spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီတွင် ပိတ်မိနေတဲ့ စ.က.စ ယာဉ်တန်းယနေ့တိုင် မကယ်ထုတ်နိုင်သေး

စကစယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ရန် စောင့်နေသော KA စစ်သည်တစ်ဦး (Photo: Ktimes)

မော်မီမြာ / ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် လွိုင်ကော်-မော်ချီးကားလမ်းမကြီးတလျောက် ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီအနေနဲ့ပြီးခဲ့တဲ့ မေလ အလည်လောက်ကနေ လူအင်အား၊ လက်နက်ခဲယမ်းအင်အားနဲ့ ရိက္ခာတွေ စတင်ဖြည့်တင်းခဲ့တာကိုတွေ့ရပါတယ်။

စ.က.စရဲ့ ထောက်ပို့ယာဉ်တန်း အစီး(၄၀)ကို ကရင်နီ အမျိုးသားများကာကွယ်ရေးတပ်(KNDF) နဲ့ ကရင်နီတပ်မတော် (KA) ပူးပေါင်းတပ်တို့ကနေ မေလ ၃၀ရက်နေ့ကစပြီး ကြားဖြတ်တိုက်ခိုက်မှုတွေပြုလုပ်တဲ့အတွက် မေလ ၃၀ရက်နေ့ကတည်းက ဘောလခဲဘက်ကနေ လွိုင်ကော်ဘက်သို့ ဦးတည်လာတဲ့ ယာဉ်တန်း အစီး(၄၀)ဟာ ယနေ့ ဇွန်လ(၁၅)ရက်ထိ လွိုင်ကော်ကို မရောက်သေးပဲ ပိတ်မိလျက်ရှိနေပါတယ်။

ဖရူဆိုမြို့နယ် ၊ ဘောလခဲမြို့နယ် ဖက် ရိက္ခာ၊ လက်နက်ခဲယမ်းတွေ ဖြည့်တင်းဖို့အတွက် သွားလာတဲ့ စစ်ကောင်စီရဲ့ ထောက်ပို့ယာဉ်တန်းတွေ ဟာ ကရင်နီဒေသခံ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုကြောင့် ၁၅ရက် ကြာတဲ့ အထိ လွိုင်ကော်မြို့ကို ပြန်တက်လာနိုင်ခြင်းမရှိသေးပါဘူး။

“ကျနော်တို့ သဘောကတော့ သူတို့ ဘယ်နေရာပဲ ပြန်ပြန် တပ်မ ၆၆ က ကရင်နီမှာ လုပ်ထားတဲ့ ပြစ်မှုတွေ အများကြီးရှိတယ်။ အဲ့တော့ အတတ်နိုင်ဆုံး တစ်ယောက်မှ ပြန်မထွက်နိုင်အောင် ကျနော်တို့ ကြိုးစား လုပ်ဆောင်ပြီး တိုက်ခိုက်သွားမှာ ဖြစ်တယ်” လို့ KNDF ဗဟိုကော်မတီဝင် တစ်ဦး ဖြစ်တဲ့ ကိုသိုက်က ပြောပါတယ်။

မေလ ၃၀ရက်နေ့ကနေ ဇွန်လ ၃ရက်နေ့အထိ ဖရူဆိုမြို့နယ် ကားလမ်းမတစ်လျောက် ကြားဖြတ်တိုက်ခိုက်ခြင်းခံရတဲ့အတွက် စ.က.စ စစ်ကား ငါးစီးဖျက်ဆီးနိုင်ခဲ့ပြီး နှစ်စီး သိမ်းဆည်းရမိတဲ့အပြင် လက်နက်ငယ်(၄)လက်၊ Anti-Drome Jammer တစ်လက်၊ လက်နက်ကြီး ၊ လက်နက်ငယ် ၊ ကျည်အချို့ နဲ့ မြေမြှပ်မိုင်း တို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။

အထိနာနေတဲ့ စ.က.စယာဉ်တန်းကိုကူနိုင်ရန် ဇွန်လ ၂ရက်နေ့က ဂျက်တိုက်လေယာဉ်နဲ့ ခြောက်ကြိမ်တိတိ ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး ဇွန်လ ၃ရက်နေ့မှာလဲ ဂျက်တိုက်လေယာဉ်နဲ့ ရှစ်ကြိမ်တိုင်လာရောက်ပစ်ကူခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ မေလအတွင်းမှာလည်း ဖားဆောင်း၊ ဘောလခဲမြို့နယ်တွေဘက်ကို ရိက္ခာပို့ဆောင်နေခဲ့စဉ်တုန်းကလဲ ကရင်နီ ဒေသခံ ကာကွယ်ရေး ပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်မှုခံခဲ့ရကာ မေလအတွင်းနဲ့ ဇွန်လပထမပတ် အထိ စစ်ကားအစီး ၄၀ ဝန်းကျင် ပျက်စီးတာတွေရှိခဲ့တယ်လို့ KNDF ထံကသိရပါတယ်။

“ကျနော်တို့ လောလောဆယ် ရပြီးတော့ ပြန်အသုံးပြုနိုင်တာ ၄စီး ရှိတယ်။ KA နဲ့ KNDFပေါ့နော။ မီးရှို့ နိုင်တဲ့ဟာတွေ ရယ် မိုင်းထိလို့ မှောက်သွားတာရယ် ပျက်စီးသွားတာတွေရော သူတို့ပြန်ဆွဲသွားတာတွေရော သူတို့ ယာဉ် အစီးပေါင်း ၃၀ကျော် ၄၀ လောက် ပျက်စီးပြီထင်တယ်” လို့ ကိုသိုက်က ပြောပါတယ်။

ဒီးမောဆိုနှင့် ဘောလခဲအကြားမြင်တွေ့ရသော စ.က.စ စစ်ယာဉ်တန်း (Photo: KNDF/B-15)

စစ်ကောင်စီဟာ မော်ချီး- ဖားဆောင်း- ဒီးမော့ဆို- လွိုင်ကော် ကားလမ်းတလျောက် ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတာနဲ့ပတ်သက်ပြီး ကရင်နီပြည်အစိုးရ ကာကွယ်ရေး ဒု-ဝန်ကြီးဖြစ်တဲ့ ခူဒယ်နီယာယ်က ခုလိုပြောပါတယ်။

“စစ်ကောင်စီဖက်ကတော့ သူတို့ လွိုင်ကော်-မော်ချီး ကားလမ်းကို သူတို့ ပြန်ထိန်း ချုပ်ဖို့ ကြိုးစားနေတယ်။ အရင်တုန်းက စပြီးတော့မှ တိုက်ပွဲတွေ စဖြစ် အရေးအခင်းတွေ စဖြစ်တော့ ဒီလမ်းက KNDFတို့ KAတို့က ထိန်းထားတာပေါ့လေ။ ဒီနောက်ပိုင်းကတော့ ဒီလမ်းကို ပြန်ထိန်းနိုင်ဖို့ က သူတို့လမ်း ထိုးဖောက်တာဖြစ်တယ်။ အခုလောလောဆယ်လည်း သူတို့ ထိန်းနိုင်ပြီလည်း မဟုတ်ဘူး။ သို့သော် လမ်းပေါ်မှာကတော့ သူတို့ တချို့ ရောက်နေတယ်။ တိုက်ပွဲလည်း မကြာခဏ ဖြစ်နေတယ်။ နေ့တိုင်းလိုလို ဖြစ်နေတော့ ဒါက ဘယ်သူက အတိအကျ ထိန်းထားမလဲ ဆိုတာက ပြောလို့ မရဘူး”

ဇွန်လ ၁၀ ရက်နေ့ကနေ စတင်ထိုးလာတဲ့ စစ်ကောင်စီ ခြေလျင် စစ်ကြောင်း ဟာဆိုရင် အင်အား ၁၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုး နေပြီး လက်ရှိအချိန်ထိ (ဇွန်လ ၁၅) ဖရူဆို ဒေါညေးခူ ကျေးရွာ အနီးတစ်ဝိုက် မှာ စစ်ကြောင်းထိုး တပ်စွဲလျက်ရှိနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီ နေရာတဝိုက်မှာပဲ ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေ ၃ ရက်ဆက်ဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲအပြီးမှာလည်း လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်တာကြောင့် ဒေသခံတွေနေအိမ်နဲ့ ဘာသာရေး အဆောက်အဦးတွေ ထိခိုက်ပျက်စီးတာတွေရှိခဲ့ပါတယ်။

ဒါ့အပြင် ယမန်နေ့ ဇွန်လ ၁၄ ရက်နေ့ကလည်း ဒေါညေးခူကျေးရွာ က နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ ၊ နေအိမ်ဖောက်ထွင်း တာတွေကို ပြုလုပ်ခဲ့ပါတယ်။

KNDFသတင်းနဲ့ ပြန်ကြားရေး ထုတ်ပြန်ချက်အရ စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်မှု တွေမှာ မေ (၁ ကနေ ၇) ရက်အတွင်း စစ်ကောင်စီ ၄၄ ဦး၊ ဇွန်လ (၁ ကနေ ၂) ရက်အတွင်း ၅ဦး၊ နဲ့ ဇွန်လ (၁၀ ကနေ ၁၂)အတွင်း ၁၀ ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။ သို့ပေမယ့် စစ်ကောင်စီ ထိခိုက်ဒဏ်ရာ၊ သေဆုံးမှုတွေ က အများကြီး ပိုနိုင်တယ်လို့ဆိုပါတယ်။

“အဲ့တော့ တပ်မ ၆၆ ရဲ့ မိသားစုဝင်တွေလည်း သူတို့ရဲ့ သား၊သမီး သူတို့ရဲ့ ညီအစ်ကို မောင်နှမ သူတို့ရဲ့ လင်ယောင်္ကျားတွေ မသေစေချင်ဘူးဆိုလို့ရှိရင် CDMလုပ်ခိုင်းဖို့ CDMမလုပ်ခိုင်းဘူးဆိုလို့ရှိရင်တော့ ခင်ဗျား အိမ်ပြန်တဲ့ လမ်း မှာ အခုသူလာတဲ့ တစ်ဝက်တောင် ကျန်မှာ မဟုတ်ဘူးလို့ နော။ အခုလည်း နေ့တိုင်း သေနေတာပဲ သူတို့ဖက် နေ့တိုင်းသေတယ်” လို့ ကိုသိုက်က ဆိုပါတယ်။

စစ်ကောင်စီယာဉ်တန်းတိုက်ခိုက်မှုတွေမှာ ကရင်နီဒေသခံ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဖက်လည်း ထိခိုက်ဒဏ်ရာရတာတွေ ရှိပြီး မေလ ၆ရက်နေ့ ဖရူဆို၊ လောကျေခူ ကျေးရွာ အနီးတိုက်ပွဲမှာ KNDFရဲဘော် တစ်ဦး ကျဆုံးခဲ့ပါတယ်။

ကြားဖြတ်တိုက်ခိုက်ခြင်းခံရတဲ့ စ.က.စ ထောက်ပို့ယာဉ်တန်းအစီး(၄၀)ထဲမှ လက်ရှိ အစီး ၃၃စီးဟာ ဖရူဆိုမြို့နယ် အမှတ်(၁၄)စစ်သင်တန်းကျောင်းထဲသို့ ဝင်ရောက်သွားပြီး လွိုင်ကော်ဘက်သို့မတက်နိုင်ပဲ ပိတ်မိနေသေးကြောင်း မြေပြင်သတင်းအချက်အလက်များအရသိရပါတယ်။

spot_img
spot_img