံရေးမူဘောင်အတည်ပြုလာပြီးလို့ရှိရင် လက်မှတ်ထိုးရမယ်လို့ သူပြောတယ်။ လက်မှတ်ဆိုတာက NCA လက်မှတ်ပေါ့ဗျာ။ လက်မှတ်ထိုးပြီးလို့ ရှိရင် ဒီနိုင်ငံရေးမူဘောင်ဆွေးနွေးပြီးတဲ့ဟာကို အတည်ပြုရမယ်။ အဲ့ဒါပြီးရင် ၂၁ရာစု ပင်လုံညီလာခံကိုတက်မယ်။ ဆိုတော့ သူ့ဟာက နိုင်ငံရေးမူဘောင်ကို တစ်ကြိမ်ဆွေးနွေးပြီ ဆွေးနွေးတော့ အတည်ပြုမယ်။ နောက်တစ်ကြိမ် အတည်ပြုချက်ကို ဒီ ၂၁ရာစု ဒီမတိုင်ခင်မှာ လက်မှတ်ထိုးပါပေါ့။ NCA လက်မှတ်ထိုးတဲ့ သဘောပေါ့။ ကျနော်တို့ ဒေါ်စုကို ပြန်မေးတာက ဒီပင်လုံကိစ္စက လက်မှတ်ထိုးပြီးမှရလား ဒါမှမဟုတ် လက်မှတ်မထိုးလည်းရလား လို့ပြောတော့ သူ့အနေနဲ့က လက်မှတ်ထိုးပြီးမှ ခိုင်မာမှုရှိတာပေါ့။ လက်မှတ်မထိုးရင် ခိုင်မာမှုမရှိဘူးပေါ့။ သဘောက လက်မှတ်မထိုးရင် တကယ်တရားဝင်ဆွေးနွေးမှုမရှိတဲ့ သဘောပဲ။ ဒါပေမယ့် လမ်းပြမြေပုံပြန်ကြည့်တော့ ပြောထားတာက နံပါတ် ၆ပေါ့။ နိုင်ငံရေးမူဘောင်ကိုဖြည့်စွက်ပြင်ဆင်ပြီး အတည်ပြုပြီးရင် လက်မှတ်ထိုးရမယ်။ ထိုးပြီးရင် ၂၁ ပင်လုံညီလာခံလက်မှတ်ပေါ့။ ကျနော်တို့က အစကတည်းကလည်းမသိဘူးပေါ့ ဒီကိစ္စ လမ်းပြမြေပုံကြည့်မှသိတယ်။ ဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် ဒီကိစ္စ အားလုံးက တပ်ပိုင်းမှာလည်း ထိုနည်းလည်းကောင်းပဲ၊ ၂၁ ပင်လုံညီလာခံမတက်ခင်မှာတော့ လက်မှတ်ထိုး။ လက်မှတ်မထိုးရင်တော့ ဒါတရားမဝင်သဘောမျိုးပဲ။

မေး ။ ။ ဒီအစိုးရသစ်ဦးဆောင်တဲ့ ဒီနိုင်ငံရေး ငြိမ်းချမ်းရေးဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး တော့မှ လုပ်ဆောင်နေတဲ့ဟာတွေပေါ့နော် ပြောင်းလဲမှုတွေ ရှိလာမယ်လို့ ဆရာတို့အနေနဲ့မျှော်လင့်သလားပေါ့။
ဖြေ ။ ။ ကျနော်တို့ကတော့ မပြောနိုင်ဘူး။ ဒါမယ့် စဉ်းစားရမှာပေါ့နော်။ အရင် သမ္မတဦးသိန်းစိန်လက်ထက်တုန်းက အစိုးရဖြစ်တာ လေးနှစ်တာ အတွင်းမှာ နိုင်ငံတော်တစ်ခုလုံးရဲ့ အဓိက ဥပဒေက ဒီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပဲ။ NLD အစိုးရ ရွေးကောက်ပွဲဝင်တော့ အပြတ်အသတ်နိုင်တာပဲလေ။ အစိုးရရဲ့ဒီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအောက်မှာပဲ နေနေရတယ်။ နေရတော့ ဒီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ တိုင်းပြည်ရဲ့ အုပ်ချုပ်ရေးလုပ်ငန်းအားလုံးက ဒီဖွဲ့စည်းပုံအခြေခံ ဥပဒေရဲ့အောက်မှာပဲရှိရမယ်။ ရှိတော့ ဒေါ်စုကတော့ ဘယ်လောက်ထိ လုပ်နိုင်မယ်တော့မသိဘူး။ ကျနေ်ာတို့လည်း မပြောတတ်ဘူး။ အခြေအနေကတော့ တော်တော်ရှုပ်ထွေးတယ်။ တော်တော်ခဲယဉ်းမယ်။ ဒီပုံစံအတိုင်းဆိုလို့ရှိရင်။ မျှော်လင့်ချက်ကလည်း သူတို့ဘယ်လို မျက်လှည့်ပြမလဲဆိုတာတော့မသိဘူး။ မျက်လှည့်ပြမလားဆိုတာကလည်း ဘယ်ကိုသွားမလဲ အခက်အခဲကို သွားမလား။ မျက်လှည့်ပြတယ်ဆိုတာက သူမအနေနဲ့ နည်းလမ်းတွေ လျောလျောရှုရှုနဲ့ရှိမလား။ ဆေးမီးတိုလမ်းတွေ ရှိမလားတော့ မသိဘူး။ လုပ်ငန်းလမ်းစဉ်ကို ကြည့်ရတာက အခက်အခဲအများကြီး ရှိတယ်။ ဘာဖြစ်လဲဆိုတော့ ဒီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်သည့် ကာလပတ်လုံး ၂၀၀၈ ဖွဲ့စည်းပုံရဲ့ အချိန် ဩဇာရဲ့ အောက်မှာပဲဆိုတော့ ကိုယ်လှုပ်ရှားနိုင်သလောက် ရချင်မှရမယ်။

မေး ။ ။ အဲဒါဆိုရင် လက်ရှိအစိုးရရဲ့ သွားနေတဲ့ နိုင်ငံရေးပုံစံ ၊ အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့မှ ဆရာတို့ KNPP အနေနဲ့သွားနေတဲ့ နိုင်ငံရေးအပိုင်းနဲ့ ပတ်သက်ပြီးတော့မှ လူထုတွေကို ချပြပေးလို့ ရမလား။
ဖြေ ။ ။ အထူးသဖြင့် ဒီကနေ့အခြေခံမှာက ပြည်တွင်းစစ်ဖြစ်တာက နှစ်ပေါင်း ၇ဝ နီးပါးရှိပြီ။ လူထုတစ်ရပ်လုံးပြည်တွင်းစစ်အောက်မှာပဲနေပြီးတော့ ဆင်းရဲနွမ်းပါးတာလည်း ကနေ့အထိပဲ။ ဆိုတော့ တိုင်းပြည်ကို ဒီထက်နည်းနည်းကောင်းအောင် ဘယ်လိုလုပ်ကြမလဲ လူထုကလည်း သဘောထားပေးမယ်လို့တော့ ပြောလို့မရဘူး။ ပြည်နယ်တိုင်းရှိတဲ့ တိုင်းရင်းသားတွေအားလုံး သဘောပေါက်နားလည်ပြီးတော့ ဒီကနေ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုင်းပြည်ရဲ့ တိုးတက်ဖွံ့ဖြိုးရေးကိစ္စ တိုးတက်လားမတိုးတက်လား၊ တကယ်ဟုတ်လာမဟုတ်လား။ ဒါလမ်းစဉ်မှန်လားမမှန်ဘူးလား ။ ပြည်သူတွေကလည်း သုံးသပ်ဝေဖန် ချပြဖို့လိုတယ်။ သမ္မတသိန်းစိန် လက်ထက်တော့ ပြီးသွားပြီ၊ ကနေ့ တက်လာတဲ့ NLD အစိုးရသစ်လက်ထက်မှာက အခြေအနေကိုသိဖို့။ သမ္မတသိန်းစိန်လက်ထက်က လုပ်ဆောင်တာ အားနည်းချက် အားသာချက် ကို သင်ခန်းစာယူပြီးတော့ ဒေါ်စုအစိုးရလက်ထက်မှာက အကောင်းဆုံးဖြစ်အောင်ဘယ်လိုလုပ်ကြမလဲ။ နည်းလမ်းရှာပေါ့။ တိုးတက်တဲ့နည်းလမ်းရှာ။ နည်းလမ်းမရှာနိုင်ဘူးဆိုလည်း မတတ်နိုင်ဘူးလေ။ လက်တွေ့နည်းလမ်းတွေ ရှိနေတာလည်း အကောင်အထည်မဖော်နိုင်တာတွေလည်းရှိတယ်။ လက်တွေ့အကောင်အထည်ဖော်နိုင်ရေုးလုပ်မယ် ။ ဒီလိုပဲ ရှိသမျှအခြေခံမူ လမ်းစဉ်တွေဘာတွေချ လက်တွေ့ အကောင်အထည်မဖော်နိုင်ဘူးဆိုရင် လူထုက အလကားဆင်းရဲသွားမယ်။ မတိုးတက်နိုင်ဘူး။

မေး ။ ။ ပြီးတော့ ဒီမိုင်ဂျာယန်မှာဆွေးနွေးပွဲတွေ လုပ်မယ့်ပေါ့နော် အဲ့ဒါ ဘုံသဘောတူညီချက်တွေ ဆွေးနွေးကြမယ်ဆိုတော့ အဲ့ဒီကနေပြီးတော့ ဘယ်လုိုသဘောတူညီချက်တွေ ရလာနိုင်မယ်လို့ မျှော်လင့်ရလဲ။
ဖြေ ။ ။ လက်မှတ်ထိုးတဲ့ အဖွဲ့သော်လည်းကောင်း မထိုးတဲ့အဖွဲ့သော်လည်းကောင်း နယ်စပ်မှာရှိတဲ့ အဖွဲ့သော်လည်းကောင်း ပါဝင်နိုင်ရေးလို့ ပြောကြတယ်။ ဒါက ရည်ရွယ်ချက်ပေါ့။ ဘယ်နှဖွဲ့တက်မယ်လို့တော့ မဆိုနိုင်ဘူး။ အဓိက မိုင်ဂျာယန် ဆွေးနွေးပွဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး အနာဂါတ်ဘဝ အာမခံချက်ရှိအောင် ဘုံသဘောတူညီချက်တစ်ခုရရှိဖို့ပဲ အဲ့ဒါရည်ရွယ်ချက်ပဲ အဲ့ဒါလုပ်တာ။

မေး ။ ။ လက်ရှိအစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့အချိန်မှာ ပြည်နယ်တွင်းမှာရှိတဲ့ လက်နက်ကိုင်အဖွဲ့အချင်းချင်းတွေရဲ့ အမျိုးသား ရင်ကြားစေ့ရေးကော ဘယ်လိုရှိလဲ။
ဖြေ ။ ။ အထူးသဖြင့် ကျနော်ထင်တာက ဒီအမျိုးသားပြန်လည်သင့်မြတ်ရေး ကျနော့်ဆီမှာလည်း ပြသနာတွေ ရှိတာပေါ့။ အဖွဲ့အစည်းက အများကြီးရှိတယ်။ ဆိုတော့ ဒီကိစ္စက လက်နက်ကိုင်အဖွဲ့စည်းတွေက ကျနော်တို့ လက်နက်အားကိုးတဲ့ဟာကို ပရမ်းပတာ မလုပ်နဲ့။ အဓိက အမျိုးသားရေး မတော်မသင့်တဲ့ဟာတွေကို ပြန်လည်သင့်မြတ်ကြဖို့ စည်းလုံးကြဖို့ပေါ့။ ဒေါ်စုဘက်ကလည်း ထိုနည်းလည်းကောင်းပဲ တပ်ကတချို့ကလည်း အရပ်ဘက်မှာ အများဖြစ်တယ်။ အများဖြစ်တဲ့ ပြသနာတွေကို စိတ်ထဲမှာမထားပါနဲ့ ပြန်လည်သင့်မြတ်ကြဖို့ ပြောတာပေါ့လေ။ အထူးသဖြင့် လက်နက်ကိုင်ပဋိပက္ခ ဖြစ်ရတာမဟုတ်ဘူး။ တချို့ဗမာပြည်ကလည်း ပြည်သူလူထုနဲ့ ဒေသအုပ်ချုပ်အစိုးရနဲ့ ကြားမှာ ပဋိပက္ခတွေအများရှိတယ်။ အထူးသဖြင့် ဗမာပြည်မှာ ။ ဒေါ်စုကဒါကို ရည်ရွယ်ပြီးတော့ ပြန်လည်သင့်မြတ်ရေးလို့ ပြောတာပေါ့လေ။

မေး ။ ။ လူထုငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ တင်ပြတာတွေ ရှိတာပေါ့နော်။ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ အခွန်ကောက်တာတွေ ရှိတာက ပြည်သူလူထုတွေ အတွက်ဝန်ထုပ်ဝန်ပို်းတွေ ရှိစေတာပေါ့နော်။ အဲ့ဒါတွေကလည်း အရင်က ပြည်နယ်အဆင့် ပစ်ခတ်ရပ်စဲရေးသဘောတူညီချက်တွေမှာလည်း ပါတယ်လို့ သိရတယ် ။ အဲ့လိုဆိုရင် သဘောတူညီချက်တွေကိုရော ချိုးဖောက်မနေဘူးလား။
ဖြေ ။ ။ ကျနော်တို့ သဘောတူညီချက်လို့မပြောဘူး။ ကြားကာလ သဘောက NCA လက်မှတ်ထိုးပြီး ကြားကာလမှာ ဘာလုပ်မလဲ။ ကျနော်တို့ ပြောတာက အရင်က ကျနော်တို့ စာချုပ်မူအရ ကျန်ုးမာရေး ၊ ပညာရေးကို ဆွေးနွေးနိုင်အောင် ကျနော်တို့ လုပ်မယ်။ တစ်စုံတစ်ရာ ကြားကာလ ပြီးတဲ့ကြားကာလ ၁ဝ နှစ်လားမသိဘူး။ ဒီကြားကာလမှာ အရင်က ကျနော်တို့ လုပ်ဆောင်တယ်။ ပြီးတော့ တကယ် ကျနော်တို့ နိုင်ငံရေးဆွေးနွေးပြေလည်ကျတော့ ဘယ်လိုပြောမလဲ အထူးဖြင့် တပ်ပေါ့။ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း ၆ ချက်တို့ ဘာတို့ အားလုံး။ ၆ ချက်က ကျတော်တို့ ပြန်ဖျက်မယ်။ ဒါပေမယ့် ကြားကာလ ဘာမှ သဘောတူညီချက် တစ်ခုမှမရဘူး။ အစိုးရသစ် မဖော်သမျှကာလပတ်လုံး ဒါကျနော်တို့ လုပ်ငန်းတာဝန်ပဲ ဘာမှပြောစရာမလိုဘူး။ အခွန်အကောက်ကောက်တာက ခင်ဗျားတို့ လက်မှတ်ထိုးပြီပဲ အခွန်အကောက်မကောက်နဲ့ ဒါလုပ်လို့မရဘူး။ အခွန်ကောက်တာ ခုမှကောက်တာမဟုတ်ဘူး။ ဟိုးအရင်ကတည်းက ကောက်လာတာ ။ ကောက်တော့ လူထုက ကျနော်တို့ကို မြင်တာက လူထုကလည်း သဘောက ကျနော်တို့လည်း လောလောဆယ်အနေထားမှာ ကျနော်တို့လည်း ဒါကို ဘယ်လိုပြောမလဲ အစိုးရကလည်းအခွန်ဆောင်ရွက်ဖို့ အလေ့ကျင့်ဖျောက်တယ်ဒါပဲ။ ကျနော်တို့လည်းကောက်တယ် လူထုက ဘာမှမပြောဘူး။ ဒါမဲ့ လူထုအနေနဲ့ မင်းတို့မကောက်နဲ့ မင်းတို့လက်မှတ်ထိုးပြီကောမင်းတို့သောင်းကျန်းတယ်။ သောင်းကျန်းမကျန်း နိုင်ငံရေးမပြေလည်သေးသ၍တော့ ကျနော်တို့ ကောက်မှာပဲ။ ကျနော်တိို့ကရင်နီ သဘာထဲမဟုတ်ဘူး။ အကုန်လုံးပဲ။ ကချင်လည်းတောင်းတယ် ၊ ရှမ်းလည်းတောင်းတယ် ၊ မွန်လည်း တောင်းတယ် ၊ ကရင်လည်းတောင်းတယ် ရခိုင်တို့တော့မသိဘူး။ ကျနော်တို့ အရှေ့ဘက်ခြမ်းကတော့ တောင်းတာပဲ။ အခွန်ကောက်တာပဲ။

မေး ။ ။ ပြည်နယ်အဆင့်တွေ ပြည်ထောင်စုအဆင့်တွေ ပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ်တွေ ထဲကပါရှိတဲ့ အချက်အလက်တွေမှာ နှစ်ဖက်စလုံးက ချိုးဖောက်နေကြတာတွေရှိနေတယ်လို့ ငြိမ်းချမ်းရေး လေ့လာစောင့်ကြည့်သူတွေက ပြောဆိုနေကြတယ်ပေါ့။ အဲ့ဒီအပေါ်မှာကော ဒီသဘောတူညီချက်တွေထဲက ဘာတိုးတက်မှုတွေ ရှိလဲ။
ဖြေ ။ ။ သဘောတူညီချက်က အကြမ်းဖျင်းပဲ ပြောတော့မယ်နော်။ ပြည်နယ်အဆင့် လက်မှတ်ထိုးထားတာ လေးနှစ်တောင်ရှိနေပြီ ကရင်နီက။ ဒါဖြင့် ကျနော်တို့ သဘောတူညီချက် အားဖြင့် လက်တွေ့တစ်ခါတစ်လေအကောင်ထည်ဖော်တာ မရှိပါဘူး။ ခုနချိုးဖောက်တာတွေက ကျနော်တို့ ချမှတ်တာမဟုတ်ဘူး။ စစ်ရေးပြတာတို့ ဘာတို့ ဥမာ ကရင်နီမှာ လက်နက်ကြီးချတာတို့ ထုတာတို့ ဖောက်တာတို့ အဲ့ဒီကိစ္စ လေယာဉ်တွေဘာတွေ လျှောက်ချတာတို့ သူများပြောတာ ချိုးဖောက်တာတို့ ဘာမှကျနော်တို့ သွားတင်လို့ အရေးယူဆောင်ရွက်ပေးနိုင်တဲ့ အနေထားမျိုးမရှိပါဘူး။ ကော်မတီဖွဲ့ပြီးတော့ ဒီချိုးဖောက်ရေးကိစ္စကို လေ့လာဖို့ ဖော်ထုတ်ဖို့ တကယ်မယ်မယ်ရရ ကျနော်တို့ ဘာမှမလုပ်နိုင်ဘူး။ ဆိုတော့ ယေဘုယျအားဖြင့်တော့ သဘောတူညီတာက သဘောတူစာရွက်မှာပဲ ရှိတယ်။ လက်တွေ့အကောင်ထည်မဖော်နိုင်ဘူး။

မေး ။ ။ ပြည်နယ်အစိုးရနဲ့ရော ပြည်နယ်တိုးတက်ရေးအတွက် တစ်စုံတစ်ရာ ပြောဆိုဆွေးနွေးတာမျိုး ၊ အတူတကွ လုပ်ဆောင်နေကြတာမျိုး ကိစ္စရပ်တွေရော ရှိလားမသိဘူးရှင့်။
ဖြေ ။ ။ ဒီအပိုင်းက ကျနော်တို့လုပ်တာလည်း သိပ်မရှိဘူး။ ကျနော်တို့လုပ်တာလည်း သူတို့ သိပ်လက်မခံဘူးပေါ့။ အထူးသဖြင့် ဘာဖြစ်လဲ အနည်းဆုံးပြည်နယ်အဆင့်လက်မှတ်ထိုးပြီးမကဘူး ပြည်ထောင်စုအဆင့်မှာ လက်မှတ်ထိုးရင်ထိုး။ ကျနော်တို့လည်းတင်ပြတယ်။ ပညာရေး ၊ ကျန်းမာရေး ၊ ဖွံ့ဖြိုးရေးကိစ္စတွေ ဒါပူးတွဲလုပ်ဖို့ ပြောတယ် ဒါမဲ့ ကနေ့ထိတော့ မယ်မယ်ရရမရှိပါဘူး။ ဥပမာ သဘောအရ ဂျပန်နဲ့ လူမှုရေးကိစ္စ အပြင်မှာတွေ့တာကို လူမှုရေးကိစ္စ အကူညီလုပ်တာကို ဆန်တို့ ၊ အဝတ်အစားပေးတာတို့ တချို့က အကောင်ထည်ပေးတယ်။ တချို့က မပေးဘူး။ အထူးသဖြင့် ဖွံ့ဖြိုးရေးကိစ္စ ကို ကျနော်တို့ပြောတယ်။ အရင်ကယားပြည်က အစိုးရ က ကျနော်တို့ကိုသိပ်လက်မခံချင်ဘူး။ ဂျပန်က ကျိုးပြုပေးတာတွေအများကြီးတောင်မလုပ်နိုင်တဲ့အပိုင်းတောင်ရှိတယ်။ သူတို့က ဘာပြောလဲ ခင်ဗျားတို့က NCA လက်မှတ်မှမထိုးသေးဘဲ မထိုးတော့ ကြန့်ကြာတယ်ပေါ့ သူက အကြောင်းပြတယ်။ ဆိုတော့ ဒီကြားကာလမှာ တချို့သော သဘောတူညီချက်တွေ လက်တွေ့အကောင်ထည်ဖော် လို့လည်းမရဘူး။ အထူးသဖြင့် ခုနက လူမှုရေးအကူညီ ကိစ္စ တွေမှာ အခက်ခဲတွေအများကြီးရှိတယ်။

Comments

comments

Next Post

ကရင်နီဒုက္ခသည် ဆိုုတာ

Mon Jul 25 , 2016
ဇွန်လှိုင်လ ၂ဝ ရက်နေ့မှာ ကျရောက်တဲ့ ကမာ္ဘ့ဒုက္ခသည်များနေ့ မှာ ထိုင်းမြန်မာ နယ်စပ်က လူဦးရေ ၁၅၀၀ဝ ခန့် ရှိတဲ့ ရင်နီဒုက္ခသည်စခန်း ၂ခု မှာ ရောက်ရှိနေကြတဲ့ စစ်ပြေး ဒုက္ခသည်တွေ ဘယ်လိုကြောင့် ဒုက္ခသည်စခန်းကို ရောက်ရှိလာတာလဲဆိုတဲ့ သူတို့ရဲ့ ရင်ဖွင့်သံ လေးတွေကို စုစည်းထား ပါတယ်။ စူးမယ် ရှားတောမြို့နယ် ဒေါစဲရွာမှ ၁၉၉၆ ခုနှစ်မှာ ကရင်နီ ဒုက္ခသည်စခန်းကို ရောက်ရှိလာတဲ့ အသက် ၈ဝ ဝန်းကျင် မော်ဘော်မယ် “ဗမာစစ်တပ်တွေ မောင်းထုတ်လို့ ပြေးလွားရင်း ထွက်လာတာ။ သစ်ပင်အောက်မှာပဲ လျောက်အိပ်ရတယ်။ ပုရွက်ဆိတ်လည်းကိုက် ခြင်တွေလည်းကိုက်နဲ့။ ခြုံထဲမှာလဲ အိပ်ရတယ်။ တောထဲမှာ မအိပ်ချင်တော့ဘူး။ […]