spot_img
Friday, March 24, 2023
spot_img

ကရင်နီစစ်ရှောင်များ ရိက္ခာမဖူလုံမှု ပိုမို ကြုံနေရဟုဆို

spot_imgspot_imgspot_imgspot_img

ကန္တရဝတီတိုင်း(မ်)


ကရင်နီပြည်မှာ စစ်ရှောင်ကာလ တစ်နှစ်ကျော်ရှိသွားပြီဖြစ်တဲ့အတွက် စစ်ရှောင်တွေဟာ စားနပ်ရိက္ခာနဲ့ပတ်သက်ပြီး မဖူလုံမှု များပြားလာတာတွေကို ကြုံတွေ့နေရတယ်လို့ KSCC လူသားခြင်းစာနာထောက်ထားမှုကော်မတီ ပြောခွင့်ရ ဆရာဗညားက ပြောပါတယ်။

“ဒီးမော့ဆိုအနောက်ဘက်ခြမ်းရယ် ဖရူဆိုအနောက်ဘက်ခြမ်းမှာ စားနပ်ရိက္ခာပိုပြီးတော့ ကျပ်တည်းလာတယ်ဆိုတဲ့ဟာကို ကျနော်တို့ တွေ့ရတယ်။ အဲ့ဒါနံပါတ် ( ၁ ) တစ်ချက်၊ နံပါတ် ( ၂ ) တစ်ချက်က စားနပ်ရိက္ခာက စခန်းတိုင်း လိုလိုမှာက စခန်းတစ်ခုလုံး ပြတ်လပ်တာမျိုး မဟုတ်ဘူးပေါ့နော။ ကုန်သွားတာမျိုးမဟုတ်ဘူး။ ဒါပေမယ့် တချို့စခန်းထဲမှာ ရှိနေတဲ့ လူတွေ မိသားစုဝင်တွေ စတဲ့အခံပေါ့နော။ အခံဆိုတာက အစကတည်းက မိသားစု စီးပွားရေးတင့်တင်းမှုမရှိပဲ မိသားစုဝင်တွေကြားထဲမှာကတော့ အခံမကောင်းဘူးပေါ့နော။ သူများဒီလိုမျိုး လိုအပ်ရင် သွားဝယ်စားနိုင်မယ့် အခြေအနေမျိုး မရှိတော့ ပေးတဲ့ဟာပဲ အခြေခံပြီးတော့ မူတည်ပြီးတော့ အလုံးစုံကို အားကိုးနေရတဲ့ အတွက်ကြောင့်မလို့ ကျနော်တို့ ပေးတဲ့ ပမာဏက တခါတလေကျရင် မတူဘူးပေါ့နော။ ပေးတဲ့လူ အဖွဲ့အစည်းတွေ မတူဘူး။ ပေးတဲ့ အချိန်မတူတော့ သူတို့မှာ တစ်လ၊ တစ်လစာ မဖူလုံမှုတွေတော့ ရှိတယ်ပေါ့နော။” လို့ ဆရာဗညားက ပြောပါတယ်။

ဒါ့အပြင် လက်ရှိ နိုင်ငံရေးအခြေအနေအရ အလှူရှင်နည်းပါးလာတာတွေ၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး ကုန်စျေးနှုန်းတွေ စက်သုံးဆီစျေးနှုန်းတွေ မြင့်တက်လာနေတဲ့အတွက်ကြောင့် စားနပ်ရိက္ခာတွေကို ထောက်ပံ့တဲ့နေရာမှာ အခက်အခဲရှိနေတယ်လို့ ဆရာဗညားက ဆက်ပြောပါတယ်။

ကရင်နီပြည်မှာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ဘေးရှောင် နှစ်သိန်းတစ်သောင်းအထိ ရှိလာပြီး စစ်ဘေးရှောင်စခန်း ၂၂၉ခုမှာ ပြန့်ကျဲနေထိုင်ကြတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ရဲ့ ကောက်ယူထားတဲ့ အချက်အလက်အရ သိရပါတယ်။

စစ်ရှောင်စားနပ်ရိက္ခာတွေကို ထောက်ပံ့နိုင်ခဲ့ပေမယ့် ဇွန်လကစပြီး စားနပ်ရိက္ခာတွေကို တစ်ဝက်နှုန်းလျော့ချ ထောက်ပံ့ခဲ့ရတယ်လို့ ကရင်နီစစ်ဘေးရှောင်ကူညီသူတစ်ဦးက ပြောပါတယ်။

“ဥပမာ ပုံမှန် ဝေနေကျ တစ်ဦးကို ငါးပြည်ဆိုလို့ရှိရင် နှစ်ပြည်လောက်ပဲ ရှိတော့တယ်ပေါ့နော။ နှစ်ပြည်လောက်ပဲဖြစ်သွားတယ်။ ဥပမာ ဆီဆိုရင် အစိတ်သားဆိုရင် ဆယ်ငါးကျပ်သားလား။ ၁၈ကျပ်သားပေါ့နော။ ပဲဆိုရင်လည်း ပုံမှန်ဝေနေကျ ၅၀သား ဝေနေကျဆိုရင် ၂၀သား အဲ့ဒီလိုမျိုး လျော့ကျသွားတယ်။ ခုနက ပြောသလို စားနပ်ရိက္ခာ ကုန်စျေးနှုန်းပဲ မဟုတ်ဘူး။ ဒီလမ်းပန်းဆက်သွယ်ရေးပေါ့။ ဒီစက်သုံးဆီတွေပေါ့နော။ ကုန်စျေးနှုန်းတက်တဲ့အတွက် ဒီလမ်းပန်းဆက်သွယ်ရေးမှာ အရမ်းနဲ့ စျေးနှုန်းမြင့်တက်တာဖြစ်တဲ့အတွက် အများကြီးလျှော့ပစ်ခဲ့တာတွေ ရှိတယ်ပေါ့။” လို့ ၎င်းက ပြောပါတယ်။

စစ်ရှောင်စခန်းတွေမှာ ဆန်ကို အဓိက ထောက်ပံ့ပေးနေတာဖြစ်ပြီး အရေးပေါ်အနေနဲ့ စစ်ရှောင်တွေအတွက် ဆန်တွေကို သိုလှောင်ထားပေးနိုင်မှု မရှိသေးဘူးလို့ ဆိုပါတယ်။ ဒီးမော့ဆို အနောက်ဘက်ခြမ်း စစ်ရှောင်တစ်ဦးကလည်း လက်ရှိ စားနပ်ရိက္ခာအခြေအနေနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

“ကျွန်မနေတဲ့စခန်းမှာတစ်ချို့ကဆန်ပြတ်နေတယ် အကုန်လုံးတော့မဟုတ်ဘူးပေါ့။ အလှူရှင်မရောက်တာလည်းကြာပြီ ဆန်ပြတ်လူတွေကို စခန်းထဲမှာအရေးပေါ်ဆန်ထားတဲ့ဟာ ပေးတာတွေရှိတယ်။ တစ်ချို့က ရှိတဲ့လူဆီကနေချေးယူတယ် တစ်ချို့ကပိုက်ဆံချေးပြီး၀ယ်တယ်။ ၀င်ငွေလည်းမရှိဘယ်လိုပြန်ပေးရမလဲမသိတော့ဘူးပေါ့။ ” လို့ စစ်ရှောင်တစ်ဦးက ပြောပါတယ်။

စစ်ဘေးရှောင်တွေဟာ ဝင်ငွေရ အလုပ်အကိုင်လည်း မရှိတာကြောင့် လက်ရှိအခြေအနေအတိုင်းဆက်သွားရင် ရိက္ခာပြတ်လပ်ပြီး ငတ်မွတ်တာမျိုးတွေ ဖြစ်လာနိုင်တယ်လို့ ဆရာဗညားကပြောပါတယ်။

စစ်ရှောင်ကာလ ကြာလာတာနဲ့အမျှ ကုန်စျေးနှုန်းမြင့်တက်တဲ့ ဒဏ်ကို ခံနေရတဲ့ စစ်ဘေးရှောင်တွေဟာ စားနပ်ရိက္ခာအတွက် အလှူရှင်တွေကိုသာ အဓိက မှီခိုအားထားနေရတယ်လို့ ဆိုပါတယ်။

စစ်ရှောင်စခန်းတွေကို တစ်ဦးချင်းစီလှူဒါန်းနေတာတွေရှိသလို အစုအဖွဲ့လိုက် လှူဒါန်းနေသူတွေဟာလည်းရှိပါတယ်။ အလှူရှင်တွေဟာ စားနပ်ရိက္ခာပိုင်းကို လှူဒါန်းနေသူတွေသလို စစ်ရှောင်တွေရဲ့ အခြေခံလိုအပ်တွေနဲ့ ပညာရေးလိုအပ်ချက်တွေကို ထောက်ပံ့ပေးတဲ့သူတွေလည်း ရှိပါတယ်။

spot_imgspot_imgspot_imgspot_img

More from the blog

ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို လေကြောင်းတိုက်ခိုက်ပြီး နေအိမ် ( ၁၀၀ ) ဝန်းကျင် မီးလောင်ပျက်စီး

ကန္တာရဝတီ တိုင်း(မ်) ဒီကနေ့ မတ်လ ၂၄ ရက်နေ့ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း တစ်နေရာကို စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် တိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ကန္တာရဝတီတိုင်း(မ်)ရဲ့ မြေပြင်သတင်းထောက်မှ သတင်းပေးပို့ချက်အရ သိရပါတယ်။ ကျေးရွာတစ်ရွာထဲကို ယနေ့ နေ့လည် ၁၂ နာရီ မိနစ် ၄၀ ဝန်းကျင်မှာ...

စစ်ကောင်စီစစ်ကြောင်းထိုးမှုကြောင့် ကရင်နီ စစ်ရှောင်ဦးရေ နှစ်သိန်းခွဲအထိ ရှိလာ

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးမှုတွေကြောင့် စစ်ရှောင်ပြည်သူ နှစ်သိန်းခွဲအထိ ရှိလာပြီလို့ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ(KSCC) ရဲ့ လူသားချင်းစာနာထောက်ထားမှုကော်မတီ တာဝန်ခံ ဦးဗညားက ပြောပါတယ်။ “အနည်းဆုံးကတော့ ၂သိန်းခွဲရှိသွားပြီလို့ ကျနော်တို့က ယတိပြတ်ပြောလို့ရသွားပြီပေါ့နော။ ဘာဖြစ်လို့ အဲ့လိုပြောရတာလဲဆိုရင်တော့ အရင်က ၂ သိန်းဝန်းကျင် ရှိတယ်လို့ ခန့်မှန်းခဲ့ကြတယ်။ ဒီလိုမျိုးခန့်မှန်းချက်ကလည်း မြို့နယ်အလိုက်...

ဒီးမော့ဆိုအရှေ့ဘက် (၂)ပတ်ကျော် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ တစ်ရာဝန်းကျင် သေဆုံးပြီး ပူးပေါင်းတပ်မှ (၄)ဦးကျဆုံး

ကန္တာရဝတီတိုင်း(မ်) ဒီးမော့ဆိုအရှေ့ဘက်ခြမ်းမှာ မတ်လ ဒုတိယအပတ်ကနေစပြီး စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားနေတာ ၂ပတ် ကျော် ရှိလာပြီဖြစ်ပါတယ်။ အဲဒီတိုက်ပွဲတွေအတွင်းမှာ နှစ်ဖက် ထိခိုက်ကျဆုံးမှုတွေ ရှိနေပြီး စစ်ကောင်စီဖက် တစ်ရာဝန်းကျင်သေဆုံးပြီး ပူးပေါင်းတပ်မှ (၄)ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။ “ အရေအတွက်တော့ မသိဘူး။ ဒါပေမယ့် အကျအဆုံးတော့...

ဒီးမော့ဆိုအရှေ့ဘက်ခြမ်းတိုက်ပွဲအတွင်း KNDF တပ်ရင်း (၁၀)မှ ရဲဘော်နှစ်ဦးကျဆုံး

ကန္တာရဝတီတိုင်း(မ်) တိုက်ပွဲနေ့စဉ်ဖြစ်ပွားနေတဲ့ ကရင်နီပြည် ဒီးမော့ဆိုအရှေ့ဘက်ခြမ်းရှိ ဒေါညေးခူ၊ ဒေါတမကြီးကျေးရွာတိုက်ပွဲအတွင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ( KNDF ) တပ်ရင်း (၁၀)မှ ရဲဘော်နှစ်ဦး ကျဆုံးခဲ့တယ်လို့ KNDF တပ်ရင်း (၁၀)က ဒီကနေ့ ( မတ်လ ၂၄ ရက်နေ့) မှာ သတင်းထုတ်ပြန်ပါတယ်။ စစ်ကြောင်းသုံးကြောင်းနဲ့ ထိုးစစ်ဆင်လာတဲ့...